Wednesday, March 25, 2015

၁၅ ကြိမ်မြောက် မဟာသင်္ကြန်ပွဲတော် ကျင်းပရေး


 မြန်မာအသင်း(ကိုရီးယား)

၁၅ ကြိမ်မြောက် မဟာသင်္ကြန်ပွဲတော် ကျင်းပရေး

၂၀၁၅ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ (အကြိုနေ့)တွင် ကိုရီးယားနိုင်ငံ ဘူချွန်းမြို့ မြို့မအားကစားကွင်း 부천종합운동장 မှာ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ၁၅ ကြိမ်မြောက် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မြန်မာအသင်း(ကိုရီးယား)မှ ကြီးမှူးကာ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေး အဖွဲ့အစည်းများမှ စုပေါင်းကျင်းပပါမယ်။
စတုဒိသာ မဏ္ဍပ်များ
ပွဲတော်မှာ ပါဝင်ပြီး စတုဒီသာများ ကျွေးမွေးနိုင်ရန်အတွက် မဏ္ဍပ်များ ရယူနိုင်မည့် အဖွဲ့အစည်းများ အနေနဲ့ ကြိုတင် စာရင်းပေးသွင်းရန် မြန်မာအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ရင်ထံသို့ မတ်လ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
စည်းကမ်းရှိရှိ ပျော်ပျော်ပါးပါး
ဒီနှစ် သင်္ကြန်မှာ ကိုရီးယားနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ ဥပဒေများအရ လူအများပါဝင်တဲ့ ပွဲတော်တွေတိုင်းမှာ အရက်သေစာ သောက်စားမူးယစ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းအောင် စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ခြင်းများကို ကိုရီးယား အစိုးရအနေနဲ့ လုံးဝ လုံးဝ ခွင့်မပြုပါ။ တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။ အဲဒါကြောင့် ဒီနှစ် သင်္ကြန်မှာ စည်းကမ်းတကျ ပျော်ရွှင်ကြပါရန် လေးစားစွာနဲ့ အသိပေးပါတယ်။
လူမှုအကျိုးဆောင်
အဲဒါအပြင် သင်္ကြန်ပွဲတော်ကို ပျော်ပျော်ပါးပါးနဲ့ စည်းကမ်းတကျ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးမယ့် လုပ်အားပေး လူမှုအကျိုးဆောင် Volunteer များ လိုအပ်ပါတယ်။ Volunteer အဖြစ် ကူညီပေးကြမယ့် သူများကို ဖိတ်ခေါ်ပါတယ်။ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းအပ်ပါတယ်။ ကူညီပေးမယ့်သူများ အနေနဲ့ မြန်မာအသင်း ဥက္ကဋ္ဌဆီမှာ ဆက်သွယ် စာရင်း ပေးသွင်းနိုင်ပါတယ်။
ညှိနှိုင်းစည်းဝေး
၂၀၁၅ ခုနှစ် ဧပြီလ ၅ ရက်နေ့ နေ့လယ် ၁ နာရီတိတိတွင် ပါဝင်ဆင်နွဲမည့် မဏ္ဍပ်ယူမည့်သူများ၊ ဖျော်ဖြေရေး အဖွဲ့များ၊ လုပ်အားပေးကြမည့် သူများနှင့် အခြား သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အားလုံးနဲ့ ညှိနှိုင်း စည်းဝေးမှာကြမှာမို့ အစည်းအဝေးကျင်းပမယ့် မြန်မာအသင်းရုံးခန်းသို့ မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ခေါ်ပါတယ်။ အထူးသဖြင့် မဏ္ဍပ်တာဝန်ခံများအနေနဲ့ မပျက်မကွက် တက်ရောက်ပေးပါရန် တကယ်လို့ မတက်ရောက်ပါက မဏ္ဍပ်စာရင်းမှ ပယ်ဖျက်မည် ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။

သိလိုတဲ့ အချက်များကို မေးမြန်းရန် အောက်ပါ ပုဂ္ဂိုလ်များနဲ့ ဆက်သွယ်နိုင်ပါတယ်။

ဦးခင်မောင်ရင် (ဖုန်း) 010- 2788-7153
ဦးသန့်ဇင်အောင် (ဖုန်း) 010- 9054-4727
ဦးဝင်းနိုင်ဦး (ဖုန်း)  010- 8648-4533

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဒဏ်ကြေး အာမခံငွေ (가납금) ဘယ်လို ပေးသွင်းကြရမှာလဲ

လွန်ခဲ့တဲ့ စနေည ဆိုင်ပိတ်ခါနီးမှာ ၊ မြန်မာ အီးနိုင်းကိုကို တစ်ယောက် ၊ အကူအညီတစ်ခု တောင်းချင်လို့ ဆိုပြီး ခွင့်တောင်းပါတယ် ။ ပြော-ညီလေး ဆိုတော့ ၊ တရားရုံးကစာလာလို့တဲ့ စာကို ထုတ်ပြတယ် ။
အဲသည်ဖြစ်စဉ် နှင့် ပတ်သက်ပြီး အခြားသော အီးနိုင်း ညီငယ်တွေလည်း သိရှိ ဆင်ခြင် နိုင်ကြစေဖို့ သည်စာကိုရေးပါတယ် ။
ဖြစ်စဉ်ကတော့ ၊ အင်တာနက် ကြည့်ကြ ။ ဖေ့စ်ဘွတ်ကြည့်ကြ ၊ ပုံတွေ တင်ကြ ၊ ရှယ်ကြတယ် ။ အဲသည်မှာ ခလေးသူငယ် များ မမြင်အပ်တဲ့ ပုံတွေ ၊ တင်ကြ ရှယ်ကြ ၊ ဖုန်းထဲမှာ သိုလှောင်ထားကြရာမှာ (아동•청소년의 성보호에 관한 법률) ခလေး နှင့် သူငယ် လိင် စောင့်ရှောက်ရေး ဆိုင်ရာ ဥပဒေ နှင့်ငြိပြီး ဖြစ်တဲ့အမှုပါ ။
- အမှုတွဲမှာ ပူးတွဲစွပ်စွဲခံရသူ အားလုံးပေါင်း ၄ ယောက် ၊ မြန်မာတွေချည်းပါပဲ ။ ၃ ယောက်ကတော့ ပြန်သွားကြပြီ ။ လွန်ခဲ့တဲ့လ ဗီဇာ ကုန်လို့ ဗီဇာ သွားတိုးကြရာမှာ အမှု ရှိလို့ဆိုပြီး လဝက က ဗီဇာ တိုးမပေးတော့ဘဲ ၊ ပြန်သွားကြရတယ်လို့ ဆိုပါတယ် ။ သူကတော့ လာမယ့် ၄ လပိုင်းမှာ ဗီဇာကုန်မယ် ။
- လွန်ခဲ့သော နှစ် ၉ လပိုင်း ၊ တစ်နေ့ အခန်းသို့ ရဲတွေ ရောက်လာပြီး ၊ ဖုန်းတွေကို ယူစစ်ကြောင်း ၊ ပြန်သွားကြပြီဖြစ်သည့် ၃ ဦးသော ဖုန်းတွေ ထဲမှာတော့ ခလေးသူငယ်များ မမြင်အပ်တဲ့ ပုံတွေ သိုလှောင်ထားတာကို တွေ့သွားကြောင်း ။ နောက် (ယခုကျန်သူ) ရဲ့ ဖုန်းထဲမှာတော့ အဲဒါမျိုးမတွေ့ ။ သို့သော်လည်း ဖေ့စ်ဘုတ် အကောင့်တစ်ခု ကို ညွှန်ပြကြောင်း ၊ ၄င်းဖေ့စ်ဘုခ်မှာ ယခင်က ၄င်းအသုံးပြုခဲ့ဖူးသော အကောင့် ဖြစ်နေကြောင်း ၊ ၄င်းအကောင့် တွင် တင်ထားသော ကလေးသူငယ်များ မမြင်အပ်သည့် ပုံများမှာ ၄င်းတင်ခဲ့သော ပုံများ မဟုတ်လားဟု ထောက်ပြမေးမြန်းရာ မှန်ကြောင်း ဝန်ခံခဲ့တယ်လို့ ပြောပြသိရှိရပါတယ် ။
- ဒဏ်ငွေ ဘယ်လိုဆောင်ခဲ့ကြရတာလဲ လို့မေးကြည့်တော့ ၊ အမှုစွဲတင်အရာရှိက ဖုန်းဆက်ပြီး ဘဏ်အကောင့်ပေးတယ် ၊ အဲသည် အကောင့် ထဲ ပိုက်ဆံ လှမ်းထည့်ပေးရမယ်ဆိုလို့ ထည့်ပေးလိုက်ကြတယ် ။ ပြန်သွားကြတဲ့ ၃ ယောက် အမှုက အဲသည်လို ပြီးသွားတယ်လို့ ဆိုပါတယ် ။

တကယ်တော့ အဲသည် အမှုက မပြီးသေးပါဘူး ။ အခုမှ တရားရုံးတင်မှာပါ ။ ခု တရားရုံးကို အမှုတွဲတင်ပို့ချိန်မှာတော့ ပူးတွဲစွပ်စွဲခံ ၃ ယောက်က မြန်မာပြည်ပြန်သွားကြပြါုပီ ။ ဒါပေမယ့် ရဲဌာနာမှာ အမှုအစစ်ခံရပြီ ဆိုကတည်းက လက်ဗွေတွေယူ ၊ ကိုယ်ရေးမှတ်တမ်းမှာ ပြစ်မှု အတွက် သံသယ ဖြစ်ခံရသူ (피의자) သို့မဟုတ် အမှုဖြစ်နေသူအဖြစ် မှတ်ပုံတင်ခြင်းခံရပြီးသားပါ ။ အဲသည်မှာ ဗီဇာ သက်တမ်းတိုးမယ်လုပ်ကြတော့ အလုပ်လုပ်ခွင့်ဗီဇာ (E9) ပေးဖို့ ငြင်းဆန်ခံလိုက်ကြရတာပါ ။ (အမှန်တကယ်သာ အမှုကို နည်းလမ်းတကျ ရင်ဆိုင်ခဲ့ရမယ်ဆိုလျင် ၊ အမှုမပြိးသေးချိန်မှာ မိမိတို့မှာ အပြစ်ရှိတယ်မရှိဘူး မသိရသေးတဲ့အတွက် အလုပလ်လုပ်ခွင့်ဗီဇာ မရတောင် တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ဗီဇာ တစ်ခုခု လျှောက်ထားခွင့်ရရှိကြရမှာပါ ။)

အဲသည်လိုမျိုးဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက ဘယ်လို ကိုင်တွယ်ဖြေရှင်းကြရတယ် ဆိုတာကို မြန်မာ အီးနိုင်း ညီအစ်ကိုများ ဥာဏ်မုန်တိုင်းဆင်နိုင်ကြစေဖို့ တင်ပြလိုက်ပါတယ် ။
- အဲသည်အမှုကို စတင်စစ်ဆေးတဲ့သူတွေက ဆိုင်ဘာရဲဌာန (사이버경찰청) က အမှုလိုက်ရဲ(수사경찰) တွေပါ ။ ရဲတွေက အမှုတွဲကို အမှုစွဲအရာရှိ(검찰관) ထံတင်ပြရပါတယ် ။
- အမှုစွဲအရာရှိ (검찰관) က စွဲချက်လွှာ(공소장) ရေး ပြီး အမှုတွဲကို သက်ဆိုင်ရာ တရားရုံး (관할법원) ထံ အမှုစွဲတင်ရပါတယ် ။ အမှုစွဲချက်လွှာ(공소장) နမူနာကို ပုံနှင့်တကွ ပူးတွဲ တင်ပြထားပါတယ် -

- အဲသည်လို စွဲတင်ရာမှာ လိုအပ်မယ်ဆိုရင် ရီမန်လို့ ခေါ်တဲ့ ချုပ်မိန့် (구속영장) တောင်းခံခြင်း ၊ ဒဏ်ကြေးအာမခံငွေ ပေးသွင်းမိန့် တောင်းခံခြင်း (가납명령청구) တို့ကို ၂၄ နာရီအတွင်း ဆောင်ရွက်ရပါတယ်
- အမှုစွဲတင်အရာရှိဟာ တရားရုံးက စွပ်စွဲခံရသူအပေါ် ဒဏ်ငွေပေးဆောင်စေရန် အမိန့် (가납명령) ချမှတ်ခဲ့ပါက ၊ စွပ်စွဲခံရသူအနေဖြင့် ဒဏ်ငွေမဆောင်ဘဲ တိမ်းရှောင်လိမ့်မည် သို့မဟုတ် ပေးဆောင်နိုင်စွမ်းမရှိလို့ ယူဆတဲ့အခါမှာ မိမိရဲ့ ထင်မြင်ချက် (검사의견) နှင့်တကွ ဒဏ်ကြေးအာမခံငွေပေးသွင်းရန် ကြားဖြတ်မိန့် (약식명령) ချမှတ်ပေးဖို့ တရားသူကြီးထံ တင်ပြရပါတယ် -

- တရားရုံးကတော့ အဲသည်လို အမိန့်တောင်းခံလာမှု အတွက်အကျဉ်းနည်းဖြင့် စစ်ဆေးပြီး ဆောင်စေ သို့မဟုတ် ဆောင်စေခြင်းမှ ကင်းလွတ်စေဆိုတဲ့ ကြားဖြတ်မိန့်ကို ချမှတ်ပေးရပါတယ် ။
- တရားရုံးက ဒဏ်ငွေပေးဆောင်စေရန်အမိန့် (가납벌과금납부명령) ချမှတ်ပါက အမှုသည်ဟာ သက်ဆိုင်ရာ အမှုလိုက်အရာရှိရုံး (검찰청) က ညွှန်ကြားတဲ့ ဘဏ်စာရင်းသို့ လွဲပို့ခြင်း သို့မဟုတ် မိမိအမည် သီးသန့် ဘဏ်စာရင်းဖွင့် အပ်နှံခြင်းတို့ကို ဆောင်ရွက်ရပါတယ် ။
- အမှုလိုက်ဌာနမှာသုံးနေတဲ့ ငွေသွင်းပုံစံ ရှိပါတယ် ။ အလွဲသုံးစားလုပ်တာတွေ ၊ မသမာမှုတွေ မရှိရအောင်လို့ စနစ်တကျ စီမံထားကြတာပါ ။ ဒဏ်ငွေပေးဆောင်ရန် အမိန့်စာကို ပူးတွဲ တင်ပြထားပါတယ် -

- စွပ်စွဲခံရသူဟာ အမှုကို ရင်ဆိုင်ပြီး တရားရုံးအမိန့် ကျချိန်မှာ ၊ အမှုနိုင်ရင် အဲသည် သွင်းထားတဲ့ငွေတွေကို ပြန်လည်ထုတ်ယူရရှိနိုင်တဲ့ငွေဖြစ်ပါတယ် ။ ဒဏ်ငွေပါခဲ့မယ် ဆိုရင်တော့ ပေးသွင်းထားတဲ့ ဒဏ်ကြေးအာမခံငွေ ထဲက ခုနှိမ်ပေးဆောင်ရမှာပါ ။ ဆောင်ရမယ့် ဒဏ်ငွေက နည်းနေရင် ပိုငွေကို ပြန်လည်လျှောက်ထားရယူနိုင်ပြီး ၊ လိုနေရင်တော့ ထပ်ဆောင်းပေးရမှာဖြစ်ပါတယ် ။
- အမှုစွဲတင်အရာရှိများအနေဖြင့် တရားရုံးရဲ့ အမိန့်မပါဘဲ ဘယ်သူဆီကမှ ဒဏ်ကြေး အာမခံငွေကို တောင်းခံခွင့် ၊ လက်ခံခွင့်မရှိပါဘူး ။ အထက်ဖော်ပြပါ အမှုမှာ အမှုစွဲအရာရှိက ဒဏ်ငွေဆောင်စေရန် ဖုန်းဆက် ညွှန်ကြားပြီး ၊ ဖုန်းဖြင့် ဘဏ်အကောင့် ပေးသဖြင့် ဒဏ်ငွေဆောင်လိုက်ရသည်ဆိုခြင်းမှာ လုပ်ထုံးလုပ်နည်းအရ မှန်ကန်မှုရှိပါ၏လောဟု မေးခွန်းထုတ်လိုက်ချင်ပါတယ်။

- စဉ်းစားနိုင်ကြပါစေလို့ ။

- မေတ္တာဖြင့်-
- ကိုဝိုင်း (မိုးညှင်း)
- ၂၀၁၅-၀၃-၂၃

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, March 16, 2015

ပြည်တော်ပြန်သူတွေ စိတ်ကူးတွေနဲ့ ဘယ်လောက် လက်တွေ့ကျလဲ

စီစဉ်ထုတ်လုပ်သူ - ဒီဗွီဘီ (Debate)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အဖြူရောင် သံမဏိ နှင်းဆီနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များ

ရေးသားသူ — နေထွန်းနိုင်




(၁)
“ကျွန်မတို့မှာ လက်နက် မရှိဘူး။ ကျွန်မတို့မှာ ကိုယ်ခန္ဓာပဲ ရှိပါတယ်။ ကျွန်မတို့ ကိုယ်ခန္ဓာကို လက်နက်အဖြစ် အသုံးချပြီး ကျွန်မတို့ လိုချင်တာကို ရယူဖို့အတွက် တောင်းဆို တိုက်ပွဲဝင်နေကြတာပါ”

ပြီးခဲ့တဲ့ ဇန်န၀ါရီ နောက်ဆုံးပတ်မှာ သပိတ်မှောက်ကျောင်းသူ မဖြိုးဖြိုးအောင်ပြောခဲ့တဲ့ စကား တစ်စွန်းတစ်စ ဖြစ်ပါတယ်။

အသက် ၂၇ နှစ် အရွယ်သာ ရှိသေးတဲ့ မဖြိုးဖြိုးအောင်ဟာ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူဟာ ဒီမိုကရေစီ ပညာရေးအတွက် အာဏာပိုင်တွေကို အံတုရင်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သာယာဝတီ အကျဉ်းထောင်ထဲကို ရောက်ရှိနေပါတယ်။

သူတင် မဟုတ်ပါဘူး။ သူ့လိုပဲ လက်နက်မပါ၊ ခန္ဓာကိုယ် တစ်ခုတည်းကို အားပြုရင်း ရိုးသားစွာ တောင်းဆို တိုက်ပွဲဝင်ခဲ့သူ ကျောင်းသားတွေနဲ့ သူတို့ကို ထောက်ခံသူတွေဟာ သာယာဝတီ အကျဉ်းထောင်ထဲ ရောက်ရှိနေပါတယ်။ လူမဆန်တဲ့ ဥပဒေမဲ့ ရိုက်နှက်ခံခြင်း၊ စစ်ဆေး ခံရခြင်းတွေကို အကျဉ်းထောင်ထဲမှာ ရင်ဆိုင်နေကြရပါတယ်။

ထွက်ပေါ်လာတဲ့ အထောက်အထား၊ မှတ်တမ်းတွေ ပြန်လွတ် လာသူတွေရဲ့ ပြောဆိုချက်တွေ အရ ကျောင်းသားတွေနဲ့ သူတို့ကို ၀န်းရံပေးသူ ပြည်သူတွေကို အာဏာပိုင်တွေက အငြိုးတကြီးနဲ့ ရက်စက်စွာ လုပ်ဆောင် ခဲ့ကြတာ ထင်ရှားပါတယ်။ ဆက်ဖမ်းတာတွေ ရှိနေသလို အားလုံးကို ပြန်လွှတ်ပေးမယ့် ပုံလည်း မရှိပါဘူး။

(၂)
မတ် ၁၁ ရက် သာယာဝတီ အကျဉ်းထောင် ကနေ တရားရုံးတင် အစစ်ခံရသူတွေထဲမှာ မဖြိုးဖြိုးအောင် ပါခဲ့တယ်။ ရုံးအထုတ်မှာ ဦးညွတ်ခိုင်းတဲ့ အာဏာပိုင်တွေရဲ့ လက်ကို ပုတ်ချပြီး သူ့ခေါင်းကို မတ်မတ် ထောင်ပြခဲ့ပါတယ်။

သမီးရေ.. လို့ အော်ခေါ်နေတဲ့ မိခင်ဘက်ကို တစ်ချက်သာ လှည့်ကြည့်ရင်း “စိတ်မပူနဲ့...” လို့ ပြောပြီး ရင်ကော့ ထွက်သွားပါတယ်။

ဒါဟာ မဖြိုးဖြိုးအောင်ပါပဲ။ သူ့ ယုံကြည်မှုဟာ သူ့ ရပ်တည်ချက်ပဲ ဖြစ်တယ်။ အသားဖြူဖြူ၊ ကိုယ်ဟန်နွဲ့နွဲ့ဆိုပေမဲ့ ခန္ခာကိုယ်နဲ့ မလိုက်အောင် စိတ်ဓာတ် မာကျောသူ ဖြစ်ပါတယ်။ မှန်ကန်တာကို သူလုပ်ခဲ့ပါတယ်။ နောင်တ မရတတ်သလို ဦးညွတ်တတ်သူလည်း မဟုတ်ပါဘူး။

နောက်ပြီး ထောင်ဆိုတာ သူ့ အတွက် မစိမ်းပါဘူး။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလမှာ မွေးခဲ့တယ်။ ရှစ်လေးလုံး သမိုင်းနဲ့ လူ့လောကထဲ ရောက်လာတယ်။ ဒီမိုကရေစီ ၀ိဉာဉ်က သူ့ကိုယ်ထဲမှာ ကိန်းအောင်း ခဲ့ပါတယ်။

သူ့အသက် ဆယ်လသမီး အရွယ်မှာ ဖခင် ဒေါက်တာနေ၀င်းကို နိုင်ငံရေး ပုဒ်မတွေတပ်ပြီး စစ်အာဏာ ရှင်တွေက ထောင်ဒဏ် နှစ်ရှည် ချမှတ်ခံခဲ့ရတယ်။ ကွန်မြူနစ်တံဆိပ် ကပ်ခဲ့ကြပါတယ်။

ဒီအချက်ကို စွဲကိုင်ပြီး သူတို့ကို စွပ်စွဲခဲ့တဲ့ အာဏာ ပိုင်တွေက မဖြိုးဖြိုးအောင်တို့ နောက်မှာ ကွန်မြူနစ်တွေ ကြိုးကိုင်တယ်လို့ ပြောပါတယ်။ အမှန်တော့ မဟုတ်ပါဘူး။

ဥပမာ- မဖြိုးဖြိုးအောင် ဆိုရင် သူ့ လုပ်ဆောင်မှု၊ သူ့ ရပ်တည်ချက်တွေနဲ့ သူ့မိဘတွေရဲ့ လုပ်ကိုင်မှု၊ ရပ်တည်ချက်တွေကို စည်းခြား ထားပါတယ်။ သူ လုပ်ကိုင်နေတာတွေနဲ့ ပတ်သက်ပြီး သူ့မိဘတွေနဲ့ တိုင်ပင် နှီးနှောခြင်းလည်း မရှိပါဘူး။ လက်ပံတန်း သပိတ် စခန်းကို အလှူပစ္စည်းတွေ ပို့ရင်း ရောက်လာတဲ့ သူ့မိဘတွေကို “ဘာလို့ လိုက်လာတာလဲ။ သူတို့ ဒီလောက် စွပ်စွဲနေတာကို ဘာလို့ လာတာလဲ” လို့ ပြစ်တင် ပြောဆိုပါတယ်။

၂၀၀၄ ခုနှစ်မှာ ဒေါက်တာ နေ၀င်း ပြန်လွတ်ပါတယ်။ ဒီအချိန်ရောက်မှ အဖေနဲ့ သမီး ပထမဆုံး ပြန်ဆုံပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦး အတူနေရချိန် သိပ် မကြာလိုက်ပါဘူး။ ၂၀၀၈ ခုနှစ် ရောက်ချိန်မှာ သားအဖ နှစ်ဦးစလုံး နိုင်ငံရေးပုဒ်မ ကိုယ်စီနဲ့ ထောင်ကျခဲ့ရ ပြန်ပါတယ်။

(၃)
အလယ်တန်း ကျောင်းသူ ဘ၀ကတည်းက နိုင်ငံရေး စာအုပ်တွေကို သူ ဖတ်ခဲ့တယ်။ တက္ကသိုလ် ရောက်ချိန်မှာ နိုင်ငံရေး အယူအဆတွေကို သိလာခဲ့ပြီ။ ပညာရေးစနစ် ဘာကြောင့် ပျက်စီးနေရတယ်။ ပြည်သူတွေ ဘာကြောင့် ဆင်းရဲမွဲတေ နေရတယ်။ ဒါတွေ အတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာကို တွေးခေါ် တတ်လာပါပြီ။

၂၀၀၇ ခုနှစ် ဗကသ ပြန်လည် ဖွဲ့စည်းချိန်မှာ သူပါဝင်ခဲ့တယ်။ သူ့ ယုံကြည်ချက်ဟာ သူ့ ရပ်တည်ချက် ဖြစ်လာပါတယ်။ ဒါတွေဟာ သူ့မိဘရဲ့ ပုံသွင်းမှုကြောင့် ဖြစ်လာတာ မဟုတ်ပါဘူး။ သူ ကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့တဲ့ အရာတွေပါ။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းမှာ ပါဝင်ခဲ့တယ်။ အာဏာပိုင်တွေ ဖမ်းဆီးတာကို ရှောင်တိမ်းခဲ့ပါတယ်။

လူပုံစံနဲ့ မလိုက်အောင် စိတ်ဓာတ် ပြင်းထန်လွန်းသူ ဗကသကျောင်းသူ မဖြိုးဖြိုးအောင်ကို ၂၀၀၇ ခုနှစ်ထဲက အာဏာပိုင်တွေ အလိုရှိခဲ့တာပါ။ ၂၀၀၈ ခုနှစ်မှာ သူ အဖမ်းခံလိုက် ရပါတယ်။

အသက် ၂၀ နှစ်အရွယ် ဗကသ ကျောင်းသူတစ်ဦးရဲ့ ပထမဆုံး ထောင်အတွေ့အကြုံကို သူ ရင်ဆိုင် ခဲ့ပါတယ်။ ကြောက်ရွံ့ တုန်လှုပ်ခြင်း မရှိခဲ့ပါဘူး။ ဖခင်ဆီက ကြားသိခဲ့ရတဲ့ အတွေ့အကြုံ တွေကြောင့် နိုင်ငံရေး အကျဉ်းသားနဲ့ ထောင်ဆိုတာ သူ့အတွက် မဆန်းတော့ပါဘူး။

နာဂစ် မုန်တိုင်း ဒဏ်သင့် ပြည်သူတွေကို ကူညီ ကယ်ဆယ်ခဲ့တဲ့၊ ပိုင်ရှင်မဲ့ အလောင်းတွေကို စနစ်တကျ မြေမြှုပ် ပေးခဲ့တဲ့ သူတို့ တွေကို ပုဒ်မ မျိုးစုံတပ်ပြီး စစ်အာဏာ ရှင်တွေက ထောင်ထဲ ပို့ခဲ့တာပါ။

မဖြိုးဖြိုးအောင်ကို ထောင်ဒဏ်လေးနှစ် ချခဲ့ပါတယ်။

ရမန် မယူ၊ တရားရုံး ထုတ်ခြင်း မရှိဘဲ အင်းစိန်ထောင်ထဲမှာ လေးလကျော် နေခဲ့ရတဲ့ နောက်ပိုင်း သူ့ကို မော်လမြိုင်ထောင် ပို့ခဲ့ပါတယ်။ ချုပ်ရက် ခံစားခွင့် မရခဲ့ပါဘူး။

မော်လမြိုင်ထောင်ကို ရောက်ပြီး ခြောက်လ အကြာမှာ ထောင်အာဏာပိုင် တစ်ဦးက သူ့ကို ကမ်းလှမ်း ခဲ့ပါတယ်။

အကျဉ်းခံရက် တိုစေဖို့ ခြောက်လတိုးပြီး တစ်နှစ် သတ်မှတ်ပေးရမလားလို့ ကမ်းလှမ်းခဲ့တာပါ။ ဒီကမ်းလှမ်းမှုကို လက်မခံခဲ့ပါဘူး။ သူ့ရဲ့ အမှုတွဲကို ဖတ်ပြီးပြီလားလို့ ထောင် အာဏာပိုင်ကို ပြန်မေးပါတယ်။ ဖတ်ပြီးပြီဆိုတဲ့ အဖြေရချိန်မှာ သူ့ဘက်က တစ်ခွန်းပဲ ပြန်ပြောခဲ့ပါတယ်။

“ထားလိုက်ပါတော့” လို့ ပြောခဲ့တာပါ။

ဒီကြားထဲမှာ သမ္မတ ဦးသိန်းစိန်လက်ထက် အကျဉ်းသား အားလုံးကို ထောင်ဒဏ် တစ်နှစ်စီ လျော့ချပေးခဲ့ပါတယ်။

သုံးနှစ်နဲ့လေးလ ထောင်ဒဏ် ကျခံခဲ့ရပြီး သူ ပြန်လွတ်ခဲ့ပါတယ်။

(၄)
၂၀၀၈ ခုနှစ် အဖမ်းခံရချိန်မှာ သူက တတိယနှစ် မြို့ပြ အင်ဂျင်နီယာ ကျောင်းသူ ဖြစ်ပါတယ်။ ပြန်လွတ်လာတော့ ကျောင်းပြန်တက်ဖို့ ကြိုးပမ်းပါသေးတယ်။ အသနားခံစာ တင်မှ ပြန်တက်ခွင့် ပြုမယ်လို့ ကျောင်းအာဏာ ပိုင်တွေက ပြောခဲ့ကြပါတယ်။

“နှစ်ခါ အနာခံစရာ မလိုဘူး” လို့ တုံ့ပြန်ရင်း ကျောင်းပြန်တက်ရေးကို စွန့်လွှတ်လိုက်ပါတယ်။

ဒီအချိန်မှာပဲ မှားယွင်းတဲ့ ပညာရေး စနစ်ကို မုချ ပြောင်းလဲမယ်ဆိုတဲ့ အတွေးက သူ့စိတ်ထဲမှာ စွဲမြဲခဲ့ပါပြီ။

ပညာရေးက လူတိုင်းအတွက် အရေးကြီးတယ်၊ ကျောင်းသားတစ်ဦး ကျောင်းနေရေးကို ပညာရေး အာဏာပိုင်တွေက ဆုံးဖြတ်ပေးလို့ မရဘူး၊ ပညာရေးကို ချုပ်ကိုင်ထားလို့ မရဘူး၊ ကန့်သတ်ထားလို့ မရဘူး၊ ကျောင်းသားတွေမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိရမယ်၊ မြန်မာ့ ပညာရေးစနစ် ပြောင်းလဲဖို့ လိုလာပြီဆိုတာ သူ့အတွက် ခိုင်မာတဲ့ ယုံကြည်ချက် ဖြစ်လာပါတယ်။

ယုံကြည်ချက်အပေါ် ရပ်တည်ချက် ခိုင်မာစွာ လျှောက်လှမ်းတတ်တာ သူ့ အကျင့်ပါပဲ။ ထောင်က ပြန်လွတ်လာပြီး နောက်ပိုင်း ဗကသများ အဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်းချိန်မှာ သူ ပါဝင်ခဲ့ပါတယ်။ ကျောင်းသားတွေကို စည်းရုံးမှုတွေ လုပ်ခဲ့တယ်။ အနယ်နယ် အရပ်ရပ်မှာ ကျောင်းသားသမဂ္ဂ ခရိုင် ၂၆ ခု၊ ကျောင်းသားသမဂ္ဂ ၄၀ ကျော် ဖွဲ့စည်းနိုင်တဲ့ အောင်မြင်ခဲ့ပါတယ်။

(၅)
မဖြိုးဖြိုးအောင်တို့ မိသားစုဟာ ငွေကြေး ချမ်းသာသူတွေ မဟုတ်ပါဘူး။ ဖခင်က နိုင်ငံရေး ပုဒ်မနဲ့ ထောင်ကျနေတဲ့သူ၊ မိခင်က ဈေးရောင်းရင်း များပြားလှတဲ့ မိသားစုဝင်တွေကို ထောက်ပံ့နေသူ၊ ဒါပေမဲ့ သူတို့ စိတ်ဓာတ် မဆင်းရဲခဲ့ပါဘူး။

သူ့အသက် သုံးနှစ် အရွယ်မှာ အဖိုးအိမ် သွားရင်း ဖိနပ်ပျောက်ခဲ့ ဖူးပါတယ်။ လူကြီးတွေက ဖိနပ်ယူသွားသူကို အပြစ်ဖို့နေပေမဲ့ သူက နှစ်သိမ့်စကား ပြောခဲ့ပါတယ်။

“လိုချင်လို့ ယူသွားတာ၊ ယူသွားပါစေ” လို့ ပြန်ပြောခဲ့ဖူးတာပါ။

ပင်ကိုယ် စရိုက်က အငို၊ အရယ် ကင်းမဲ့သူ၊ ပေတေတေ နေတတ်တယ်။ ထောင့်မကျိုးတဲ့ ပုံစံ ဖြစ်ပေမဲ့ အများအတွက် ဦးစားပေး လုပ်ပေးတဲ့ စိတ်ကို ငယ်စဉ်ကတည်းက ပိုင်ဆိုင်ထားပါတယ်။ ကတိတည်တာကို ကြိုက်တတ်ပြီး ကတိ ပေးပြီးရင်လည်း တည်တတ်သူ ဖြစ်ပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးဖို့ ကျောင်းသား သပိတ်စစ်ကြောင်း ချီတက်မှုမှာလည်း အများရဲ့ ဆန္ဒအတိုင်း သူလုပ်ခဲ့တာပါ။ ပြောမယ်ဆိုရင် စစ်ကြောင်း မစခင် အချိန်မှာ သူ အိမ်ထောင်ကျခဲ့ပါတယ်။ ခင်ပွန်းနဲ့ အတူ ကြာကြာ မနေထိုင်ဘဲ သပိတ် စစ်ကြောင်းနဲ့ လိုက်ပါခဲ့သလို ဖြိုခွင်းခံရ ချိန်မှာလည်း သပိတ်စစ်ကြောင်းကို စွန့်ခွာ မသွားပါဘူး။

မတ်လ ၁၀ ပင်မသပိတ်စစ်ကြောင်းမှာ ပါဝင်နေသူတွေနဲ့ ရဲတွေအကြား တင်းမာနေချိန်မှာ ခေါင်းဆောင် ပီသတဲ့ သူ့လုပ်ရပ်တွေကို မြင်တွေ့ရပါတယ်။

ဒေါသထွက် အော်ဟစ်နေတဲ့ ကျောင်းသူတွေကို ဒေါသ မထွက်ဖို့၊ စိတ်မတိုဖို့ တစ်ယောက်ချင်းစီကို နားချ ပြောဆိုနေတဲ့ သူ့ပုံရိပ်တွေက မာကျောလွန်းတဲ့ သူ့စိတ်ဓာတ်နဲ့ ဆန့်ကျင်ဘက်လို ဖြစ်နေပါတယ်။

ဖြိုးခွင်းခံရပြီး အဖမ်းခံရ ချိန်မှာလည်း ဦးညွတ် ခေါင်းငုံ့သွားခြင်း မရှိခဲ့ပါဘူး။

သူ့ ခင်ပွန်းဖြစ်တဲ့ ဗကသ အဖွဲ့ဝင် ကျောင်းသား ကိုလင်းထက်နိုင်က မဖြိုးဖြိုးအောင်ကို -

“နိုင်ငံရေးကို နိုင်ငံရေးသမားလို မတွေးသူ၊ ခေါင်းမာတတ်လွန်းသူ၊ စကင်ဒီနေးဗီးယား နိုင်ငံတွေအတိုင်း ဗမာပြည်ကို ဖြစ်စေချင်သူ” လို့ တင်စားခဲ့ပါတယ်။

(၆)
အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးနဲ့ အတူ မဖြိုးဖြိုးအောင် အပါအ၀င် သမဂ္ဂစိတ်ဓာတ် လက်ဆင့်ကမ်းခဲ့သူ ကျောင်းသားတွေ ဆင့်ကဲ ပေါ်ထွက်လာပါတယ်။ သူတို့တွေရဲ့ တောင်းဆိုမှုကို အာဏာပိုင်တွေ အကြိမ်ကြိမ် လျစ်လျူရှုခဲ့ပါတယ်။

ပင်မကျောင်းသား သပိတ်စစ်ကြောင်း ဖြစ်လာချိန်၊ တောင်သာ တောင်ကြားကို ဖြတ်ချိန်၊ မလွှဲသာတဲ့ အချိန်ရောက်မှ အစိုးရက ကျောင်းသားတွေနဲ့ စကားပြောဖို့ ပြင်ဆင်ပါတယ်။ နေပြည်တော် တွေ့ဆုံမှု၊ အဲဒီက တစ်ဆင့် ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမ လေးပွင့်ဆိုင် တွေ့ဆုံပွဲ ဆိုတာ ဖြစ်ပါတယ်။

လေးပွင့်ဆိုင် တွေ့ဆုံမှု စချိန်မှာပဲ အစိုးရနဲ့ ကျောင်းသားတွေ ထိပ်တိုက် တိုးပါတယ်။ အထူးသဖြင့် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ပညာရေးဝန်ကြီးဌာန၊ လွှတ်တော်နဲ့ ကျောင်းသားတွေ ထိပ်တိုက်တိုးခဲ့တာပါ။

ကျောင်းသားတွေရဲ့ တောင်းဆိုချက် ၁၁ ချက်၊ အကြိုညှိနှိုင်းမှု အချက် ၉ ချက် ကိစ္စတွေမှာ အာဏာပိုင်တွေဘက်က မလိုက်လျောချင်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မဖြိုးဖြိုးအောင် အပါအ၀င် ကျောင်းသားကိုယ်စားလှယ်တွေက ချက်ကျလက်ကျ ပြန်ရှင်း ခဲ့ပါတယ်။

ကျောင်းသား သမဂ္ဂတွေကို အသိအမှတ် ပြုရေးနဲ့ သပိတ်လှန်ရေး ကိစ္စမှာ အပြင်းထန်ဆုံးပါပဲ။ ကျောင်းသားသမဂ္ဂ ဘာကြောင့် ရှိသင့်တယ် ဆိုတာနဲ့ သပိတ်မလှန်ရတဲ့ အကြောင်းကို ကျောင်းသားတွေဘက်က အကြေအလည် ပြောတဲ့အခါ အာဏာပိုင်တွေ အတွက် မျက်နှာပျက်စရာ ဖြစ်လာပါတယ်။

နောက်ဆုံး သပိတ်မလှန်ရင် အရေးယူခံရမယ် ဆိုတဲ့အထိ အာဏာပိုင်တွေက ပြောဆို လာကြပါတယ်။ ပညာရေး ဥပဒေ ပြင်ဆင်ဖို့ ဘာတစ်ခုမှ မရေရာချိန်မှာ သပိတ်လှန်ပေးဖို့ကို ကျောင်းသားတွေ လက်မခံပါဘူး။ သူတို့ မှန်ပါတယ်။

ဒါပေမဲ့ ဦးအောင်မင်းက ကျောင်းသားတွေ “သပိတ်လှန်ပါ” လို့ ယတိပြတ် ပြောပါတယ်။ ပုပ္ပါးနောက်ပိုင်းကိစ္စ တာဝန်မယူနိုင်ဘူးလို့ သူက ခပ်ပြတ်ပြတ် ဆိုပါတယ်။

ဦးအောင်မင်းရဲ့ ပြောစကားကို မဖြိုးဖြိုးအောင်ရဲ့ တုံ့ပြန်မှုက ရှင်းလင်း ပြတ်သားခဲ့ပါတယ်။

“ကျွန်မတို့ တောင်းဆိုထားတာတွေ ရှိပါတယ်။ အခုချိန်မှာတောင် ဒီဆွေးနွေးပွဲက ချောချောမွေ့မွေ့ မဖြစ်သေးပါဘူး။ အခုချိန်မှာတောင် စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရတာပါ။ ဒီလို အခြေအနေ အတွင်းမှာ အခု ရက်ပေါင်း ၆၀ အတွင်းမှာ မဖြစ်ခဲ့တဲ့ ဆွေးနွေးပွဲက ရက်ပေါင်း ၆၀ အလွန် ကျောင်းသား သပိတ်တွေကြောင့် ဒီဆွေးနွေးပွဲကြီး အကောင်အထည် ပေါ်လာပြီ။ အဲဒီလို အနေအထားမျိုးမှာ ဒီဆွေးနွေးပွဲကိုပေါ့ ဆက်ပြီးတော့ ဘယ်လို ရလဒ်ကောင်း ထွက်မလဲဆိုတာ ဒီသပိတ်တွေနဲ့ အနေအထားပေါ်မှာ မူတည်ပါတယ်။ နောက်တစ်ခုက ကျွန်မ ထပ်ပြောချင်ပါတယ်။ ကျောင်းသားတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းကမ်းရှိရှိနဲ့ သူတို့ ဆန္ဒ ထုတ်ဖော်နေခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ အလိုရှိနေတဲ့ အရာကို သူတို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောင်းဆိုနေတာ ဖြစ်ပါတယ်ရှင့်။ အဲဒီလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောင်းဆိုနေတာကို အကြမ်းဖက် ဖြိုခွင်းမှုမျိုး ပြုလုပ်လာမယ် ဆိုရင်တော့ ခုနတုန်းက လူကြီးမင်းတို့ ပြောတဲ့ တရားဥပဒေ စိုးမိုးမှု၊ တည်ငြိမ်မှုကို ပျက်ပြားစေတာမျိုး ဒါက လုပ်တဲ့သူရဲ့ အပေါ်မှာပဲ မူတည်ပါလိမ့်မယ်လို့ ကျွန်မတို့ ယူဆပါတယ်ရှင့်” လို့ မဖြိုးဖြိုးအောင်က ပြောခဲ့တာပါ။

(၇)
လေးပွင့်ဆိုင် ဆွေးနွေးပွဲ စကတည်းက ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုနေတဲ့ ကျောင်းသားတွေကို အင်အားသုံး အကြမ်းဖက် ဖြိုခွင်းမယ် ဆိုရင် ဖြိုခွင်းသူတွေရဲ့ တာဝန်ပဲလို့ မဖြိုးဖြိုးအောင်က ကြိုပြောခဲ့ပြီး ဖြစ်ပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ကျောင်းသားတွေရဲ့ ရိုးသားစွာ တောင်းဆိုမှုတိုင်းကို ဘယ်လိုပုံစံနဲ့ ပြန်တုံ့ပြန်ခဲ့သလဲ၊ ဘယ်လို ကတိဖျက်မှုတွေ ရှိလဲဆိုတာ အာဏာပိုင်တွေ အသိဆုံး ဖြစ်ပါတယ်။

ပေါ်ပေါက်ခဲ့တဲ့ အခြေအနေတွေအရ အာဏာပိုင်တွေက ကျောင်းသားတွေကို အငြိုး ထားခဲ့ပါတယ်။ ပိုပြီး အငြိုးထားခြင်း ခံခဲ့ရသူတွေက ဗကသများ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ် ကျောင်းသားတွေ ဖြစ်ကြပါတယ်။

လက်ရှိ အချိန်မှာ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင် အဖမ်းခံထားရတယ်။ ဒုတိယဥက္ကဋ္ဌ ကိုမိုးထက်နေ အပါအ၀င် ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီက ကိုသီဟ၀င်းတင်၊ မဟန်နီဦး တို့ကိုလည်း မတ် ၁၃ ရက်နေ့မှာ ထပ်ဖမ်းပြီး သာယာဝတီထောင်ကို ပို့ဆောင်ခဲ့ပါတယ်။

ဥက္ကဋ္ဌဖြစ်တဲ့ ကိုကျော်ကိုကို လွတ်မြောက်နေဆဲ ဖြစ်ပေမဲ့ သူ့ကို ပိုက်စိတ်တိုက် ရှာဖွေနေပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အာဏာပိုင်တွေဟာ ဗကသများအဖွဲ့ချုပ်ကို ပစ်မှတ်ထားနေတာ သေချာပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီမိုကရေစီ ပညာရေး ဦးဆောင်ကော်မတီမှာ ပါဝင်နေတဲ့ ဗကသ ကျောင်းသားတွေနဲ့ တက္ကသိုလ်များ ကျောင်းသားသမဂ္ဂ (တကသ) ကျောင်းသားတွေ ကိုလည်း ခွဲထုတ်ဖို့ အာဏာပိုင်တွေ၊ သူတို့နဲ့ နီးစပ်သူ အကျိုးဆောင် ပွဲစားတွေက ကြိုးပမ်းနေတာတွေ မြင်နေရပါတယ်။

(၈)
အာဏာပိုင်တွေက ပိုက်စိတ်တိုက် ရှာဖွေနေတဲ့ ကိုကျော်ကိုကို၊ ဖမ်းဆီးခံထားရတဲ့ မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်၊ ကိုအောင်မှိုင်းဆန်း၊ ကိုမိုးထက်နေ၊ ကိုသီဟ၀င်းတင်နဲ့ မဟန်နီဦးတို့ဟာ ဗကသများ အဖွဲ့ချုပ်ရဲ့ အမာခံတွေ ဖြစ်ပါတယ်။ လွတ်မြောက်နေသူ တစ်ချို့ ရှိပေမဲ့ အမာခံ အများစုကို ဖမ်းထားခြင်းအားဖြင့် ဗကသကို ထိန်းချုပ်နိုင်ဖို့ ခြေလှမ်းပြင်တာ တွေ့ရပါတယ်။

စတုထ္ထ ကျောင်းသားသပိတ် ဖြစ်အောင် ဦးဆောင်နိုင်သူတွေလို့ တင်စားခံခဲ့ရတဲ့ ဗကသများ အဖွဲ့ချုပ် ကျောင်းသား လူငယ်တွေဟာ စုစည်းမှု အားကောင်းပြီး ရပ်တည်ချက် ခိုင်မာသူတွေ ဖြစ်ပါတယ်။

သမိုင်း အစဉ်အလာ ကြီးမားတဲ့ ဗကသကို သူတို့ ပြန်လည် မွေးဖွားခဲ့ကြတယ်။ သမဂ္ဂ စိတ်ဓာတ်ကို လက်ဆင့်ကမ်းမှု ရရှိခဲ့တဲ့ မျိုးဆက်သစ်တွေ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်မှာ ဗကသအဖွဲ့ ပြန်ပေါ်လာတယ်။ ကျွန်တော် အံ့သြခဲ့ပါတယ်။ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက် ပြားပြားဝပ်နေရချိန်မှာ သူတို့ ထိုးထွက်ခဲ့ကြတာပါ။ ဒီမတိုင်ခင် ၁၉၉၆ ခုနှစ်၊ ၁၉၉၈ ခုနှစ်တွေမှာ ဗကသအဖွဲ့ ပေါ်ခဲ့ဖူးပေမဲ့ သပိတ်ကာလမှာပဲ အခိုက်အတန့် ပေါ်ခဲ့တာပါ။

၂၀၀၇ ခုနှစ်မှာ ပေါ်ခဲ့တဲ့ ဗကသဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်း လူငယ်သွေးသစ်တွေ ဦးဆောင်ပြီး ပထမဆုံး ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ကိုကျော်ကိုကို ဦးဆောင်ခဲ့တယ်။ အခု အဖမ်းခံထားရတဲ့ အမာခံတွေ ချိတ်ဆက်ပါဝင် ခဲ့ပါတယ်။

အဲဒီနောက် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလမှာ သူတို့တွေဟာ သံဃာတော်တွေနဲ့ ပူးပေါင်းပြီး အရေးဆိုခဲ့ပါတယ်။ နှိမ်နင်းခံရပြီးချိန်မှာ တိမ်းရှောင်မှုတွေ ရှိခဲ့ပေမဲ့ ၂၀၀၈ ခုနှစ်၊ ၂၀၀၉ ခုနှစ်တွေထဲမှာ ဆက်တိုက် အဖမ်းခံခဲ့ ရပါတယ်။

ခေါင်းဆောင်တွေ အဖမ်းခံခဲ့ ကြရပေမဲ့ ဗကသအလံကို သူတို့ ဆက်လွှင့်နိုင်ခဲ့ပါတယ်။ ကိုကျော်ကိုကို အဖမ်းခံရချိန်မှာ သမဂ္ဂအလံကို ကိုမင်းသွေးသစ်က ဦးဆောင်ပြီး ဆက်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ ၂၀၀၇ ခုနှစ် ဗကသ မျိုးဆက်တွေ ပြန်လွတ်ခဲ့ပါတယ်။ သမဂ္ဂ အလံကို ဆက်လွှင့်ခဲ့သလို ဗကသများ အဖွဲ့ချုပ်ကို စနစ်တကျ ဖြစ်အောင် ပြန်ဖွဲ့ပါတယ်။ ဗကသ မျိုးဆက်ဟောင်းတွေနဲ့ နှီးနှော တိုင်ပင်တာတွေ ရှိခဲ့ကြသလို သူတို့နောက် ပေါ်လာတဲ့ မျိုးဆက်သစ်တွေနဲ့လည်း ချိတ်ဆက်ခဲ့ကြပါတယ်။

၂၀၁၁ ခုနှစ် ဗကသ ကျောင်းသားတွေ ပြန်လွတ်ပြီးချိန်မှာ ကိုကျော်ကိုကို၊ မဟန်နီဦး အစရှိတဲ့ သူတွေနဲ့ ကျွန်တော် စကားပြောဖူးပါတယ်။ သူတို့ဟာ စိတ်ရူးပေါက်လို့ ထလုပ်ကြသူတွေ မဟုတ်သလို မြှောက်ပင့်ပေးသူရှိလို့ လုပ်နေကြသူတွေလည်း မဟုတ်ဘူး။

သူတို့မှာ ကိုယ်စီ ခံယူချက်၊ ယုံကြည်ချက်တွေ ရှိပါတယ်။ ဒါတွေက သူတို့အတွက် မဟုတ်ဘဲ ပြည်သူတွေ အတွက်ပဲ ဦးတည်ခဲ့ပါတယ်။

(၉)
ဗြိတိသျှ ကိုလိုနီခေတ် ၁၉၂၀ မှာ ပထမ ကျောင်းသားသပိတ် ပေါ်တယ်။ ဒုတိယ ကျောင်းသားသပိတ်က ၁၉၃၆ ခုနှစ်မှာ ဖြစ်ခဲ့ပါတယ်။

၁၉၃၆ ခုနှစ် မေမှာ ဗကသအဖွဲ့ စတင် ပေါ်ပေါက်ပါတယ်။ ကျောင်းသား လူငယ်တွေ ဦးဆောင်ခဲ့တယ်။ သူတို့ လှုပ်ရှားမှုတွေက လွတ်လပ်ရေးရတဲ့တွန်းအား ပေးနိုင် ခဲ့သလို နိုင်ငံရေး မျိုးဆက်တွေလည်း ဖြစ်ခဲ့ပါတယ်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ခဲ့တယ်။ ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြိုခွဲဖျက်ဆီး ခံခဲ့ရတယ်။ စစ်အာဏာရှင်အောက်မှာ ကျောင်းသား လူငယ် များစွာရဲ့ အသက်တွေ စတေးခဲ့ရပါတယ်။ ဘ၀ပျက်သူ များခဲ့တယ်။ နောက်ပိုင်း ပညာရေးစနစ်ပါ ဖျက်ဆီးခံခဲ့ ရပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံဟာလည်း ကျောင်းသား လူငယ်တွေပဲ စခဲ့ကြတာပါ။ အာဏာရှင် တွန်းလှန်မှု ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တိုင်းက ကျောင်းသား အရေးက စခဲ့တယ်။ ဖိနှိပ်မှုတွေကို တွန်းလှန်ဖို့ ကျောင်းသားတွေက ကြိုးစားခဲ့ကြတယ်။

ဒါပေမဲ့ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တိုင်းမှာ ကျောင်းသား လူငယ်တွေ အများဆုံး အသက်ဆုံးရှုံး၊ ဘ၀ပျက်၊ စတေး ခံခဲ့ရတာတွေက ၀မ်းနည်းစရာ ကောင်းပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံ အခြေအနေတွေကို ပြန်ကြည့်ရင် ဒီအချက်ကိုပဲ တွေ့ရမှာပါ။

နိုင်ငံရေး သမားတွေက ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်ပြီး တွန့်ဆုတ်ခဲ့ကြပေမယ့် ကျောင်းသား လူငယ်တွေ ရဲဝံ့ခဲ့ပါတယ်။ သူတို့ကို လူထုက ၀န်းရံပေးခဲ့တယ်။

၁၉၈၈ ခုနှစ်မှာ ကျောင်းသားတွေ ဘယ်လောက် စွမ်းဆောင်ခဲ့ကြတယ်၊ အဲဒီ အချိန်မှာ ပေါ်လာတဲ့ ဗကသအဖွဲ့ ဘယ်လောက် လုပ်နိုင်ခဲ့တယ် ဆိုတာ အဲဒီ ကာလကို ဖြတ်သန်းခဲ့ဖူးသူတိုင်း အသိဆုံး ဖြစ်မှာပါ။

(၁၀)
မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ သမိုင်း အချက်အလက်တွေကို ပြန်ကြည့်ရင် ကျောင်းသားနဲ့ နိုင်ငံရေးကို ခွဲလို့ မရပါဘူး။ ကျောင်းသားနဲ့ ကျောင်းသားသမဂ္ဂကို ခွဲလို့ မရပါဘူး။

ကျောင်းသား ရှိမယ်။ ကျောင်းသား သမဂ္ဂ ရှိရပါမယ်။

သမဂ္ဂ ၀ိဉာဉ်၊ သမဂ္ဂ စိတ်ဓာတ်နဲ့ ကျောင်းသားတွေကို ဖယ်ခွာ မရနိုင်ပါဘူး။

သမဂ္ဂ စိတ်ဓာတ် လက်ဆင့်ကမ်းခဲ့သူ ကျောင်းသားမှန်ရင် ခေတ်တွေ ဘယ်လို ပြောင်းသွားပါစေ၊ ပြည်သူတွေကို သစ္စာ မဖောက်ကြပါဘူး။ အများအတွက် ပြည်သူ့အရေး ကိုယ်ကျိုးစွန့်ကြသူတွေပါ။ ပြည်သူ့အရေးအတွက် လက်မနှေးကြသူတွေ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် ပေါ်ပေါက်လာခဲ့ပြီး အခုချိန်ထိ ရပ်တည်ခဲ့တဲ့ ကိုကျော်ကိုကိုတို့၊ မဖြိုးဖြိုးအောင်တို့၊ ကိုမင်းသွေးသစ်တို့ရဲ့ ဗကသ အဖွဲ့ချုပ်ဟာလည်း ဗကသတွေရဲ့ သမိုင်း အစဉ်အလာအတိုင်း ရပ်တည်ချက် ခိုင်မာစွာ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်မှာ ပေါ်ထွက်လာပြီး သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ပေါ်ပေါ်ထင်ထင် ရပ်တည်လာတဲ့ ဗကသများ အဖွဲ့ချုပ်ကို အာဏာပိုင်တွေဘက်က မကြေလည်တဲ့ အဖြေက ရှင်းပါတယ်။ ပြီးခဲ့တဲ့ လေးနှစ်တာ ကာလအတွင်းမှာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဗဟိုစင်တာ (MPC) နဲ့ ပူးပေါင်းသွားကြတဲ့ နိုင်ငံရေးသမား၊ အတိုက်အခံ၊ ပြည်တော်ပြန် အင်အားစုတွေထဲမှာ ဗကသများ အဖွဲ့ချုပ် မပါခဲ့ပါဘူး။ MPC နဲ့ ပူးပေါင်းသွားခဲ့ သူတွေက အခွင့်အရေးတွေကို သွယ်ဝိုက်၊ တိုက်ရိုက်အားဖြင့် ရယူသွားတာတွေ ရှိပေမဲ့ ဗကသများ အဖွဲ့ချုပ်က မယူခဲ့ပါဘူး။ အခုချိန်မှာ MPC နဲ့ ကင်းလွတ်တဲ့ နိုင်ငံရေးသမား၊ ဂျာနယ်လစ်တွေ ရှားလာပါပြီ။ ဒီလို ရှားပါးလာတဲ့ အထဲမှာ သူတို့နဲ့ မပူးပေါင်း သူတွေဟာ တနည်းမဟုတ် တနည်းနဲ့ နှိပ်စက် ခံလာရတာတွေ ရှိလာပါတယ်။

ဒါပေမဲ့ MPC ဟာ ကိုကျော်ကိုကိုတို့၊ မဖြိုးဖြိုးအောင်တို့ကို မစည်းရုံးနိုင်ခဲ့ပါဘူး။ MPC က စည်းရုံးလို့ မရတဲ့ အင်အားစုတစ်ခု အနေနဲ့ သူတို့ ရပ်တည်ပါတယ်။ ဒီအတွက် သူတို့ကို အခဲမကြေ ဖြစ်သူတွေ ရှိခဲ့တယ်။ ရပ်တည်ချက် ခိုင်မာပြီး သံမဏိစိတ်ဓာတ် ရှိတဲ့ သမဂ္ဂမျိုးဆက် နောက်တစ်ခုကို ချေမှုန်းဖို့ ကြံစည်ခဲ့ပါတယ်။

ဖြစ်စဉ်တွေကို ပြန်ကြည့်တဲ့အခါ တွေ့နိုင်ပါတယ်။

ပင်မကျောင်းသား သပိတ်စစ်ကြောင်း တောင်သာကို ရောက်ချိန်မှာ စကားပြောဖို့ အစိုးရအဖွဲ့က စတင် ကမ်းလှမ်းပါတယ်။ ဒီ ကမ်းလှမ်းမှုကို MPC နဲ့ နှီးနွှယ်နေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်းသားဟောင်းတွေ ကြားဝင်ပါတယ်။ ဒီမတိုင်ခင် အချိန်ကလည်း ကိုကျော်ကိုကိုနဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ကြားမှာ ကွဲပြားခြားနားမှုတွေ ရှိခဲ့ဖူးပါတယ်။

နေပြည်တော်မှာ ပထမဆုံးလုပ်တဲ့ ဆွေးနွေးပွဲမှာ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ကသူတွေ တက်ခဲ့တယ်။ MPC ကို ဦးဆောင်သူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ကျောင်းသားတွေ ဆွေးနွေးကြပါတယ်။

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာတော့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ မပါတော့ပါဘူး။ ဒါပေမဲ့ ဦးအောင်မင်း တက်တယ်။ ဦးအောင်မင်းကို MPC အဖွဲ့ဝင်တွေက ပေါ်ပေါ်ထင်ထင် အထောက်အကူ ပေးခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ ဦးအောင်မင်းဘက်က အရှက်ရစရာတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း အောင်မြင်သွားတဲ့ ဆွေးနွေးမှုတွေမှာ ဦးအောင်မင်း မပါတော့ပါဘူး။

ဒီအချက်တွေကြောင့် ဗကသ အဖွဲ့ချုပ်အပေါ် အခဲမကြေတာတွေ ဖြစ်လာပြီး အခုလို ဖြစ်လာတဲ့ ကိစ္စတွေမှာ ဦးအောင်မင်း ပါဝင်ပတ်သက်တယ် ဆိုတဲ့ သတင်းတွေ ဖြစ်လာခဲ့တာပါ။

သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ကျောင်းသားတွေနဲ့ ပတ်သက်ရင် သူ့နားက လူတွေဆီကနေ သတင်းအမှားတွေ ရနေတဲ့ ပုံစံမျိုး ဖြစ်ခဲ့ပါတယ်။

လက်တွေ့ အခြေအနေမှာ ကျောင်းသားတွေက သဘောထား တင်းမာတာ မဟုတ်ပါဘူး။ အစွန်း ရောက်တာလည်း မဟုတ်ပါဘူး။ ကိုယ်ချမှတ်ထားတဲ့ မူဝါဒ အပေါ်မှာပဲ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ်။

စည်းရုံးခံရမှုတိုင်းကို မူဝါဒနဲ့ တုံ့ပြန်ခဲ့ကြတာပါ။

ခေါင်းဆောင်ပိုင်းတွေ အဖမ်းခံထားရပေမဲ့ လက်ရှိ အချိန်မှာလည်း ဗကသများ အဖွဲ့ချုပ်ဟာ MPC က မစည်းရုံးနိုင်သေးတဲ့ အင်အားစု တစ်ခုအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။

(၁၁)
ဗကသများ အဖွဲ့ချုပ်မှာ အခု ပါဝင်နေတဲ့ ကျောင်းသားခေါင်းဆောင်တွေကိုပဲ ကြည့်လိုက်ပါ။ ၂၀၁၁ ခုနှစ်မှာ သူတို့ ပြန်လွတ်တယ်။ ဒီငါးနှစ်မှာ သူတို့ ဘာဖြစ်နေလဲ။ ဘယ်လို ပိုင်ဆိုင်မှု၊ ကြွယ်ဝ ချမ်းသာမှုတွေ ရှိသွားသလဲ။ ဘာမှ မရှိပါဘူး။ ထောင်မကျခင်က ပုံစံနဲ့ ပြန်လွတ်လာပြီး နောက်ပိုင်း ပုံစံအတူတူပါပဲ။

သူတို့နဲ့ အတူတူ ၂၀၁၁ ခုနှစ်မှာ ပြန်လွတ်လာပြီး MPC နဲ့ နှီးနွယ်ခဲ့သူတွေ တစ်ချို့ရော အခုချိန်မှာ ဘာဖြစ်နေပြီလဲ။ အားလုံးကို မဆိုလိုပါဘူး။ တစ်ချို့ကို ပြောတာပါ။ သူတို့ ဘာဖြစ်နေပြီလဲ။ သူတို့ သဘောထားတွေ ဘာဖြစ်နေပြီလဲ။

ထောင်က ပြန်လွတ်လာတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေကို အခွင့်အရေး ပေးခဲ့သူတွေ ရှိမှာပါ။ နေရာပေးခဲ့သူတွေ ရှိကြမှာပါ။ သူတို့ မယူခဲ့ပါဘူး။

အခုလည်း အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ဖို့ သူတို့ ရိုးရိုးသားသား တောင်းဆိုခဲ့ကြပါတယ်။ သူတို့ အကျိုးအတွက် မဟုတ်ပါဘူး။

သူတို့ နောက်မှာ ဘယ်သူမှလည်း မရှိပါဘူး။ ရှိတယ် ထင်နေရင် အဲဒီ ထင်တဲ့သူတွေ မှားသွားပါလိမ့်မယ်။ ဦးခင်ညွန့် လုပ်ခဲ့သလို ဇာတ်လမ်းဆင်ပြီး အပြစ်ပုံချမယ် ဆိုရင်လည်း ဗကသ ကျောင်းသားတွေကို ထောင်ထဲ ပို့လိုက်လို့ ရပါလိမ့်မယ်။ အမှန်တရားကို ဖုံးဖိနိုင်မှာ မဟုတ်ပါဘူး။

အခု ကျောင်းသားတွေက ပညာရေးအတွက်ပဲ တောင်းဆိုခဲ့ကြတယ်။ အာဏာပိုင်တွေဘက်က နိုင်ငံရေး အောက်လုံးသုံးပြီး ပုံဖျက်ခဲ့တာတွေ ရှိခဲ့တယ်။ ပြီးတဲ့အခါ နိုင်ငံရေး ပုဒ်မတွေ တပ်ပြီး ထောင်ထဲပို့ဖို့ ခြေလှမ်းပြင်ပါတယ်။

(၁၂)
အခု အဖမ်းခံသူတွေထဲ၊ အရေးဆိုခဲ့ကြသူတွေထဲမှာ ကျောင်းသား မဟုတ်သူတွေ၊ အသက်ကြီးနေသူတွေ ပါတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ သူတို့တွေဟာ ကျောင်းသားတွေနဲ့ အတူ ရပ်တည်နေသူတွေပါ။ ကျောင်းသား မဟုတ်တော့ပေမဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုအပေါ် သစ္စာရှိမှုနဲ့ ပါဝင် လုပ်ကိုင်ခဲ့ပါ။

အခုချိန်မှာ အရေးကြီးဆုံးက ပင်မသပိတ်စစ်ကြောင်းမှာ ဖမ်းဆီးခဲ့သူ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးလိုက်ပါ။ ဒါကသာလျှင် အထိရောက်ဆုံး ဖြေဆေးကို ရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ လွှတ်တော် လမ်းကြောင်းကနေ ကျောင်းသားတွေအတွက် ပိုပြီး လုပ်ဆောင်ပေးသင့်ပါတယ်။ သာမန် ကြေညာချက် ပုံစံမျိုးထက် လွှတ်တော်တွင်းကနေ ကျောင်းသားတွေအတွက် အရှိန်မြင့် တောင်းဆိုပေးသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် အခု NLD မှာ ပါဝင်နေတဲ့ သူတွေ အပါအ၀င် နိုင်ငံရေးနယ်ပယ် ရောက်ရှိနေသူတွေဟာ ကျောင်းသား လှုပ်ရှားမှုတွေက တစ်ဆင့် ပေါက်ဖွားလာသူတွေ ဖြစ်ကြလို့ပါပဲ။

ကျောင်းသားတွေ မတရားသဖြင့် ရင်ဆိုင်နေရတာ အတွက် နိုင်ငံရေးအရ နှုတ်ဆိတ် နေသင့်တဲ့ အချိန် မဟုတ်ပါဘူး။

သေချာတာကတော့ အနှိပ်စက်ခံ၊ အဖမ်းခံ၊ အဖိနှိပ် ခံနေရတဲ့ ကျောင်းသားတွေ နောက်မှာ ဘယ်သူမှ မရှိပါဘူး။ ဒါပေမဲ့ မဖြိုးဖြိုးအောင်နဲ့ အဖွဲ့ စိတ်လျော့စရာ မရှိပါဘူး။ ၁၉၂၀ ကျောင်းသား သပိတ်ကို စခဲ့တဲ့ ကျောင်းသားတွေဟာ လူ ၂၀ လောက်ပဲ ရှိသလို မြန်မာ့ လွတ်လပ်ရေးကို ဦးဆောင် တိုက်ပွဲ ၀င်ခဲ့သူ၊ မြန်မာ့ တပ်မတော်ကို တည်ထောင်ခဲ့တဲ့ ရဲဘော်ကလည်း သုံးကျိပ်ပဲ ရှိပါတယ်။ ပြည်သူလူထုက အားပေးနေပါပြီ။ ကမ္ဘာကြီးက စောင့်ကြည့်နေပါပြီ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ကျောင်းသားတွေနိုင်တယ်




့ (၁၅၊၃၊၂၀၁၅) တနင်္ဂနွေနေ့ ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့ရှိ မြန်မာစစ်အာဏာရှင် သံရုံးရှေ့မှာ နေ့လည်(၁၂)နာရီမှ (၁)နာရီထိပြုလုပ်ခဲ့တဲ့ လက်ပံတန်းအကြမ်းဖက်မှုကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြသခဲ့ကြတဲ့ပွဲကို ဦးဆောင်ကျင်းပပေးခဲ့တဲ့ NLD(LA)KOREA BRANCH ၊တက်ရောက်ခဲ့ကြတဲ့ KYO(KOREA)BRANCH ၊ မြန်မာအသင်း၊ အနာဂတ်အလင်းရောင်လူမှုရေးအသင်း(ဂွမ်ဂျူး) နှင့် လူမှုရေး၊ အလုပ်သမားအရေးတွေကို ဦးဆောင်ပြုလုပ်ပေးနေကြတဲ့ညီအစ်ကိုများ နှင့် ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ညီအစ်ကိုများကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ကျနော်တက်ရောက်ခဲ့တဲ့ ဆန္ဒပြပွဲတွေထဲမှာတော့ အင်အားအများဆုံးနှင့် အတက်ကြွဆုံး ဆန္ဒပြပွဲတစ်ပွဲဖြစ်ပါသည်။

အားလုံးကိုလေးစားတယ်ဗျာ..တချို့ ဆို ..ဟိုး...အောက်ပိုင်း ပူဆန်၊ ဂေါ်ဂျယ်ဖက်ကလာရောက်ပူးပေါင်းကြတဲ့ညီအစ်ကိုတွေလည်းရှိကြောင်းသိရလို့ပိုပြီး လေးစားမိပါတယ်ဗျာ။ ကျောင်းသားစိတ်ဓါတ်၊ ခွပ်ဒေါင်းစိတ်ဓါတ်အပြည့်နဲ့..ကျနော်တို့ နောင်လာနောင်သားတွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီးလုပ်ဆောင်ပေးခဲ့ကြတဲ့ ကျောင်းသားတွေကို ကျနော်တို့ ကိုရီးယားနိုင်ငံရောက် အမှန်တရားနှင့် တရာမျှတမှုကို မြတ်နိုးတန်ဖိုးထားကြတဲ့ ညီအစ်ကိုရဲဘော်တွေကနေပြီး..ဝန်းရံ၊အားပေးထောက်ခံလိုက်ကြတဲ့ ဆန္ဒပြသပွဲပါပဲဗျာ။....ကျနော်တို့ကျောင်းသားတွေနိုင်ပါတယ်။

(မှတ်ချက်) ဓါတ်ပုံများကို ကိုရန်နိုင်ထွန်း ၊ ကိုချမ်းမြေ့နှင့် အနာဂတ်အလင်းရောင်လူမှုရေးအသင်း(ဂွမ်ဂျူး) တို့မှ ကူးယူဖော်ပြပါသည်။





ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အ ချ စ် ဂျီ ဟ ဒ် ရှိ သ လား

ရေးသားသူ — ငြိမ်းချမ်းအေး




မျိုးစောင့်ဥပဒေရဲ့ နောက်ဆက်တွဲထဲက တခုဖြစ်တဲ့ လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေဟာ အခုဆိုရင် လွှတ်တော်က အတည်ပြုပြီးခဲ့ပါပြီ။ တစ်လင်တစ်မယားစနစ် ဥပဒေက လွှတ်တော်မှာ နောက်ဆုံး အစီရင်ခံစာတင်တဲ့ အဆင့်ရောက်နေပါပြီ။ တခြားဥပဒေ (၂) ခု ဖြစ်တဲ့ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းနဲ့ လက်ထပ်ထိမ်း မြားခြင်းဆိုင်ရာတွေကလည်း ဥပဒေကြမ်းအဆင့်ပြီးလို့ လွှတ်တော်မှာရောက်နေကြပါပြီ။

ဒီထဲမှာ တစ်လင်တစ်မယား ဥပဒေကလွဲလို့ ကျန် (၃) ခုက လူထု လူအများကြားမှာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ပြင်းပြင်း ထန်ထန် ကန့်ကွက်ဖို့လိုတဲ့ တိုင်းပြည်အနာဂတ်အတွက် အမှန်တကယ်အရေးကြီးကိစ္စပါ။ ဒါပေမဲ့ လူအများစုက ဘာသာ ရေး/လူမျိုးရေး ဆက်စပ်ဆိုတော့ “ငါနဲ့မဆိုင်ပါဘူးလေ၊ ငါ့တို့ကို မထိပါဘူးလေ” သဘောနဲ့ ဘာသိဘာသာပဲ နေချင်ကြတယ် လို့ ယူဆမိတယ်။ စာနယ်ဇင်းမှာလည်း သတင်းပုံစံပဲ အများစု တွေ့ရတယ်။ ဆွေးနွေးတဲ့ သဘော အများအပြား မတွေ့ရ သလိုဖြစ်နေတာ သတိထားမိတယ်။ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လူနည်းစု ဘာသာအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်သံကလည်း အင်အားမကြီးခဲ့ဘူး။ ဒီလိုကန့်ကွက်မှုတွေ တိုးလျခဲ့လို့ကို အခုလွှတ်တော်မှာ ဥပဒေတွေပြဋ္ဌာန်းနိုင်တဲ့အဆင့် ရောက်ခဲ့တာ ပါပဲ။

တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ဒဏ်ရာ ဒဏ်ချက်များ ဖြစ်တဲ့ ပြည်တွင်းစစ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ နိုင်ငံရေးအကျပ်အတည်း၊ ကျောင်းသား၊ လယ်သမား၊ အလုပ်သမား၊ မြေသိမ်းယာသိမ်း အစရှိတဲ့ အမှုအစုစုက မျက် မှောက်မှာ ထိပ်တန်းရောက်နေတာကြောင့်လည်း ပါတယ်ဆိုတာ နားလည်ပါတယ်။

အမှန်တော့ ဥပဒေရေးရာက အင်မတန်အလေးထားဖို့လိုပါတယ်။ စစ်အစိုးရအဆက်ဆက် ဖိနှိပ်ရက်စက်မှုမျိုးစုံ ပြုလုပ်ခဲ့တာ မှာ အခုနောက်ဆုံး လက်ပံတန်းမှာ ကျောင်းသားကို အကြမ်းဖက်ခဲ့မှုဖြစ်စဉ်အထိ အားလုံးက တည်ဆဲဥပဒေတွေရဲ့ အရိပ် အာဝသအောက်ကနေ လုပ်ခဲ့ကြတာပါ။ ဥပဒေအရတို့၊ တရားဝင်တို့၊ အမိန့်အရတို့ရဲ့ အကျိုးဆက်က သိပ်ကြီးပါတယ်။ နာဇီခေတ်မှာ ဂျာမဏီတို့ ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်ခဲ့မှုအားလုံးဟာ အဲဒီခေတ် ဥပဒေတွေနဲ့ အားလုံးတရားဝင်ပါ တယ်။

ဒီလိုသဘောကြောင့် ဥပဒေပြုမှုတွေဟာ အရေးကြီးပါတယ်။ အဲဒီမှာမှ အခုလို ဘာသာရေး၊ လူမျိုးရေး ခွဲခြားလိုမှု အခြေခံက လာတဲ့ ဥပဒေတွေက ပိုအလေးထား စဉ်းစားဆွေးနွေး၊ လုပ်သင့်တာ လုပ်၊ ကန့်ကွက်စရာရှိရင် ကန့်ကွက်ရာမှာပါ။

ဒါကြောင့် ကျနော်ဟာ ဒီမျိုးစောင့်ကိစ္စအတွက် စတင်ရာ (၂၀၁၃) အင်းစိန်၊ ရွာမ သံဃာဆွေးနွေးပွဲတွေကနေစပြီး နောက် ပိုင်းတလျှောက်လုံး ကြိုးကြားကြိုးကြား ပြန်လည်ဝေဖန် တနိုင် အသံထွက်ခဲ့ပါတယ်။ အခုလည်း ဥပဒေတွေ အတည်ပြုတဲ့ အဆင့်ထိတောင် ရောက်လာပြီမို့ ပြည်တွင်းဂျာနယ်မှာ (၂) ပတ်ဆက် ဒီကိစ္စကိုဆွေးနွေးခဲ့ပါတယ်။

တကယ်တော့ အခု ကျောင်းသားသပိတ်၊ လောက်ကိုင်စစ်သတင်းတွေအရေးကြီးချိန်မို့ ကျနော့် ဒီမျိုးစောင့်အတွက် တန်ပြန် တဲ့စာတွေက လူစိတ်စားမှုရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော့်မူဝါဒက လူစည်ဖို့မဟုတ်၊ နာမည်ကြီးဖို့ မဟုတ်ဘဲ ပြော သင့်ပြောထိုက်ကိုပြောမှ တနိုင်ကျင့်ဝတ်တာဝန်ကျေမယ်၊ ကိုယ့်ဘာသာ လိပ်ပြာသန့်နိုင်မယ်ခံယူထားလို့ လူအများ ကြိုက် ကြိုက် မကြိုက်ကြိုက် ရေးရခြင်းပါပဲ။

အခု ဆောင်းပါးကတော့ အရင်ဆွေးနွေးခဲ့ဖူးပါတယ်။ ဒီတပတ်ထုတ်တဲ့ နောက်တပုဒ်ကတော့ အသစ်ဆွေးနွေးချက်ပါ၊ အတည်ဖြစ်သွားပြီ ဖြစ်တဲ့ လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာကို ဦးတိုက်ပြီး မျက်မှောက်ရေးရာ နိုင်ငံရေးနောက်ခံနဲ့ ဆွေးနွေးထားတာပါ။

အခု အရင်အပတ်ကထုတ်တဲ့ ပထမဆောင်းပါးမှာတော့ အရင်ဆွေးနွေးဖူးခဲ့တဲ့ ‘Love Jihad’ ကို ပြန်လည်တင်ပြထားပြီး မျိုးစောင့် စ်မှတ်ထားလိုတဲ့ ဗမာမွတ်ဆလင် အသိုင်းအဝန်းအတွက် သတင်းစကား အကြံပြုထားခြင်းပါ။ ဗမာမွတ်ဆလင် တွေအနေနဲ့ ဘာသာရေးကို အသုံးချနေတဲ့အစိုးရကို အားမကိုးဘဲ နိုင်ငံတကာက ဘာသာရေးအဖွဲ့အစည်းမဟုတ်တဲ့ ဘက် မလိုက် လူမှုရေးအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းအကူအညီယူပြီး တိုင်းပြည်မှာ လူအများကြား အမုန်းတရားကျယ်ပြန့်အောင် စနစ်တကျလုပ်နေတဲ့ စွပ်စွဲချက်တွေကို စနစ်တကျ သုတေသနဆန်ဆန် အချက်အလက်နဲ့ ပြန်လည်ချေဖျက်ဖို့လိုကြောင်း အဓိက အကြံပြုထောက်ပြလိုခြင်းပါပဲ။ ဆွေးနွေးမှုကို အောက်မှာရှုပါ ခင်ဗျား။ ဆန္ဒရှိပါကလည်း ပြန်လည်ဝေဖန်ထောက်ပြ ဆွေးနွေးပါ။

● ‘အချစ်ဂျီဟဒ်’ အစ
‘Love Jihad’ ဆိုတဲ့ အသုံး လွန်ခဲ့တဲ့နှစ်များကစပြီး နိုင်ငံတကာမှာ ထင်ထင်ရှားရှား ဖြစ်လာတယ်။ ကျနော်တို့ဆီမှာလည်း ဒီသဘောကို နာမည်တပ်လိုက်တာ ဒုတ်ထိုးအိုးပေါက် ‘သားဖောက်သာသနာပြုခြင်း’ ပါတဲ့။ မြန်မာ စကားလုံးရဲ့ ဇာစ်မြစ် သမိုင်း ‘Etymology’ ကို စစ်ရင် နိုင်ငံတကာထက်တောင် စောဦးမလား မသိပါ။ နာမည်ကြီး စာရေးဆရာကြီးတချို့၊ ဘုန်း တော်ကြီး တချို့အစ္စလာမ်အကြောက် အမုန်း ‘Islamophobia’ စိတ်အခံနဲ့ ဟိုးအရင် ဆယ်စုနှစ်လောက်ကတည်းက ဒီ သဘောတွေ မြွက်ဟတတ်တာ သတိထားမိခဲ့ပါတယ်။

ဒီမှန်းဆသီအိုရီ စွပ်စွဲချက်ကမှန်နေရင် တော်သေးတယ်။ မမှန်ရင် အပြောခံရတဲ့ ဘာသာ/လူမျိုးကွဲ တဖက်အုပ်စုက အခံရ ခက်တာပေါ့။ ပြီးတော့ စကားလုံးအသုံး ပြင်းထန်မှုကြောင့် လူအများကြား ဟုတ်နိုးနိုးနဲ့ ပိုယုံထင်ကြောင်ထင် ဒွိဟဖြစ်လာ၊ ပြဿနာပိုကြီးလာ၊ ရှင်းဖို့ခက်လာပြီး တဖက်နဲ့တဖက် မယုံသင်္ကာပိုဖြစ်၊ နောက်ဆုံး ပြင်းထန်တဲ့ပဋိပက္ခတွေအထိ ဖြစ်လာ ခဲ့တယ်။ ဒီလိုနဲ့ တိုင်းပြည်မှာ ရာစုနဲ့ချီ တမြေတည်းနေ၊ တရေတည်းသောက်ခဲ့ကြတဲ့ မတူကွဲပြားတဲ့ နောက်ခံရှိ နိုင်ငံသား အချင်းချင်း ရေရှည်မှာ ဖျောက်ဖို့ခက်တဲ့ စိတ်ဝမ်းကွဲ ဒဏ်ရာအမာရွတ်တွေ ထင်ကျန်လာတော့တာပါပဲ။

● ‘မျိုးစောင့်ဥပဒေ’ အကြောင်းရင်းခံ
သံဃာတော်တချို့ ဦးဆောင်တောင်းဆိုမှုက အစပြုခဲ့ပြီး အခုလွှတ်တော်မှာတောင် တချို့အတည်ပြုလိုက်ပြီ ဖြစ်တဲ့ ‘မျိုးစောင့်ဥပဒေများ’ ထုတ်ပြန်လိုမှုရဲ့ အရင်းစစ်က ဒီ ‘အချစ်ဂျီဟဒ်’ မှန်းဆသီအိုရီ (Conspiracy Theory) ကြောင့်လို့ ဆိုနိုင်ပါတယ်။ ဒီဖြစ်စဉ်မှာ သတိပြုဖွယ်ရာက ဒီလိုသဘောနီးစပ် စကားမျိုးကို အပြောခံ အုပ်စုဘက်ကပါ ‘အပြောင်အပြက်’ ပြောလေ့ရှိတာကိုပါ။ ကျနော်ကိုယ်တိုင် မကြခဏဆိုသလို ကြားဖူးခဲ့တယ်။ ဘာသာကွဲနဲ့ လူငယ်ဘာသာဘာဝ ချစ်ကြိုက် မိရာက လက်ထပ်ဖို့အထိဖြစ်လာရင် ဘာသာတူ သူငယ်ချင်းများကြား နောက်ပြောင်ရင်း ‘ကောင်းတာပေါ့၊ သာသနာပြုပြီး သားလည်း ဖြစ်တာပေါ့..’ လို့ ‘ပြက်ချော်ချော်’ ပြောလေ့ရှိတာ သတိထာမိခဲ့တယ်။ ‘အပြက်အပြက်နဲ့ နှာခေါင်းသွေးထွက်’၊ ‘အမှိုက်ကစ ပြဿဒ်မီးလောင်’ ပြီး အခုတော့ ဘာသာကွဲတွေကြားမှာ တကယ် အမြင်မှား၊ ထိထိရောက်ရောက် စွပ်စွဲ၊ အရေးယူချင်စရာဖြစ်လာခဲ့ခြင်းဟာ သက်ဆိုင်ရာဘာသာဝင်များ သတိပြုဆင်ခြင်ဖွယ်ပါ။

● လက်ထပ်ခြင်းဆိုင်ရာ မတူညီတဲ့ ထုံးတမ်းများ
ဒီ ‘အချစ် ဂျီဟဒ်’ မှန်းဆချက်ထုတ်မှုက အစွပ်စွဲခံအုပ်စုရဲ့ ဘာသာတရား အစ္စလာမ်ထုံးက လက်ထပ်ခြင်းဆိုင်ရာ ဓလေ့ ကြောင့်လို့ ဆိုနိုင်ပါတယ်။ အစ္စလာမ်သာသနာဟာ ပေါ်ထွန်းခဲ့တဲ့ ခေတ်နောက်ခံ၊ ပထဝီဝင် ဒေသအခြေအနေကြောင့် အ ခြား ဘာသာကြီးတွေနဲ့ယှဉ်ရင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ပိုပြီးတိတိကျကျ ဆို သလို ပြဋ္ဌာန်း သတ်မှတ်ထားတာ လေ့လာမိသလောက် သတိပြုမိပါတယ်။

ဥပမာ – စီးပွားရှာရမှာ ဘာသာ ပေါ်ဦးစ ဒေသတွင်း ခေတ်အနေအထား ကြီးစိုးနေတဲ့ အတိုးကြီးစားမှု ကို ပပျောက်စေချင်တော့ အတိုးယူ စီးပွားရှာမှုကို ပြင်းပြင်းထန်ထန် တားမြစ်တာမျိုး၊ ကျေးကျွန်တွေကို လွတ်ငြိမ်းချမ်းသာပေးတာမျိုး၊ အလုပ်သမား လုပ်ခ ကို ဘယ်လိုအချိန်၊ ဘယ်လိုပုံစံနဲ့ မျှမျှတတ ဘယ်လိုပေးရမယ် ဆိုတာမျိုးနဲ့ စီးပွားရှာရာမှရရှိတဲ့ အမြတ်ကို ဘယ်လို သုံးစွဲ၊ စုစောင်း၊ လှူဒါန်းမှုမျိုးပြုရမယ်ဆိုတာမျိုးတွေကို တိတိကျကျ လမ်းညွှန်တာမျိုးကို ဆိုလိုပါတယ်။ ဒါကြောင့် ကိုးကွယ် ယုံကြည်မှုနဲ့မဆိုင်တဲ့ လွတ်လပ်တဲ့ လေ့လာသူ နိုင်ငံတကာပညာရှင်တွေက အစ္စလာမ်အယူဝါဒကို စတင်ဖော်ထုတ်တဲ့ ခေါင်းဆောင် တမန်တော် မုဟမ္မဒ်ကိုဆိုရင် သြဇာကြီးမားလှတဲ့ လူမှုရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်အနေနဲ့ပါ သတ်မှတ်လေ့ရှိကြတာကို တွေ့ရပါတယ်။

ဆိုချင်တာက မွတ်ဆလင်တွေအတွက် လက်ထပ်ခြင်းနဲ့ပတ်သက်လို့ တိတိကျကျ သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေရှိ ပါတယ်။ ဘာသာကွဲသူများအကြား အိမ်ထောင်ပြုမှု အတွက်လည်း အတိအကျ ပြဋ္ဌာန်းထားပါတယ်။ တခြားဘာသာကြီး တချို့မှာဆိုရင် ဒီလို သတ်မှတ်ချက်မျိုး အတိအကျရယ် မရှိဘူးလို့ ဆိုနိုင်ပါတယ်။

ဥပမာ – ကမ္ဘာ့ရှေးအကျဆုံး ဘာသာကြီးတခုဖြစ်တဲ့ ဟိန္ဒူဘာသာယုံကြည်မှုအရဆိုရင် ဘုရားကိုရှာတဲ့နေရာမှာ၊ ပရမတ္တ သစ္စာကို ရှာရမှာ မရေမတွက်နိုင်တဲ့ ကွဲပြားတဲ့လမ်းတွေရှိမယ်။ ဒါပေမဲ့ ခရီးအဆုံးမှာ (နိဗ္ဗာန်မှာ) အားလုံးဟာ အတူတူပဲလို့ ယူဆတဲ့ အတွက် ဟိန္ဒူတယောက်နဲ့ ဟိန္ဒူမဟုတ်သူတယောက်အကြားမှာ အဓိပ္ပါယ်သတ်မှတ်ချက် ကွဲပြားမှုမရှိပါဘူး။ ဒါကြောင့် ကိုးကွယ်ယုံကြည်မှုဆိုတာ ပုဂ္ဂလိကအခွင့်အရေးနဲ့ ရွေးချယ်မှုသက်သက်ဖြစ်တယ်၊ ကြိုက်တဲ့လမ်းရွေး၊ ကြိုက်တာ ကိုးကွယ်ဆိုတဲ့ အယူအဆအရ ဘာသာကွဲနဲ့လက်ထပ်မှုကို သတ်သတ်မှတ်မှတ် လမ်းညွှန်မှုပြုမထားဘူး။ ဟိန္ဒူအသိုင်း အဝန်းမှာ လူမှုရေးထုံးအရတော့ ရှေးရိုးစွဲများအကြား မတူကွဲပြားအိမ်ထောင်ပြုမှုအပေါ် ပြင်းထန်တဲ့ တားမြစ်ချက်သဘော ထားတွေ ရှိပါတယ်။ ဘာသာရေးအရ သီးသန့်လမ်းညွှန်မထားခြင်းကိုသာ ဆိုလိုတာပါ။

ခရစ်ယာန်ဘာသာမှာဆိုရင်လည်း သမ္မာကျမ်းစာကို ဘုရားကျောင်းတော် (ဂိုဏ်း) တခုနဲ့တခု အနက်ကောက်ရာမှာ မတူညီ တဲ့အတွက် ဘာသာကွဲ လက်ထပ်မှုခွင့်ပြုတာရှိသလို၊ ပြင်းထန်တဲ့အဖွဲ့တွေမှာလည်း တားမြစ်ထားတာ ရှိပါတယ်။ ဓမ္မသစ် ကျမ်းစာမှာ ယုံကြည်မှုမရှိသူ လင် (သို့မဟုတ်) မယားဟာ ယုံကြည်မှုရှိသူ မိမိအိမ်ထောင်ဖက်မှတဆင့် မြင့်မြတ်တဲ့ ကောင်း ကင်ဘုံကို ရောက်နိုင်တယ်ဆိုတဲ့သဘောမျိုးပါတဲ့အတွက် ယေဘုယျသဘော ဘာသာကွဲနဲ့လက်ထပ်ခြင်းကို ခွင့်ပြုထား တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ လက်ထပ်မှုပုံစုံ ဘယ်လို၊ ဘယ်ပုံဆိုပြီး အတိအကျ လမ်းညွှန်ထားမှုမျိုးတော့ မရှိပါဘူး။

(စကားချပ် – ကိုးကွယ်ယုံကြည်မှုတွေမှာ ဘာသာတူချင်းတောင်မှ ဂိုဏ်းအမျိုးမျိုးကွဲ၊ ကောက်ယူပုံ၊ နေထိုင်၊ ကျင့်ကြံပုံ အမျိုးမျိုး ရှိပါတယ်။ အခုရေးသားချက်တွေဟာ ယေဘုယျသဘောသာ ဖြစ်ပါတယ်။)

ဗုဒ္ဓဘာသာမှာ ဆိုရင်လည်း ကိလေသာနဲ့ ဆက်စပ်တဲ့ အိမ်ထောင်သားမွေးပြုမှုဟာ ဘာသာတရားနဲ့ မပတ်သက်တာကြောင့် လက်ထပ်မှုအပြုဟာ ဘာသာရေးနဲ့ လုံးလုံးမသက်ဆိုင်တဲ့ကိစ္စ ‘Pure Secular Affair’ အဖြစ် သတ်မှတ်ပါတယ်။ ငါးပါးသီလ လို ကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက်တွေမှာ လိင်ပိုင်းဆိုင်ရာ မလျော်မကန် မပြုအပ်ဖို့ တားမြစ်ထားတဲ့ အချက်တော့ ရှိပါ တယ်။ ဒါပေမဲ့ အိမ်ထောင်မှုပြုခြင်းအတွက် သီးသန့်လမ်းညွှန်မှုမျိုးတော့ အတိအကျ မရှိပါဘူး။ ယေဘုယျဆိုရရင် ဗုဒ္ဓဟာ ဆင်းရဲခြင်း ချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်း ညွှန်ကြားရာမှာ မွေးဖွား၊ ကြီးပြင်း၊ အို၊ နာ၊ သေ အားလုံးဟာ ဆင်းရဲခြင်း ချည်းပဲဆိုတဲ့ ဒုက္ခသစ္စာ အမှန်တရားကို သိမြင် ရှုတတ်အောင် လမ်းပြခဲ့တဲ့အတွက် အိမ်ထောင်သားမွေးပြုခြင်းရဲ့ ဒုက္ခ ဆင်းရဲခြင်းကို ဟောကြားခဲ့တာတွေ ရှိပါတယ်။ အတိုဆိုရရင် ဗုဒ္ဓဘာသာဝင်တွေအဖို့ လက်ထပ်ထိမ်းမြားခြင်းဟာ လောကီ လူမှုကိစ္စသက်သက်၊ ဘာသာတရားနဲ့ လုံးလုံး မဆက်စပ်ဘူးလို့ ဆိုနိုင်ပါတယ်။

အစ္စလာမ်အယူမှာတော့ အိမ်ထောင်ပြုမှုအတွက် လမ်းညွှန်ချက်တွေ သီးသန့်ရှိပါတယ်။ မွတ်ဆလင် အမျိုးသမီးတွေကို ဘာသာကွဲနဲ့ လုံးလုံး လက်ထပ်ခွင့်မပေးပါဘူး။ အမျိုးသားတွေကိုတော့ ကျမ်းစာပါ အခြားဘာသာနှစ်ခုဖြစ်တဲ့ ဂျူးနဲ့ ခရစ် ယာန်ဘာသာဝင်အမျိုးသမီးတွေနဲ့ လက်ထပ်ခွင့်ပေးပါတယ်။ သားသမီးကိုလည်း မွတ်ဆလင်အဖြစ်သာ ကြီးပြင်းစေရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒီလို အတိအကျ ပြဋ္ဌာန်းထားခြင်းကလည်း ဘာသာအယူ စတင်ထူထောင်ချိန်က အစ္စလာမ်ဝါဒဟာ ပေါ်ထွန်းရာဒေသတွင်းမှာ အပြင်းအထန် နှိပ်ကွပ်မှုတွေဒဏ်ခံခဲ့ရခြင်းကြောင့် ကာကွယ်တဲ့သဘော ဆောက်ရွက်ခဲ့ဟန်ရှိ တယ်လို့ သမိုင်းနဲ့ယှဉ် သုံးသပ်နိုင်ပါတယ်။

ဒီသဘောကြောင့် ဒါဟာ မွတ်ဆလင်ဘာသာဝင်အရေအတွက်တိုးပွားအောင် စနစ်တကျ ကြံဆောင်ထားခြင်းသာ ဖြစ်တယ် ဆိုပြီး မှန်းဆသုံးသပ်ကြတဲ့ ‘အချစ်ဂျီဟဒ်’ သီအိုရီ ပေါ်လာခြင်းဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ မွတ်ဆလင် အမျိုးသားတွေဟာ မွတ်ဆလင်မဟုတ်တဲ့ အခြားဘာသာဝင် အမျိုးသမီးတွေ၊ အထူးသဖြင့် လူမှု၊ စီးပွား တခုခုချို့ယွင်းမှုကြောင့် သိမ်းသွင်း ဖို့ပိုလွယ် ‘Vulnerable’ ဖြစ်တဲ့ အမျိုးသမီးတွေကို ချစ်ခင်စုံမက်မှု အကြောင်းပြ လက်ထပ်ပြီး ဘာသာထဲကို သွတ်သွင်းကြရင်း သာသနာပြန့်ပွားအောင် လုပ်နေခြင်းဖြစ်တယ်ဆိုတဲ့ အယူအဆ စွပ်စွဲမှုတရပ် ဘာသာမတူသူတွေကြားမှာ ဖြစ်လာပါတော့ တယ်။

● အိန္ဒိယ ဖြစ်စဉ်
လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က အိန္ဒိယမှာ အစ္စလာမ်အခြေခံဝါဒီ အုပ်စုတစုက ဦးစီးပြီး ‘အချစ်ဂျီဟဒ်’ ဆင်နွှဲကာ သူတို့ ဘာသာဝင် အမျိုးသမီးငယ်တွေကို အစ္စလာမ်ဘာသာထဲကို သိမ်းသွင်းနေတယ်ဆိုပြီး ဟိန္ဒူနဲ့ခရစ်ယာန် ဘုန်းကြီးတွေက စွပ်စွဲခဲ့ဖူးပါတယ်။ ဒီလို စနစ်တကျနဲ့လှုပ်ရှားမှု ‘Campaign’ ပုံသဏ္ဌာန် ဆောင်ရွက်နေတဲ့ အစ္စလာမ်အုပ်စုကို နိုင်ငံခြားက အစ္စလာမ်အဖွဲ့တွေကလည်း ငွေကြေးထောက်ပံ့ကူညီပြီး အားပေးနေတယ်ဆိုပြီး တပါတည်း ဆိုလာခဲ့ကြပါတယ်။ ဒါ ကြောင့် အစိုးရနဲ့ တရားရေးအဖွဲ့တွေက ဒီကိစ္စကို တရားဝင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ဖူးကြပါတယ်။ ပုဂ္ဂလိက တဦးချင်း ဆန္ဒနဲ့ မိမိ ဇနီး၊ မယား ဘာသာခြားကို အဓမ္မ ဘာသာပြောင်းခိုင်းမှုတချို့ တွေ့ရှိခဲ့ပေမဲ့ အဖွဲ့အစည်း ပုံစံ၊ ရည်ရွယ်ချက် ရှိရှိ ကျူးလွန်မှုပုံစံမျိုးနဲ့ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် လုပ်တာမျိုး မတွေ့ရဘူးလို့ စစ်ဆေး ဖော်ထုတ်တွေ့ရှိချက်ကို သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ အမျိုးသားရေး စာနယ်ဇင်း တချို့က ဒီကိစ္စကို အလေးပေးရေးသား ဆွေးနွေးနေ ဆဲပါ။ အထူးသဖြင့် ဘာသာရေး အစွန်းရောက်တွေက မုန်းတီးမှုတွေ လူအများကြား ပြန့်နှံ့စေဖို့ အွန်လိုင်းမှာ အင်တိုက်အား တိုက် ဝါဒဖြန့်နေကြဆဲပါပဲ။

● ယူကေ ဖြစ်စဉ်
ဗြိတိန်နိုင်ငံမှာလည်း အလားတူ စွပ်စွဲမှုမျိုး နိုင်ငံသား အိန္ဒိယအနွယ် ဆစ်ခ်လူမျိုးစု အသိုင်းအဝန်းမှာ ဖြစ်ခဲ့ဖူးပါတယ်။ ဆစ်ခ် အမျိုးသမီးငယ် ပညာတတ်လေးတွေဟာ မွတ်ဆလင်တွေရဲ့ ပစ်မှတ်ထား ‘အချစ်ထောင်ခြောက်’ နဲ့ သိမ်းသွင်းခြင်းခံနေ ရတယ်။ နောက်ပိုင်းမှာ အဓမ္မ ဘာသာပြောင်းခံရမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ် ဆိုပြီး ဆစ်ခ်တွေကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဒါကြောင့် (၂၀၀၈) ခုနှစ်တုန်းက လိဒ်စ်တက္ကသိုလ် ‘လူမျိုးစု နှင့် လူမျိုးရေးခွဲခြားမှု လေ့လာရေး’ ဌာန ကဦးစီးပြီး လွတ်လပ်တဲ့ ပညာရပ်ဆိုင်ရာ လေ့လာဆန်းစစ်မှု လုပ် စစ်ဆေး တွေ့ရှိချက်ကို အစီအရင် ခံစာ ထုတ်ခဲ့ရဖူးပါတယ်။ လေ့လာချက်အရ စွပ်စွဲမှုတွေဟာ အခြေအမြစ်မရှိဘဲ ချဲ့ကားပြောဆိုမှုတွေသာဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့တယ်။ မွတ်ဆလင် တွေကို မကောင်းဆိုးဝါးတွေအဖြစ် ယူဆနေတဲ့ အစ္စလာမ် အကြောက်၊ အမုန်း ရောဂါရဲ့ လက္ခဏာ တရပ်သာ ဖြစ်တယ်ဆိုပြီး အဆုံးသတ် ကောက်ချက်စွဲ ထုတ်ပြန်ခဲ့ရဖူးပါတယ်။

● ဗမာပြည် ဖြစ်စဉ်
ဆိုလိုချင်တာက ‘အချစ်ဂျီဟဒ်’ ပြဿနာဟာ နိုင်ငံတကာမှာလည်း စိုးရိမ်စွပ်စွဲမှုတွေ ရှိခဲ့တယ်။ မှန်ကန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေလည်း ပြုခဲ့တယ်ဆိုတာကို မြင်စေလိုခြင်းပါ။ အခု ကျနော်တို့ဆီမှာလည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကအစ နိုင်ငံရေးပယောဂကြောင့်လည်းပါတဲ့ ဘာသာရေး အမုန်းပွားမှု၊ အကြမ်းဖက်မှုတွေနဲ့အတူ ဒီ ‘အချစ်ဂျီဟဒ်’ သဘောကို အသားပေး လူအများကြား ပြောဆို၊ ဆွေးနွေးလာကြသလို၊ ဘာသာရေးအစွဲကြီးသူ တချို့ကလည်း အွန်လိုင်း/ပြင်ပ ပြင်းပြင်းထန်ထန် ဝါဒဖြန့်ချိ လာကြပါတယ်။ ဘာသာရေး ပဋိပက္ခ ဖြစ်ပေါ်စေလိုသူတွေ၊ ခေတ်နောက်ပြန်ဆွဲသမားတွေ၊ အစွန်းရောက် ကျဉ်းမြောင်းသူတွေကလည်း နေရာတိုင်းမှာ ဘာသာမတူသူချင်းအကြား ပိုမိုအထင်အမြင် လွဲမှားစရာ အဖြစ်အပျက်တွေကို ချဲ့ကား ဖော်ထုတ်ခြင်း၊ မမှန်အချက်အလက်များကို ပုံဖျက် ဖြန့်ဖြူးနေခြင်းဖြင့် လူအုပ်စု နှစ်စု အကြား အမုန်းတရားနဲ့ သံသယဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ပြန့်နှံ့လာနေပါတယ်။ မန္တလေးက နာမည်ကျော် အမျိုးသားရေး ကိုယ်တော်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဆို နေ့စဉ် ဒီကိစ္စဆက်စပ်ချည်းပဲ အတင်းချရာ၊ ဝါဒဖြန့်ရာ နေရာဖြစ်လို့နေပါတယ်။ အခုနောက်ဆုံး အစိုးရနဲ့ လွှတ်တော်ကလည်း မလိုလားအပ်တဲ့ အငြင်းပွားဖွယ် ဥပဒေတွေပြုဖို့အထိ ဖြစ်လာခဲ့ရပါပြီ။

● ဘာစလုပ်သင့်သလဲ
ဖြစ်သင့်တာက နိုင်ငံတကာမှာလို အစိုးရ၊ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းတွေ၊ ပညာရှင်တွေက ဦးစီးပြီး လွတ်လပ်မျှတပြီး မြင်သာထင်သာရှိတဲ့ ပညာရပ်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုမျိုး အရင် ပြုလုပ်ရပါမယ်။ ပြီးတော့ ထုတ်ဖော်တွေ့ရှိချက် ကို အများပြည်သူနဲ့ နိုင်ငံတကာ၊ အထူးသဖြင့် ကမ္ဘာ့မွတ်ဆလင် အသိုင်းအဝန်းကို မှန်မှန်ကန်ကန် အကျိုး/အကြောင်း အညီ ချပြနိုင်ရပါမယ်။ ‘အချစ်ဂျီဟဒ်’ သီအိုရီဟာ လူအများ ထင်ယောင်မှားမှုလား၊ အစ္စလာမ် အမုန်းရောဂါ ရဲ့ ပြဿနာ နောက် ဆက်တွဲလား၊ ဒါမှမဟုတ် တကယ်ပဲ လက်တွေ့လူ့အဖွဲ့အစည်းက အမျိုးသမီးငယ်တွေ ခံစားနေရသလား ဆိုတာ ဘက်မ လိုက်တဲ့ စုံစမ်းစစ်ဆေးမှု အရင်လုပ်ရပါမယ်။ လူမျိုး/ဘာသာအစွန်းရောက်တွေ အွန်လိုင်းနဲ့အပြင်မှာ လက်လွတ် စပယ်၊ လေဖမ်းဝါးလုံးတန်းချည် ပြောဆို၊ ရေးသား နေမှုမျိုး၊ အမှန်တဝက် အမှားတဝက် ရောစွက် ပုံဖျက်ထားတဲ့ အချက်အလက်မျိုး၊ အမုန်းစကားပွား ဝါဒဖြန့် မှိုင်းတိုက်နေမှုမျိုးတွေကို အခြေခံပြီး ဥပဒေတွေပြုချင်လို့ မဖြစ်ပါ။ ဘက်မလိုက်၊ အစွဲကင်းတဲ့ ပကတိ အခြေအမှန်ကို အရင်သိအောင် သုတေသန ပြုရပါမယ်။

တကယ်တော့ ကျနော်တို့ ပြည်တွင်းမှာလည်း ‘Love Jihad’ စွပ်စွဲမှုဟာ နိုင်ငံတကာမှာလိုပဲ ယုတ္တိကျတဲ့ အချက်အလက်ကို နောက်ခံထားခြင်း မဟုတ်ပါ။ အမုန်းတရားဖြန့်ဖြူးခြင်းသက်သက်ပါပဲ။ ဒါကို ချေဖျက်နိုင်အောင်၊ နောက်ဆက်တွဲ ဖြစ်ပေါ် နေတဲ့ မလိုလားအပ်တဲ့ ဥပဒေတွေ၊ အမုန်း၊ အာဃာတ၊ အငြိုး၊ ရန်ပွဲတွေ တိုင်းပြည်မှာ ဆက်လက် ရှင်သန် မီးမတောက်အောင် ဗမာမွတ်ဆလင် (ဗမာပြည်က နိုင်ငံသား အစ္စလာမ် ဘာသာဝင်) အသိုင်းအဝန်းကိုယ်တိုင်က ဦးဆောင် ဆော်သြပြီး သိပ္ပံနည်းကျ ပညာရပ်ဆန်ဆန် လေ့လာမှုတွေ အဖွဲ့ပေါင်းစုံပါ ဘက်မလိုက်အဖွဲ့တွေနဲ့ အတူ ပြုလုပ်ဖို့ လိုနေပါတယ်။

‘သားဖောက်သာသနာပြုနေတယ်’ ရိုးစွပ်လိုမှု ပပျောက်သွားရင် အမုန်းတရားပွားလိုသူများရဲ့ လှည့်ကွက် စနက်တွေ အလုပ်ဖြစ်အောင်မြင် တွင်ကျယ်တော့မှာ မဟုတ်ပါ။ ဒါမှ ဘာသာ/လူမျိုးစုံ ချစ်ကြည် ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မှာပါ။ အချစ်ဂျီဟဒ်နဲ့ အစ္စလာမ်အမုန်းရောဂါ ဆက်စပ်အကြောင်းအရာတွေ နောက်အပတ်တွေမှာ ဆက်လက်ဆွေးနွေး တင်ပြပါမယ်။

ငြိမ်းချမ်းတဲ့ လူ့ဘောင်သစ်ကို မျှော်ရည်လျက်…။

ငြိမ်းချမ်းအေး
မတ် ၀၃၊ ၂၀၁၅ (အသစ်ပြင်ဆင်တည်းဖြတ် ရေးခဲ့သည့် ရက်စွဲ)

(မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရန် အမျိုးသားရေး သံဃာတော်များ အင်းစိန်၊ ရွာမ ပရိယတ္တိစာသင်တိုက်တွင် ဆွေးနွေးတိုက်တွန်း ကနဦး ကြေညာချက်ထုတ်ပြန်ခဲ့သည့်ကာလ (၂၀၁၃) ခုနှစ် ဇွန်လ (၁၇) ရက်နေ့တွင် မိုးမခ၌ တုံ့ပြန် ပြန်လည်ဆွေးနွေး ရေးသားခဲ့သည့် “Love Jihad Conspiracy: ‘အချစ်ဂျီဟဒ်’ ရဲ့ နောက်ဆက်တွဲ စာမျက်နှာများ” ဆောင်းပါးဟောင်းကို ကျောရိုး အခြေခံ၍ အသစ် ပြန်လည်ရေးခဲ့ခြင်း ဖြစ်သည်။ မန္တလေး Friday Times News Journal အတွဲ (၁)၊ အမှတ် (၄)၊ (၂၀၁၅) ခုနှစ် မတ်လ (၀၆) ရက် သောကြာနေ့ထုတ်တွင် ပုံနှိပ်ခဲ့သည်။ ယခု မိုးမခတွင် အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။ ဆောင်းပါးပါ အာဘော်ကိုဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

နာဇီ သားကြောဖြတ် ဥပဒေအတိုင်း မြန်မာပြည်မှာဖြစ်လာတာ့မလား

ရေးသားသူ — ငြိမ်းချမ်းအေး



အမျိုးသားရေး သံဃာတချို့ ဦးဆောင်တောင်းဆိုခဲ့တဲ့ မျိုးစောင့်ဥပဒေရဲ့ ရလဒ်တခု အဖြစ် လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းကို လွှတ်တော်မှာ ပြီးခဲ့တဲ့လကအတည်ပြုခဲ့တာ စိတ်ဝင်စားသူများ သတိပြု မိခဲ့မယ် ထင်ပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ ကိုးကန့်စစ်ပွဲ၊ ကျောင်းသား ပညာရေးလှုပ်ရှားမှု၊ အလုပ်သမား သပိတ်၊ မြေသိမ်း ယာသိမ်း ဆန္ဒပြမှုတွေနဲ့ အစိုးရကိုင်တွဲ ဖြေရှင်းပုံမှားယွင်းမှု ဝေဖန်ထောက်ပြစရာ တင်းတွေကြားမှာ ဒီသတင်းက နောက်ရောက်နေသလို ဖြစ်နေပေမဲ့ တိုင်းပြည်ရဲ့အနာဂတ်အတွက် ဒီကိစ္စဟာလည်း အရေးကြီးပါတယ်။

အတည်ပြုလိုက်တဲ့ လူဦးရေ ထိန်းညှိခြင်း ဥပဒေပါ ပုဒ်မ ၂ (ဂ) အရ (၃၆) လ ခြားပြီးမှ ကလေးမွေးဖွားခွင့်ကို ကျန်းမာရေးရာ ရှုထောင့်က ကျွမ်းကျင်သူ သက်ဆိုင်ရာမိသားစု ကျန်းမာရေးပညာရှင်များ ဆွေးနွေးထောက်ပြတဲ့ အမြင်တွေ ရှိပြီးဖြစ်ပါတယ်။ ကျနော့်အနေနဲ့ သားဆက်ခြားမှုကာလကို ဘယ်ရွေ့ဘယ်မျှကတော့ အကောင်းဆုံး၊ ဒီ (၃၆) လတော့ မဖြစ်သင့်ဆိုပြီး ကိုယ်မသိတဲ့ ဆေးပညာသဘောကို အခြေခံ မကန့်ကွက်လိုပါ။ ဥပဒေကို နိုင်ငံရေးအာဏာအတွက် အသုံးချလိုခြင်းနဲ့ မွေး ရာပါ လူသားအခွင့်အရေး အိမ်ထောင်ပြု သားမွေးမှုကို ဥပဒေအရ သတ်မှတ်ပြဋ္ဌာန်းလိုခြင်းသဘောကိုတော့ နိုင်ငံသား တယောက်၊ လူသားတယောက်အနေနဲ့ ကျင့်ဝတ်အသိတာဝန်အရ ကန့်ကွက်ဆွေးနွေးရပါမယ်။

ပထမအချက်အဖြစ် အတည်ပြုလိုက်တဲ့အထဲမှာ ဥပဒေတခု ပြဋ္ဌာန်းပြီး ဥပဒေပုံစံမမည်ဘဲဖြစ်နေတဲ့ “တားမြစ် အရေးယူမှု မရှိ” ဆိုတဲ့သဘောကို စမြင်စေချင်ပါတယ်။ လက်တွေ့အကောင်အထည်ဖော်ဖို့ ဘာမှ မည်မည်ရရ မသတ်မှတ်၊ နောက် ဆက်တွဲ အရေးယူမှု မရှိဆိုမှတော့ ဘာကြောင့် ဥပဒေ တရားဝင်ပြဋ္ဌာန်းဖို့ လိုပါသလဲ။ လက်ရှိရှိပြီး နိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့ ကျန်းမာရေးဌာနတွေ ပူးပေါင်းဆောင်ရွက်နေတဲ့ သားဆက်ခြားရေး ပညာပေးအစီအစဉ်တွေ ပိုမိုကောင်းမွန် စနစ် တကျ တနိုင်ငံလုံးအနှံ့လုပ်နိုင်ဖို့စီမံတာက ပိုလက်တွေ့မကျဘူးလား။

ဒါပေမဲ့ အခုလို အလုပ်ပို ဥပဒေထုတ်ရခြင်းက နောက်ခံ အကြောင်းရှိပါတယ်။ ဒါကတော့ ဥပဒေတွေကို မဲလက်နက်အဖြစ် အသုံးချလိုခြင်းဆိုတဲ့ အတွင်းရည်ရွယ်ချက်ပါ။ မျိုးစောင့်ထောက်ခံသူ သံဃာနဲ့လူထုလည်း ကြည်ဖြူအောင် နိုင်ငံတကာ မှာလည်း ပြောစရာ သိပ်မဖြစ်အောင်လုပ်လိုတဲ့သဘောကို ကန့်ကွက်ရပါမယ်။

အကျယ်ဆွေးနွေးရရင် နှစ်ကုန်မှာကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် အာဏာရပါတီနဲ့အစိုးရဟာ နည်းမျိုးစုံနဲ့ ပြင်ဆင် နေပါတယ်။ ဥပမာ – အခုဖြစ်နေတဲ့ ကျောင်းသားသပိတ်ကိုကြည့်ပါ၊ သဘောထားမှန်မှန်နဲ့ အမြန် မဖြေရှင်းခြင်းကိုက အစိုးရဘက်က ရွေးကောက်ပွဲနီးလို့ ထုတ်သုံးတဲ့ ၀ှက်ဖဲမဟုတ်ပါလို့ ပြန်ကြားရေးဝန်က ဘယ်လိုပဲ ငြင်းငြင်း လူထုအာရုံလွှဲ တိုင်းပြည်မတည်ငြိမ်လုပ်လိုတဲ့ အစိုးရသဘောဆိုတာ ထင်ရှားပါတယ်။

တကယ်တော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် နိုင်ပြီးက တည်းက လက်ရှိ အာဏာရပါတီ၊ ခေါင်းဆောင် စစ်ဗိုလ်ချုပ်ဟောင်းများနဲ့ ထောက်ခံသူများဟာ လူထုရဲ့မဲလက်နက်အားကို တုန်လှုပ်သွားခဲ့တယ် ဆိုရပါမယ်။ အထိုက်အလျောက် လွတ်လပ်မျှတရှိတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်လည်း နိုင်ငံတကာ ထောက်ခံမှုနဲ့ အနောက်အုပ်စု စီးပွားအခွင့်းအလမ်းအတွက် ကြည်ဖြူအောင် လုပ်ပြရမှာဆိုတော့ လာမယ့် ရွေးကောက်ပွဲကျမှ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲလို ရုပ်ပျက်ဆင်းပျက် ကြိုတင်မဲတွေ၊ တမလွန်မဲတွေ၊ ခြိမ်းခြောက်မဲတွေ အလွန်အကျွံ ထုတ်သုံးလို့ မရမှန်း အာဏာရပါတီက တွက်မိဟန်တူပါတယ်။

စစ်ခေါင်းဆောင်များဟာ ဒီမိုကရေစီစနစ်ရဲ့ လူထုမဲကို ကြောက်တဲ့ ရောဂါအခံက (၁၉၉၀) ရွေးကောက်ပွဲကတည်းကလည်း ရှိပြီးသားပါ။ စစ်တပ်ပါတီ မဆလ တဖြစ်လဲ တစည အားကို ယုံကြည်မှုနဲ့ (၁၉၉၀) ရွေးကောက်ပွဲကို အတန်အသင့်တရားမျှတ ကျင်းပပေးခဲ့တယ်။ ဒါပေမဲ့ ဒီမိုကရေစီပါတီ ဒီ/ချုပ် အပေါ် တောင်ပြိုကမ်းပြို ထောက်ခံမဲပေးခြင်းဖြင့် လူထုရဲ့တုံ့ပြန်မှုကို ခံရတော့မှ အမျိုးမျိုး အချိန်ဆွဲ အာဏာသက်တမ်းဆွဲဆန့်ခဲ့တာ အားလုံးသိတဲ့အတိုင်း အနှစ်နှစ်ဆယ် ကြာရောပါပဲ။

ဒီဖြစ်စဉ်မှာ မျက်မှောက်အခြေအနေကို အရင်လို လက်နက်အားကိုး စစ်အာဏာသိမ်းစရာမလိုတော့တဲ့ အနေအထားဖြစ် အောင်အထိ စစ်ခေါင်းဆောင်များ ပြင်ဆင်တည်ဆောက်ယူခဲ့နိုင်ပါတယ်။ အပြန်အလှန် စီးပွားလိုဘနဲ့ ဒေသတွင်း တရုတ်ရဲ့ သြဇာကို လျှော့ချလိုတဲ့ ဆန္ဒကြောင့် အမေရိကန်၊ ယူကေ၊ အီးယူ အနောက်အုပ်စုက ထောက်ခံမှုပေးနေတယ်။ ဂျပန်၊ တရုတ်၊ အာဆီယံရဲ့ ဝိုင်းဝန်းမှု ရှိနေတယ်။ အတိုက်အခံအင်အားစုကို ထိုက်သင့်တဲ့ လှုပ်ရှားမှု လွတ်လပ်ခွင့်ပေးရင်း လွှတ်တော်နိုင်ငံရေးမှာ တွဲလျှောက်စေတယ်။ စစ်ခေါင်းဆောင် အဟောင်း၊ အသစ်များရဲ့ အကျိုးစီးပွား၊ အာဏာနဲ့ လုံခြုံမှု ကို အာမခံတဲ့ မပြင်နိုင်၊ မဖျက်နိုင် (၂၀၀၈) ဖွဲ့စည်းပုံရဲ့ ကာကွယ်မှုရှိတယ်။

ဒီလို လုံခြုံစိတ်ချရတဲ့ အနေအထားရဲ့ တခုတည်းသော အားနည်းချက်ကတော့ အချိန်ကျလာလို့ မဖြစ်မနေ လုပ်ပြရမယ့် (၂၀၁၅) ရွေးကောက်ပွဲပါပဲ။ ဒါတောင်မှ ဖွဲ့စည်းပုံ ချုပ်နှောင်မှုကြောင့် (၂၀၁၅) အလွန် သမ္မတရာထူးဟာ စစ်ခေါင်း ဆောင်ထဲက တယောက်ယောက်ပဲ ယူထားနိုင်တဲ့ အခြေအနေပါ။ ဒါပေမဲ့ ဒါက မလုံလောက်ပါဘူး။ လွှတ်တော်မှာ အခုလို အပြတ်အသတ် အသာယူထားတဲ့ အနေအထားမဟုတ်တောင် လူနည်းစု မဖြစ်ဖို့နဲ့ ကိုယ့်မိတ်ဖက်တွေ၊ ကြားခံတွေရှိဖို့ပါ စနစ်တကျ ပြင်ဆင် စီစဉ်ရပါတယ်။

ဘာကြောင့်ဆို (၂၀၁၁) အစိုးရသစ်တက်ပြီးကတည်းက ပြည်သူတွေရဲ့ အကောင်းမြင် မျှော်လင့်ချက်တွေဟာ (၂၀၁၅) မှာ သုညအောက်ကျတဲ့အထိ ကျဆင်းခဲ့ပြီးလို့ပါ။ အုပ်ချုပ်ရေး ညံ့ဖျင်းမှု၊ အရည်အချင်းမပြည့်မီမှု၊ အကျင့်စရိုက်ဟောင်း၊ အတွေးအခေါ် အမြင်ဟောင်းတွေ မပြောင်းလဲမှု၊ ကိုယ်ကျိုး အတ္တ စီးပွားကို ရှေ့တန်းတင်မှု၊ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အလွန်အကျွံသုံးမှု၊ လူထုအသံ လူထုအနာတွေကို အမှန်တကယ် စာနာနားလည်ပေးမှု မရှိမှု၊ မူဝါဒနဲ့ စီမံမှုတွေ မခိုင်မာ၊ ရှေ့နောက် မညီညွတ်မှု၊ လူထုလှုပ်ရှားမှုတွေကို အင်အားသုံး အကြမ်းဖက် ဖြေရှင်းလိုမှု စတဲ့ လုပ်ကိုင်ပုံ အမှားအစုစုကြောင့် “မိဘပြည်သူများခင်ဗျား” အသံကြားရင် လူထုမှာ ပျို့တက်ချင်သည်အထိ အော့ကြောလန်အနေအထားနဲ့ အာဏာရ အစိုးရ နဲ့ပါတီဟာ ရင်ဆိုင်နေရပါတယ်။

ဒါကို ချေဖျက်တဲ့အနေနဲ့ စစ်အုပ်စု လိုလားသူများဟာ ဒီမိုကရေစီအင်အားစုကို လူအများစု သည်းခြေကြိုက် အမျိုး၊ ဘာသာ၊ သာသနာနဲ့လှည့် အမျိုးမျိုးရန်တိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ (၂၀၁၂) ကြားဖြတ်ရွေးကောက်ပွဲ ပြီးကတည်းက တောင်ကုတ် အစုလိုက်အပြုံလိုက် လူသတ်မှုအပါအဝင် တိုင်းပြည်အနှံ့အပြား ဒုတိယ စီးပွားမြို့တော် မန္တလေးနဲ့ မိတ္ထီလာလို မြို့ကြီးများ အထိပါ လူမျိုးရေး/ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကိုလေ့လာရင် နောက်ကွယ်က စနစ်တကျ ဖန်တီးထားကြောင်း ယူဆနိုင်စရာအချက်တွေ အများကြီးရှိခဲ့ပါတယ်။

မီးပွားဖို့ရာ လွယ်စေတဲ့ မီးစာကလည်း ရခိုင်ပြည်နယ်မှာ အဆင်သင့် ရှိပါတယ်။ စစ်အစိုးရအဆက်ဆက် နိုင်ငံသားဖြစ်ခွင့် အငြင်းပယ်ခံခဲ့ရတဲ့ ဘင်္ဂလီအနွယ် နိုင်ငံမဲ့ ရိုဟင်ဂျာအရေးပါပဲ။ ဒီရိုဟင်ဂျာမီးကို လူအများရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ ဘဝလုံခြုံမှုတွေစတေးပြီး လိုသလို ကစားခဲ့ကြပါတယ်။ နိုင်ငံတကာနဲ့ ပြည်သူကို အမျိုးမျိုး မျက်လှည့်ခဲ့ကြပါတယ်။ အခု လက်ခံမယ်ဆိုလိုက်၊ ပြီးတော့ ပြန်ငြင်းလိုက်နဲ့ ဒါကို အသုံးချ လူထုထောက်ခံမှုရအောင် လုပ်ခဲ့ကြပါတယ်။

နောက်ဆုံး ယာယီသက်သေခံ လက်မှတ် အဖြူရောင်ကဒ် ကိုင်ဆောင်သူ မဲပေးခွင့်အထိပါပဲ။ ပထမ လာမယ့် ရွေးကောက်ပွဲ အတွက် ရခိုင်မှာ ရခိုင်ပါတီတွေချည်းနိုင်မယ်ဆိုတာသိတော့ ရိုဟင်ဂျာ မဲရအောင် အဖြူရောင်ကဒ်ကို အခြေခံဥပဒေ ဆန္ဒခံယူပွဲမှာ ဝင်မဲ ပေးစေခြင်းဖြင့် ရိုဟင်ဂျာများကို မျှော်လင့်ချက်ပေးခဲ့တယ်။ ဒါမျိုးကို (၂၀၁၀) မတိုင်ခင်ကလည်း အခု သမ္မတလုပ်နေသူကိုယ်တိုင် စစ်အစိုးရ ဝန်ကြီးချုပ်ဘဝနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်အာမခံ မဲဆွယ်ဖူးခဲ့ပါတယ်။

အခု ရခိုင်အဖွဲ့တွေနဲ့ လူအများကန့်ကွက်တော့မှ ပြည်သူ့သဘောထား အလေးထားသယောင်နဲ့ ဒီအဖြူရောင်ကဒ်ကိစ္စ ပြန်ဖျက်တယ်။ ဆန္ဒခံယူ ပွဲဥပဒေနှင့် ရွေးကောက်ပွဲဥပဒေတို့ကို ပြန်လည်ပြင်ဆင်မယ်ဆိုတယ်။ တကယ်တော့ ရိုဟင်ဂျာကို အသုံးချ နာမည်ကောင်းယူလိုခြင်းပါ။ တဖက်ကလည်း နားလှည့်ပါးရိုက်ပြီး နိုင်ငံသားဖြစ်ခွင့်ကို အစကတည်းက သူတို့လက် ခံထားတဲ့ (၁၉၈၂) နိုင်ငံသားဥပဒေနဲ့ စစ်ရင်ကို နိုင်ငံသားပေးလို့ရနိုင်တဲ့ အဖြူရောင်ကဒ် ပယ်ဖျက်ခံ ရိုဟင်ဂျာတွေကို နိုင်ငံသားပြန်ပေးပြရင်း အသုံးချပါဦးမယ်။

ဒီလို လူမျိုးရေးရာဖြစ်စဉ်တွေကို အာဏာမဲလက်နက်အဖြစ် စနစ်တကျကြံစည်မှုမှာ နောက်တနည်းကတော့ အခုအတည်ပြုဖို့ အထိဖြစ်လာပြီဖြစ်တဲ့ မျိုးစောင့်ဥပဒေကိစ္စလည်းပါပါတယ်။ မျိုးစောင့်ကို ဦးဆောင်ဆော်သြနေသူ အမျိုး၊ ဘာသာ၊ သာသ နာ ထိန်းသိမ်းစောင့်ရှောက်ရေး သံဃာဦးဆောင်အဖွဲ့အစည်း မဘသဟာ ဘယ်လိုဘယ်ပုံ ဝေဖန်ခံရမှုတွေ ရှိစေဦး ဘာ သာရေးကိုင်းရှိုင်းတဲ့ တိုင်းပြည်ရဲ့အခြေခံ ရပ်ထဲ ရွာထဲမှာ သြဇာကြီးပါတယ်။ ဒါကိုမှ ရိုဟင်ဂျာဘင်္ဂါလီတွေ ရခိုင်ကို ကျူး ကျော်နေပြီဆိုတဲ့ လှန့်လုံးနဲ့အတူလုပ်ခဲ့တဲ့ ရိုဟင်ဂျာဆန့်ကျင်ရေး မွတ်ဆလင်မုန်းတီးရေးဟာလည်း လူအများကြားကို ထိ ရောက်ပါတယ်။ ဒါ့အပြင် မွတ်ဆလင် သားဖောက်သာသနာပြုနေတယ် ဆိုတဲ့ စွပ်စွဲမှုကိုလည်း ချဲ့ကား ပုံဖော်ထားပါတယ်။ ကမ္ဘာက အကြမ်းဖက်ဝါဒနဲ့ အစ္စလာမ်ဘာသာပုံရိပ်ကိုလည်း ထပ်တူပြု ကျဆင်းစေပါတယ်။ ဆိုတော့ လူသာမန် အနေနဲ့ တောင် မွတ်ဆလင်ကို အန္တရာယ်အဖြစ် ယူဆစေလာပါတယ်။ ဒါကြောင့် မွတ်ဆလင်ထိန်းချုပ်ရေး ဗဟိုပြု မျိုးစောင့်ဥပဒေကို သံဃာ အဝန်းအဝိုင်းက စတင်ခဲ့သလို အစိုးရကလည်း ဒါကိုနင်း မဲဝယ်လက်နက်အဖြစ် လူသာမန်အများထောက်ခံမှု ရလေ မလားဆိုပြီး အခုလွှတ်တော်မှာ ဆွေးနွေးရုံမက အတည်ပြုပေးတဲ့ အထိ ပြုလုပ်လာခဲ့ပါတယ်။

လူထု အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေကို ထိန်းချုပ်လိုက်၊ နာမည်ကောင်းယူ ပြန်ပေးလိုက်၊ လူထုကို ရွေးကောက် ပွဲအချိန် ဟန်ပြ လမ်းဖောက်၊ မီးပေး၊ ငွေချေး၊ ဒံပေါက်ကျွေး လာဘ်ထိုးလိုက် လုပ်ရုံနဲ့ အားမရဘဲ လူမျိုးရေး၊ဘာသာရေးကို အခြေခံ မိုက်မိုက်ကန်းကန်း အမုန်းမီးမွှေးခဲ့တဲ့ အပြင် အခုတော့ ဥပဒေရေးရာ အထိပါ အသုံးချ ကျူးလွန်လာခြင်းဟာ လုံးဝ လက်သင့်မခံသင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် “မဲဝယ်ဥပဒေတွေ ရပ်ပါတော့” လို့ ကျယ်ကျယ်လောင်လောင် အော်ဖို့လို နေပါတယ်။ ဥပဒေကို နိုင်ငံရေး အာဏာ လောဘ အတွက် အသုံးချမှုဓလေ့ တိုင်းပြည်မှာ ရပ်သင့်ပါပြီ။ အမျိုးသားရေး သမားများနဲ့ တဖက်က မွတ်ဆလင်များလည်း မိမိအလိုတခုတည်းအတွက် မကြည့်ဘဲ အစိုးရရဲ့ လှည့်ကွက်ထောင်ခြောက် တွေကို မြင်သင့် ရှောင်သင့်ပါပြီ။

နောက်တချက် ဆွေးနွေးရမှာကတော့ လူ့အခွင့်အရေး ဆက်စပ်ပါပဲ။ ကျနော်တို့ စကားအပိုတန်ဆာဆင်တွေမဆိုဘဲ ပြောရ ရင် အခု သုံးနှစ်ခြား ကလေးယူခွင့်ဟာ ရခိုင်ပြည် ဘင်္ဂလားဒေ့ရှ်နယ်စပ် မေယုနယ်ခြားက စစ်တကောင်း ဘင်္ဂါလီအနွယ် နိုင်ငံမဲ့ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားချင်လို့ လုပ်တာပါ။ လူဦးရေ သိပ်သည်း၊ ကလေးမွေးဖွားနှုန်းမြင့်မား၊ ရွှေ့ပြောင်းဝင် ရောက်နှုန်းမြင့်တဲ့ ဒေသဆိုတာ ဘူးသီးတောင်၊ မောင်းတော ဒေသတဝိုက်ကို အဓိကထား ဆိုချင်တာပါ။

ဒီဘင်္ဂါလီအနွယ်ရိုဟင်ဂျာတွေ အဲဒီဒေသမှာ လူဦးရေတိုးနှုန်းမြင့်၊ သိပ်သည်းဆများနေတာဟာ ငြင်းစရာမရှိပါ။ ဒါပေမဲ့ ဒါက အကြောင်းရှိသလို၊ တရားမျှတဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ ဒေသတခုတည်းမှာ သူတို့ ပြွတ်သိပ် လူနေထူထပ်နေတာဟာ အရင် စစ်အစိုးရအဆက်ဆက် မဆလခေတ်နှောင်း ၁၉၈၀ ခုနှစ်များကစလို့ ဘင်္ဂါလီရိုဟင်ဂျာတွေကို နိုင်ငံသားပယ်ဖျက်ခြင်းနဲ့အတူ လူသားအခြေခံ အခွင့်အရေး တားဆီးမှုအစုစုထဲက တခုဖြစ်တဲ့ ရွေ့ပြောင်း သွားလာမှုကို ချုပ်ကိုင် ခရီးသွားလားခွင့်ပိတ်ခဲ့တာကြောင့်ပါ။ နိုင်ငံသားဖြစ်ထိုက်သူကို နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးပြီး လူ့အခွင့် အရေးချိုးဖောက်မှုတွေ မပြုလုပ်ဘဲ လွတ်လပ်စွာ သွားလာနေထိုင်၊ စီးပွားရှာခွင့်ပေးရင် ဒေသတခုတည်းကွက် လူမျိုးစုတခု တည်းကွက် လူဦးရေ အဆမတန် ကြီးထွားလာမှုမျိုးတွေ့ရမှာ မဟုတ်ပါဘူး။

ဘင်္ဂါလီရိုဟင်ဂျာ လူ့အဝန်းအဝိုင်းမှာ ကလေးမွေးဖွားနှုန်းများတာလည်း အချက်အနေနဲ့ လက်ခံရမှာပါ။ ဒါပေမဲ့ ဒါကို ပြုပြင် ဖို့က ဥပဒေပြု ထိန်းချုပ်ရေးထက် ပညာပေးရေးကို ဖော်ဆောင်ရမှာပါ။ အရင်ဆုံး အပြီးအပြတ် အမြန် လုပ်ရမှာကတော့ နိုင်ငံသားဖြစ်ထိုက်သူတွေအရေးပါပဲ။ ဒါကို ရွေးကောက်ပွဲမဲအတွက်၊ နိုင်ငံရေး အတွက် အသုံးချလိုစိတ်နဲ့ လိုတမျိုး မလိုတမျိုး လုပ်နေတာတွေ ချက်ချင်းရပ်ပြီး နိုင်ငံသားဖြစ်သင့်သူတွေ နိုင်ငံသားပေး နိုင်ငံသားအခွင့်အရေး အပြည့်အဝ ပေးရင် နောက်ဆက်တွဲ ကျန်းမာရေး အသိပညာပေးရေး အစီအစဉ်က ပိုလို့အလုပ်တွင်ကျယ်လာမှာပါ။ အရင်စစ်အစိုးရ ခေတ်တွေနည်းအတိုင်း သူတို့ကို ပညာသင်ကြားခွင့်၊ ကျန်းမားရေး စောင့်ရှောက်ခံယူခွင့်၊ အိမ်ထောင်ပြုခွင့်၊ ကိုယ်ဝန် ဆောင်ခွင့်၊ ကလေးမီးဖွားခွင့်၊ ခရီးသွားလာခွင့် ကန့်သတ်ခြင်းတွေ ကျင့်သုံးရင် လူသားအခြေခံ အခွင့်အရေးကို ပြင်းပြင်း ထန်ထန်နှိပ်ကွပ် ချိုးဖောက်ရာသာရောက်ပြီး ပြဿနာကို ပိုမိုကြီးထွားအောင်၊ ဒေသခံ ရခိုင်တွေနဲ့ ပိုအမုန်းပွားအောင် ရန်တိုက်ပေးနေခြင်းသာ ဖြစ်ပါမယ်။

အမှန်လုပ်သင့်တာက နိုင်ငံသားစိစစ်ပြီး ရိုဟင်ဂျာဘင်္ဂါလီတွေ အပါအဝင် တိုင်းပြည်က လူမျိုး/ဘာသစုံ ပညာနည်း ဆင်းရဲ ကျေးလက်နေပြည်သူလူထုကြားမှာ ကမ္ဘာ့အနှံ့အပြာ ဆင်းရဲတဲ့ မွတ်ဆလင် တိုင်းပြည်တွေမှာတောင် လက်ခံကျင့်သုံးနေတဲ့ ကလေးမွေးဖွားနှုန်း လျှော့ချရေး အစီအစဉ်တွေဖြစ်တဲ့ ခေတ်မီတဲ့ သားဆက်ခြား ပညာပေးရေး၊ လိင်ပညာပေးရေးတွေကို ဖော်ဆာင်၊ ပဋိသန္ဓေတားဆီးရေး နည်းနာတွေကို သင်ကြားပြသ ပညာပေးရေးတွေပါ။ မွတ်ဆလင်အသိုင်းအဝန်းအတွက် လည်း သက်ဆိုင်ရာ ခေတ်မီပညာတတ် ဘာသာရေးခေါင်းဆောင်တွေကို ဦးဆောင်စေပြီး ဘာသာရေးအရ ကျင့်ဝတ်ညီတဲ့ သားဆက်ခြားခြင်းတွေပြုလုပ်နိုင်တဲ့အကြောင်း ဟောပြောပွဲတွေ လုပ်စေရပါမယ်။ ဒီလိုနည်းနဲ့ လူ့ကျင့်ဝတ် သိက္ခာရှိရှိ တရားမျှတ ကလေးမွေးဖွားနှုန်းကို ထိန်းနိုင်ပါတယ်။

ဆိုတော့ ဒီရိုဟင်ဂျာ ဆက်စပ် ပြဿနာကို နိုင်ငံရေးလက်နက် အဖြစ် အသုံးမချဘဲ နိုင်ငံသားဖြစ်ခွင့်ကိစ္စ အကျူံးဝင်သူကို အမြန်ဆုံး နိုင်ငံသားအခွင့်အရေးပြည့် ပေးရပါမယ်။ ပညာ၊ ကျန်းမာ၊ လူမှု၊ စီးပွား မြှင့်တင်ရေး အစီအစဉ်တွေ ဆောင်ရွက်ရ ပါမယ်။ နိုင်ငံသားမဖြစ်ထိုက်သူများအတွက် တရားမဝင် ဝင်ရောက်နေထိုင်နေကြောင်း အထောက်အထား ခိုင်လုံရင်လည်း နိုင်ငံတကာကို ချပြ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ညှိသူတို့ကို ပြန်ပို့ဖို့လုပ်ရပါမယ်။ ဒီလိုမဟုတ်ဘဲ လူမျိုးရေး၊ ဘာသာရေး သွေး ထိုးပြီး တိုင်းပြည်မှာ အာဏာသက်ဆိုးရှည်လိုတဲ့ သဘောကိုတော့ ကောက်ကျစ်ယုတ်မာ အကြံပက်စက်တယ်ပဲ ဆိုရပါမယ်။

ဒီသဘောမျိုးတွေပြနေသရွေ့ မျက်မှောက်နဲ့ အတိတ်သမိုင်းက စစ်ခေါင်းဆောင်အသစ်၊ အဟောင်းတွေဟာ ဂျပန်ဖက်ဆစ်နဲ့ အင်္ဂလိပ်နယ်ချဲ့အရင်းရှင်ရဲ့ သန္ဓေဆိုးကိုသာ လက်ဆင့်ကမ်းခဲ့ပြီး တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူမျိုး၊ ဘာ သာမခွဲ လွပ်လပ်မျှတ ဒီမိုကရေစီကျတဲ့ တရားတွေကိုတော့ အမွေမခံဘူးလို့ ဆိုနိုင်ပါတယ်။ တိုင်းပြည်မှာ ရှိတဲ့ လူမျိုးစုတွေကို အိမ်ကြက်ချင်း၊ အိုးမည်းသုတ် သွေးထိုးသွေးခွဲ အုပ်ချုပ်ခြင်းက အင်္ဂလိပ်ရဲ့ “Divide and Rule” အတိုင်းပါ။ အခုလို နိုင်ငံရေး အာဏာအတွက် ဥပဒေတွေပြဋ္ဌာန်းလိုတာ၊ တဘာသာ တလူမျိုးကို ရှေ့တန်းတင် ဝါဒဖြန့် လူထုကို စည်းရုံလိုတာက ဖက် ဆစ်နည်းနာပါ။

နာဇီဂျာမဏီခေတ် (၁၉၃၃-၁၉၄၅) နုရင်ဘတ် ဥပဒေတွေကို လေ့လာကြည့်ပါ။ လူမျိုးကြီးဝါဒ အာရီယန် သွေးသန့်စင်ရေး ဆိုကာ သွေးနှောတွေ၊ ဂျူးတွေ၊ လူမည်းတွေ၊ ပိုလန်အနွယ်တွေ စတဲ့ လူမျိုးမတူသူအားလုံးနဲ့ နိုင်ငံရေးဝါဒ မတူညီသူ ကွန် မြူနစ်၊ လစ်ဘရယ်ဝါဒီတွေကို စနစ်တကျနှိပ်ကွပ်ဖို့ရာ ကြံစည်ရေးဆွဲခဲ့တာပါ။ နောက်ဆုံး ဒုတိယကမ္ဘာစစ်အပြီးမှာ လူမျိုး တုံးသတ်ဖြတ်မှု စစ်ရာဇဝတ်မှုကြီးများအဖြစ် ရာဇဝတ်စာတင်ခဲ့ရမှုအားလုံးဟာ နာဇီဥပဒေတွေနဲ့ တရားဝင်ကျူးလွန်ခဲ့ကြတာချည်းပါပဲ။

ဒီဥပဒေတွေထဲမှာ မျိုးနွယ် မတူသူချင်း လက်ထပ်ထိမ်းမြားမှု၊ လိင်ဆက်ဆံမှုကို တားမြစ်တာတွအပြင် နိုင်ငံရေး၊ လူမျိုးရေး အရ လိုသူ၊ မလိုသူကို စိတ်ကြိုက် ရွေးချယ် သက်ရောက်စေတဲ့ သားကြောဖြတ်ဥပဒေ (Sterilization Law) လည်းပါပါတယ်။ ဥပဒေတွေ အခြေတည်စမှာ ဂျာမန်လူမျိုးများအပါအဝင် နိုင်ငံတကာက ထိထိရောက်ရောက် ကန့်ကွက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒီလိုနဲ့ အဆုံးမှာ ဂျူးလူမျိုး (၆) သန်းနဲ့ အခြား အရှေ့ဥရောပက သန်းနဲ့ချီတဲ့ လူသားတွေဟာ နာဇီတွေရဲ့ အကျဉ်းစခန်း၊ အဆိပ်ငွေ့ခန်းတွေမှာ လူမျိုးတုံး သတ်ဖြတ်ခံခဲ့ရပါတယ်။ ကမ္ဘာကြီးလုံခြုံစိတ်ချရမှုမဲ့နေခြင်းဟာ မကောင်းမှု အဓမ္မပြုချင်သူ တွေချည်းကြောင့်မဟုတ်ဘဲ ဘေးကရပ်ကြည့် အသံဆိတ်နေသူတွေကြောင့်လည်းပါတယ်ဆိုတာ သမိုင်းသင်ခန်းစာ ယူ တတ်ရပါမယ်။

အခုကျနော်တို့ဆီမှာလည်း အလားတူအခြေအနေအဖြစ် သားရေကွင်းဥပဒေအကာအကွယ်ယူလိုတမျိုး မလိုတမျိုး စိတ် ကြိုက် နေရာဒေသတခုတည်းကွက်ရွေး သားဆက်ခြားဖို့ အချိန်သတ်မှတ်နိုင်တဲ့ ဥပဒေတွေ အခြေတည်လာခဲ့ခြင်းဟာ မလိုလားအပ်ပါ။ နောက်ဆက်တွဲ အတင်းအကျပ် အရေးယူတားမြစ်မှုမပြုပါဘူးဆိုတာကို နောင်မှာ ဘယ်သူမှအာမ မခံနိုင် ပါ။ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွေ အမြဲ အသုံးချတတ်သူတွေရဲ့လက်ထဲမှာ နောင်မှာ ဘာမဆို ဖြစ်သွားနိုင်ပါ တယ်။

ဒါ့အပြင် ဒီဥပဒေသက်ရောက်မှုကို လိုသလို အမျိုးမျိုးအသုံးချနိုင်အောင် စီမံထားတာဖြစ်တဲ့အတွက် လူအများအနေနဲ့ လူမျိုးရေး၊ ဘာသာရေးအစွဲ စိတ်အခံလေးနဲ့ “ရိုဟင်ဂျာဘင်္ဂါလီမွတ်ဆလင်တွေကို နှိပ်ကွပ်ချင်တာပဲ ငါတို့နဲ့ အနေသာ ချည်းပါ” ဆိုပြီး ဒီကနေ့ ပေယျာလကန် ပြု ကန့်ကွက်ဖို့ နှောင့်နှေးရင် ဒီမတရားဥပဒေတွေရဲ့ တုန့်နှောင်မှုကို နောင်တနေ့မှာ ကချင်၊ ကရင်၊ ချင်း ခရစ်ယာန်တွေ၊ အခြား လူနည်းစုတွေ အပေါ်မှာလည်း ကျင့်သုံးလိုလာမယ် ဆိုတာကို အသိ သတိရှိစေလိုပါတယ်။ ဒါဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ မှီတင်းနေထိုင်နေတဲ့ တိုင်းပြည်ရဲ့ သဟဇာတဖြစ်မှု ဟန်ချက် ကို အကြီးအကျယ်ပျက်ပြားစေ၊ လူမှု မတည်ငြိမ်မှုတွေဖြစ်စေ၊ လူမျိုး/ဘာသာ မတူသူတွေကြား မယုံသင်္ကာရှိမှု၊ အမြင် မကြည်လင်မှု၊ အမုန်းပွားမှု ဓာတ်ခံတွေ ပိုမို များလာစေတာကို နားလည်ရပါမယ်။

ဒါကြောင့် ဒီဆိုးကျိုးတွေကို ကြိုမြင် ဆင်ခြင်မျှော်ကြည့်ရင်း အာဏာနိုင်ငံရေး ရွေးကောက်ပွဲအတွက် ဒီလိုဥပဒေကို အသုံးချ လိုခြင်း၊ လူမျိုးရေး၊ ဘာသာရေး မီးမွှေးလိုခြင်းတွေကို နိုင်ငံသားအားလုံး တိုင်းပြည် အနာဂတ် အမှန်တကယ် ငြိမ်းချမ်းသာ ယာ ဖွံ့ဖြိုးတိုးတက်စေလိုသူတိုင်း၊ နိုင်ငံကို တကယ်ချစ်သူတိုင်း လူမျိုး၊ ဘာသာမရွေး အားလုံး ပြင်းပြင်းထန်ထန် ကန့်ကွက်ဖို့ မဖြစ်မနေ လိုနေပါတယ်။ ဒီလိုမှမဟုတ်ရင် အနာဂတ်တိုင်းပြည်မှာ နာဇီသားကြောဖြတ်ဥပဒေတွေ ရှင်သန် ဖက်ဆစ်စရိုက် အလုပ်တွေကြီးစိုးရင်း အမုန်း၊ ပဋိပက္ခ၊ ပြည်တွင်းစစ်ပွဲတွေ အဆုံးမသတ်နိုင်ရင်း လူမှု စီးပွားချမ်းသာရာ မဲ့နေဦးမှာ ဖြစ် ကြောင်း ဆွေးနွေးတင်ပြလိုက်ပါတယ်ခင်ဗျား။

ငြိမ်းချမ်းအေး
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅ (စာပြီးရက်စွဲ)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ရှုံးမဲမဲပြီး ရှက်ရမ်းရမ်းနေတဲ့ မင်းအောင်လှိုင်

ရေးသားသူ — အောင်သဇင်



မင်းအောင်လှိုင်ဟာ ဖေဖော်ဝါရီ ၉-၁၀-၁၁-၁၂ ရက်တွေတုံးက သူ့တပ်တွေအထိနာသွားခဲ့တဲ့ ကိုးကန့်ဒေသမှာ တပ်ရင်း ၃၀ ကျော်ထပ်ဖြည့်သုံးနေပေမဲ့ ဖေဖော်ဝါရီ ၂၇-၂၈-မတ် ၁ ရက်နေ့ သုံးရက်အတွင်း တိုက်ပွဲတွေမှာ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၁၁ နဲ့ ခမရ ၁၂၀ က အရာရှိ ၂ ယောက်အပါဝင် ၆၈ ယောက်ကျခဲ့တယ်။ မတ်လထဲမှာဘဲ ခမရ ၁၁၉ ကို လေတပ်ကမှားဗုံးကြဲလို့ ၈ ယောက်လောက်ကျသွားသေးတယ်။

ဗမာစစ်တပ်တွေ စုတ်ပြတ်သတ်အောင်ခံလိုက်ရတဲ့အတွက် မင်းအောင်လှိုင်ဟာ အခဲမကြေနိုင်ဘဲ ကိုးကန့်တပ်တွေကို အပြုတ်တိုက်မယ် အမြစ်ပြတ်ချေမှုန်းမယ် ကြွေးကြော်ပြီး ခြေလျင်တပ်မ တစ်မ ထပ်ပေးမယ်၊ လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူ လိုသလောက်ပေးမယ်လို့ တပ်မမှူး ကစထမှူးတွေကို ကတိပေးပြီး ကတိကိုဖြည့်ဆီးပေးနိုင်ဖို့ အသည်းအသန်ကြိုးစားနေရရှာတယ်။

လောလောဆယ် ကချင်ပြည်မှာ တပ်မ ၉၉ နဲ့ တပ်မ ၁၀၁ ကိုထည့်ထားပြီး တပ်မ ၁၀၁ က ၂ ရင်းကို လောက်ကိုင် ပို့ထားရတယ်။ ဖားကန့်-ကာမိုင်းဘက်မှာတော့ ဖယ်ခုံက စကခ ၇ ကိုထည့်ထားတယ်။ တပ်မ ၇၇ နဲ့ တပ်မ ၈၈ က တော့ ပလောင်အဖွဲ့ TNLA ကို ဆိုင်ထားတယ်။ ဒီကြားထဲက တပ်မ ၈၈ နှစ်ရင်းကို လောက်ကိုင်ဘက် စစ်ကူသွား ခိုင်းပြီး တပ်မ ၉၉ ကတချို့ကိုလဲ ကွတ်ခိုင်လုံခြုံရေးနဲ့ ကိုးကန့်အနောက်ဘက် သံလွင်ကူးတို့ဆိပ်တွေ ပိတ်ဆို့ရေး လုပ်ခိုင်းထားရတယ်။

တပ်မ ၃၃ မှာ ၆ ရင်းဘဲ ကိုးကန့်တပ်တွေကို တိုက်နေရတယ်။ ဒါပေမဲ့ အနောက်မြောက်တိုင်း (နမခ) လက်အောက်ခံ ၂ ရင်းကို တပ်မ ၃၃ အောက်ထည့်ထားပေးလို့ ၈ ရင်းဖြစ်နေတယ်။ တောင်ဘက် ဝ နယ်စပ်ကို ထိန်းထားတဲ့ တပ်မ ၁၁ ဆီက ၃ ရင်းကို လောက်ကိုင်ဘက်ပို့ပြီး အားဖြည့်ပေးရတယ်။ သိန္နီ စကခ ၁၆ က ၆ ရင်းပို့ခဲ့တာ ခမရ ၅၂၂ ကတော့ တရင်းလုံးပြုတ်သွားလို့ ၅ ရင်းဘဲကျန်နေတယ်။ ဒါကြောင့် ကျောက်မဲ စကခ ၁ က ၃ ရင်း ထပ်ပို့ရတယ်။ မူလရှိနေတဲ့ ဒကစ(လောက်ကိုင်) လက်အောက်ခံ ၅ ရင်းမှာ ခလရ ၁၂၅ နဲ့ ၁၂၉ ရင်းလိုက်ပြုတ်သွားလို့ ၃ ရင်းဘဲကျန်တဲ့အတွက် အရှေ့မြောက်တိုင်း (ရမခ) တပ် ၂ ရင်း ဖြည့်ပေးထားရတယ်။

လက်ကျန်တပ်မတွေထဲမှာ တပ်မ ၅၅ က ကရင်နီပြည်မှာ ထိန်းထားရတယ်။ နောက်တန်းစောင့် ၂ ရင်းကျန်တဲ့ထဲက ခမရ ၁၈ ကို အရှေ့အလယ်ပိုင်းတိုင်းက တပ်အသစ် ၂ ရင်းနဲ့ပေါင်းပြီး ကိုးကန့်ဒေသကို ပို့ခိုင်းလိုက်ရတယ်။ KNU နဲ့ ဘယ်လောက် အဆင်ပြေတယ်ပြောပြော ကရင်ပြည်၊ မွန်ပြည်တွေမှာ အခြေစိုက်တဲ့ တပ်မ ၂၂ နဲ့ တပ်မ ၄၄ တို့ကိုလဲ အဲ့ဒီပြည်နယ်တွေကနေ အဝေးကို မသွားခိုင်းရဲ ဖြစ်နေတယ်။ ဒါကြောင့် ကရင်ပြည်က BGF တွေနဲ့ DKBA KNU တို့က ကိုးကန့်မှာ မင်းအောင်လှိုင်ဘက်ကသွားတိုက်မယ်လို့ စစ်လော်ဘီတွေ သတင်းလွှင့်တော့ တပ်မ ၂၂ နဲ့ ၄၄ အခြေ အနေကိုသိထားသူတွေအဖို့ ရယ်စရာဖြစ်နေတယ်။

ရှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်း၊ မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်းတို့က နယ်မြေခံ စကခ တွေကလဲ ဒေသထဲက SSA-မြောက်ပိုင်း၊ SSA-တောင်ပိုင်း၊ KNU DKBA တို့ကိုထိန်းဖို့ ထားနေရတယ်။ ကကကြည်းအရံထားတဲ့ တပ်မတွေမှာ ရခိုင်ပြည်ဘက်က စကခ တွေကတော့ ကရင်ပြည်နယ်ဘက်ပို့ဖို့ ဖယ်ထားရတယ်။ ရန်ကုန်တိုင်းက စကခ ၄ ကို တောင် ကရင်ပြည် ပို့ထားရသေးတယ်။

ဒါကြောင့် ကချင်ပြည်မှာ တနှစ်ကျော် ရှေ့တန်းတာဝန်ထမ်းခဲ့ရပြီး နောက်တန်းပြန်ရောက်တာ ၁၅ ရက်ကျော်ကျော်ဘဲ ရှိသေးတဲ့ တပ်မ ၆၆ တခုလုံးကို ကိုးကန့်နယ်ကိုပို့ပြီး တိုက်ပွဲပြန်ဝင်ခိုင်းလာရတယ်။ ၇ ရင်းကို ရဟတ်ယာဉ်တွေနဲ့ လောက်ကိုင်ပို့ခဲ့တယ်။ ဒါဟာ ဗမာပြည်စစ်သမိုင်းမှာ လေကြောင်းချီစစ်ကူပို့မှု အများဆုံးအရေအတွက် ဖြစ်နိုင်တယ်။ ကွတ်ခိုင်ကနေသံလွင်ကို ကုန်းလမ်းသွားခိုင်းတဲ့ ၃ ရင်းကတော့ သံလွင်အနောက်ဖက်မှာတင် ဖြတ်အတိုက်ခံရလို့ ၃ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရသေးတယ်။

တပ်မ ၆၆ ဟာ ဖားကန့်မှာ စကခ ၇ နဲ့လဲပြီး နောက်တန်းပြန်ဖို့ကို တခါတည်းတန်းမပြန်ရဘဲ မေမြို့မှာ လက်နက်ခဲ ယမ်းတွေ ထပ်ဖြည့်ပြီး လောက်ကိုင်လွှတ်ဖို့ အသင့်စုဖွဲ့နေခဲ့ရသေးတယ်။ ဒါပေမဲ့ ရှေ့တန်းစစ်ဆင်ရေးထွက်တာ တနှစ် ကျော်ခဲ့ပြီး အထိလည်းနာခဲ့ပြီး အခုမှနောက်တန်းပြန်နားဖို့ ဆင်းလာတဲ့တပ်ကို နောက်တန်းပေးမပြန်ဘဲ လောက်ကိုင် တန်းလွှတ်လိုက်ရင် ပြဿနာတက်မှာစိုးလို့ ဖေဖော်ဝါရီ ၂၂ ရက်ကျမှ အင်းမ ပြန်လွှတ်လိုက်တယ်။ အဲဒီတော့ နောက်တန်းမှာ တလပြည့်အောင် မနေရဘဲ မတ်လ ၁၁ ရက်မှာ လောက်ကိုင်ကို တက်လာရတာကိုကြည့်ရင် မင်းအောင်လှိုင်ဟာ သူ့ဂုဏ်သိက္ခာအတွက် ရဲဘော်တွေကို ချနင်းဖို့စဉ်းစားတာ အင်မတန်သိသာနေတယ်။

ချင်းပြည်နယ်အစပ်က ကလေးအခြေစိုက် စကခ ၁၀ ကိုလဲ ကိုးကန့်ကိုပို့ဖို့ ပြင်ဆင်နေတယ်။ စုစုပေါင်းလိုက်ရင်တော့ ကိုးကန့်ဒေသမှာ တပ်ရင်း ၅၀ ကျော်သွားနိုင်တယ်။ ဒါဟာ ဟိုတချိန်က ဗမာပြည်မှာ အကြီးဆုံးစစ်ဆင်ရေးတွေ ဖြစ်တဲ့ မင်းရန်အောင်ထိုးစစ်၊ စီစီဝန်စစ်ဆင်ရေး၊ မယ်သဝေါစစ်ဆင်ရေး၊ မာနယ်ပလောစစ်ဆင်ရေးတို့ထက် အများကြီးသာ သွားပြီဖြစ်တယ်။ ဒါပေမဲ့ အခု တပ်ရင်းတရင်းဆိုတာကလဲ လူ ၁၀၀ ဝန်းကျင်ဘဲရှိလို့ နံပတ်အရသာများပြီး တကယ့် အင်အားအရ သနားစရာပါ။ ဟိုးအရင် ၇၀ ခုနှစ် ၈၀ ခုနှစ်တွေတုံးကဆိုရင် တပ်မ ၇၇ တပ်မ ၈၈ တပ်မ ၉၉ တို့ တပ်မတစ်မထဲမှာဘဲ ရှေ့တန်းထွက် တိုက်ခိုက်ရေးအင်အား ၅၀၀၀ လောက် ရှိခဲ့ကြတယ်။ အခု အင်အား ၅၀၀၀ ကတော့ ကွပ်ကဲမှုမျိုးစုံ ခေါင်းမျိုးစုံနဲ့ ရှုပ်ထွေးနေတယ်။

ဒါ့အပြင် ကိုးကန့်ဒေသမှာ တရားဝင်အားဖြင့် အမြင့်ဆုံးတပ်မှူးဖြစ်နေတဲ့ စစ်အုပ်ချုပ်ရေးမှူး-ဒကစမှူး ဗိုလ်မှူးကြီး စောမြင့်ဦး (ငယ်နာမည် ပေါက်ကျိုင်း) ဟာ ကိုးကန့်ထဲစစ်ဆင်ရေးဝင်နေတဲ့ တပ်မ ၆၆ နဲ့ စကခ ၁၆ တပ်မမှူးတွေ ထက် ဂျူနီယာကျနေတော့ ဘယ်လိုကွပ်ကဲနေလဲ မပြောတတ်။ တပ်ရင်းတပ်ဖွဲ့တိုင်းဆွဲရတဲ့ စီမံချက်လေးမျိုး (ဌာနချုပ် လုံခြုံရေး၊ နယ်မြေလုံခြုံရေး၊ နယ်မြေစိုးမိုးရေး၊ နယ်မြေစည်းရုံးရေး) နဲ့ သာမန်အချိန်၊ အရေးကြီးအချိန်၊ အရေးပေါ် အချိန်ဆိုင်ရာအစီအမံတွေဟာ ကိုးကန့်ဒေသအတွက် ဘာမှအလုပ်မဖြစ်တာ ဖေဖော်ဝါရီ ၉ ရက်မှာ ပွင့်ကျသွားခဲ့လို့ အရေးယူခံရမှာ သေချာနေတဲ့ ဒကစမှူးဟာ ရှေ့ဆက်လက်ပြီး ဘယ်လို စစ်နိုင်အောင် ကွပ်ကဲနိုင်မှာလဲ။

ရှမ်းပြည်မြောက်ပိုင်းမှာ ပလောင်တပ်နဲ့ ကချင်တပ်တွေကို စစ်ဆင်ရေးဝင်နေရတဲ့ တပ်မ ၇၇၊ တပ်မ ၈၈၊ တပ်မ ၁၁ တို့ဟာလဲ ရှေ့တန်းစစ်ဆင်ရေးကာလ တနှစ်ကျော်ပြီဖြစ်လို့ လုပ်ထုံးလုပ်နည်း စည်းကမ်းအတိုင်းဆိုရင် တပ်လဲပေးရ တော့မှာ ဖြစ်တယ်။ ဒါပေမဲ့ လဲစရာအရံတပ်မ မရှိ။ နောက်တန်းမပြန်ရဘဲ ဒါလောက်အကြာကြီး ရှေ့တန်းမှာ နေရတာ ကြောင့် စစ်သားတွေမှာ နာကျည်းစိတ်တွေမြင့်ပြီး တပ်ပြေးမှု၊ လုယက်မှု၊ မုဒိန်းမှု၊ လူသတ်မှုတွေ ပိုပေါက်ကွဲလာ တယ်။ ဒါကြောင့် ဗမာစစ်တပ်အဖို့၊ တနည်းအားဖြင့် ကာချုပ် မင်းအောင်လှိုင်အဖို့ အကျပ်အတည်းကြီးနေပြီဖြစ်တယ်။ အကယ်၍သာ ၈ လေးလုံးတုံးကလို မြို့တွေပေါ်မှာ လူထုလှုပ်ရှားမှုတွေ အကြီးအကျယ်ဖြစ်လာရင် ပတ်တုတ်မရတဲ့ အခြေအနေ ဖြစ်သွားနိုင်တယ်။

နောက်တခါ တိုက်ပွဲအနေအထားကြည့်ရင် ကိုးကန့်တပ်တွေဟာ ဗကပ လက်ထွက်တွေပီပီ ဘဇူကာ လို့ခေါ်တဲ့ RPG တွေကို တပ်စိတ်လက်နက်အဖြစ် ဖောဖောသီသီသုံးနေတော့ ဗမာစစ်တပ်မှာ ထိခိုက်ကျဆုံးကများနေတယ်။ လွန်ရော ကျွံရော အင်အား ၁၀၀ လောက်ဘဲရှိတဲ့ တပ်ရင်းတရင်းမှာ ကျဆုံးဒဏ်ရာ ၅၀ လောက်ဖြစ်လာပြီဆိုရင် ဒီတပ်ရင်းဟာ ဘာမှဆက်လုပ်လို့ရတော့မှာ မဟုတ်ပါ။

ကိုးကန့်စစ်ပွဲ ပြန်ဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်ကနေ မတ်လ ၉ ရက်အထိ တစ်လစာရင်းချုပ်လိုက်ရင် ဗမာအစိုးရ စစ်တပ်ဘက်က တပ်ရင်းမှူး ၃ ယောက်အပါ အရာရှိ ၃၂ ယောက်ကျဆုံးပြီး တပ်ရင်းမှူး/ဒုရင်းမှူး ၉ ယောက်အပါ အရာရှိ ၅၇ ယောက် ဒဏ်ရာရခဲ့တယ်။ အခြားအဆင့်တွေပါ ပေါင်းလိုက်ရင် စုစုပေါင်းကျဆုံးဒဏ်ရာ ၇၀၀ နီးပါးရှိနေပြီ ဖြစ်တယ်။ ဒါပေမဲ့ တိုင်းရင်းသားတပ်တွေဘက်မှာတော့ ကျဆုံးတာ ၂၀ နီးပါး၊ ဒဏ်ရာက ၄၀ ကျော်-၅၀ လောက် ဘဲရှိတာတွေ့ရတယ်။ မယုံနိုင်စရာကောင်းပေမဲ့ လက်တွေ့အဖြစ်မှန်က အဲသလိုဘဲဖြစ်နေတယ်။ ဒါကြောင့်လဲ မင်းအောင်လှိုင်ဟာ ဒါလောက်အထိ ရှုံးမဲမဲနေတာ ဖြစ်တယ်။

တပ်တွေထဲမှာလဲ တချို့တပ်တွေက အသေခံတိုက်နေချိန်မှာ တချို့တပ်တွေက ရန်သူဝေးတဲ့ရွာတွေထဲ ပစ္စည်းတွေ ဝင်လုနေကြတာလဲရှိတယ်။ တပ်ကို လူမျိုးရေးနဲ့ မှိုင်းတိုက်ပြီး ခိုင်းစားနေတယ်။

တိုင်းရင်းသားဘက်မှာတော့ ပလောင်တပ်နဲ့ ရခိုင်တပ်က အကျအဆုံးမရှိသေးဘဲ ဒဏ်ရာရတာဘဲ ရှိသေးတယ်။ ဒါပေမဲ့ ကိုးကန့်ဒေသထဲက ကိုးကန့်ရွာသားတွေနဲ့ ပလောင်ရွာသားတွေက တော်လှန်ရေးထဲ အစုပြုံလိုက်ဝင်လာ ကြလို့ အင်အားတွေ ရာဂဏန်းတိုးလာခဲ့တယ်။

စစ်သည်အင်အားဖြုန်းတီးမှုအပြင် ဘဏ္ဍာရေးဘက်ကကြည့်ရင်လဲ ပြည်သူတွေရဲ့ အခွန်ငွေတွေကို အချည်းနှီး ဖြုန်းတီးနေတာ ဖြစ်နေတယ်။ ၁၀၅မမ အမြောက်နဲ့ ၁၂၀မမ မော်တာကို တရက် အလုံး ၂၀၀ ကျော်အထိပစ်နေတော့ ငွေဘယ်လောက်ကုန်မလဲ စဉ်းစားကြည့်နိုင်ပါတယ်။ အမြောက်လက်နက်ကြီးကျည်တွေ၊ လေယာဉ် ရဟတ်ယာဉ်တွေ ကပစ်တဲ့ ရော့ကက်နဲ့ဗုံးတွေဟာ တန်ဖိုးကြီးရုံတင်မက လေယာဉ်နဲ့ ရဟတ်ယာဉ်တွေပျံဖို့ လေယာဉ်ဆီကလဲ ရွှေနဲ့စက် ဝယ်ရတာ ဖြစ်တယ်။ ဗီယက်နမ်စစ်မှာ လေယာဉ် ရဟတ်ယာဉ်တွေ ဖောဖောသီသီ ကာလရှည်သုံးခဲ့တဲ့ အမေရိကန် နိုင်ငံဟာ နောက်ဆုံးမှာ ဒေါ်လာကို ရွှေနဲ့ကျောထောက်နောက်ခံပြုတဲ့စနစ် ဖျက်သိမ်းလိုက်ရပြီး ၁၉၇၃-၇၄ ကမ္ဘာ့ရေနံ ဈေးမြှင့်ချိန်မှာ စီးပွားရေးကပ်ဆိုက်သွားခဲ့ရတယ်။ လက်ရှိကိုးကန့်စစ်ပွဲဟာ ဗမာပြည် ပြည်တွင်းစစ်သမိုင်းမှာ လေ ကြောင်းပစ်ကူ အသုံးဆုံးစစ်ပွဲဖြစ်နေတယ်။

တပ်မတော်နေ့စစ်ရေးပြပွဲ၊ မိတ္ထီလာ စစ်လေ့ကျင့်ခန်း၊ ကျောက်ဆည် တင့်စွမ်းရည်ပြပွဲ တို့မှာ ထုတ်ကြွားခဲ့တဲ့ တင့်ကား တွေ၊ သံချပ်ကားတွေကလဲ ကိုးကန့် ပလောင် ကချင်တို့နဲ့ တောတွင်းစစ်ပွဲ တောင်ပေါ်စစ်ပွဲတွေမှာ သုံးစားမရဖြစ်နေ တယ်။ ယူကရိန်းနိုင်ငံဆီက အစီးတထောင်ထုတ်ခွင့်လိုင်စင်ရထားတဲ့ BTR-3U စစ်သည်တင်သံချပ်ကားတွေကို လမ်း လုံခြုံရေးစိတ်မချရတဲ့ ကိုးကန့်ဒေသမှာ ဗမာစစ်သားတွေအသက်ဘေးလုံခြုံမှုအတွက် လမ်းကြောသုံးဖို့ တိုက်တွန်းနေ ကြပေမဲ့ ဆီစားနှုန်းမြင့်တဲ့ အဲဒီယာဉ်တွေအတွက် အထူးလောင်စာဆီ စုပုံထားတာလည်းမရှိ၊ သံချပ်ကားတွေရဲ့ဝန်ကို ခံနိုင်ရည်ရှိတဲ့တံတားတွေလည်းမရှိတော့ သုံးမရတဲ့အခြေအနေဖြစ်နေတယ်။ အညိုရောင်ဒေသတွေမှာ လောင်စာဆီ အများကြီးစုပုံရင်လည်း ကိုယ့်သေတွင်းကိုယ်တူးတာဖြစ်မှာမို့လို့ ဈေးကြီးပေးဝယ်ထားရတဲ့ တင့်ကား သံချပ်ကားတွေ ဟာ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ်တွေတည်ရှိရာ မြို့ကြီးပြကြီးတွေနဲ့မလှမ်းမကမ်း ယာဉ်ပေါ်ပါဆီတိုင်ကီဆန့် သလောက်အကွာအဝေး ဒါမှမဟုတ် လောင်စာဆီစုပုံနိုင်တဲ့ အဖြူရောင်နယ်မြေတွေမှာဘဲ လှုပ်ရှားစစ်ကစားနိုင်တာ ဖြစ်နေတယ်။

ဒီတော့ ဒီလို ဗမာ့တပ်မတော်အတွက် အဓိပ္ပယ်မရှိတဲ့စစ်ပွဲကို မင်းအောင်လှိုင်က ဘယ်လိုစဉ်းစားပြီး ဇွတ်တိုက်နေတာ လဲ။ နိုင်ငံရေးအရကြည့်ရင် ဖုံကျားရှင်းဟာ ၈၈ အရေးအခင်းအပြီး စစ်အုပ်စုအတွက် အကျပ်အတည်းကြီးနေချိန်မှာ အသက်ကယ်ပေးခဲ့သူ၊ ၁၉၈၉ ခုကနေ ၂၀၀၉ ခုနှစ်အထိ ငြိမ်းအဖွဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရသူ၊ ညောင်နှစ်ပင် ညီလာခံကို ကိုယ်စားလှယ်လွှတ်ခဲ့သူဖြစ်တာ ဘယ်လိုမှ ငြင်းမရပါဘူး။ တဖက်မှာ ဘိန်းလုပ်ငန်း၊ မူးယစ်ဆေးလုပ်ငန်း၊ လက်နက်မှောင်ခိုလုပ်ငန်းလုပ်တယ်ဆိုတာ ဖုံးကျားရှင်းနောက်ပိုင်းတက်လာတဲ့ အစိုးရအသိအမှတ်ပြုကိုးကန့်ခေါင်း ဆောင်တွေ၊ တခြားတခြားသော အပစ်ရပ်-ငြိမ်းခေါင်းဆောင်တွေ၊ အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ် BGF တွေ နဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေ၊ ဘယ်သူမှမကင်းတာ ပြည်သူတွေသိကြပါတယ်၊ မင်းအောင်လှိုင်တို့ကိုယ်တိုင်လဲ သိသလို မင်းအောင်လှိုင်တပ်က တပ်မှူးတွေကိုယ်တိုင် ဝင်ပါနေတာ အများသိကြပါတယ်။

မူဆယ်-လားရှိုးလမ်းမှာ မကြာခင်ကဖမ်းမိတဲ့ ကား ၁၇ စီးတိုက် ဒေါ်လာ ၃ သန်းဖိုး တရားမဝင်ဖောက်ခွဲရေးပစ္စည်း အမှုကိုဘဲကြည့်ကြည့်၊ ၂၀၁၄ တုံးက ကော့သောင်းပင်လယ်ပြင်နဲ့ မော်လမြိုင်မုပွန်ဆိပ်မှာဖမ်းမိတဲ့ ဒေါ်လာသန်း ၅၀ ဖိုး အဆင့်မြင့် Ecstasy မူးယစ်ဆေးပြား ၄.၂ သန်းအမှုကိုဘဲကြည့်ကြည့် ဗမာစစ်တပ်နဲ့ စစ်တပ်သြဇာခံလက်နက်ကိုင် အဖွဲ့တွေ ပတ်သက်မှုကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ တကယ်တော့ ဒါတွေဟာ ဆယ်ခါခိုး တခါမိတဲ့အမှုတွေပါ။

၂၀၀၈ အခြေခံဥပဒေအရ တည်ထောင်ထားတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဆိုတဲ့ စစ်အုပ်စုရုပ်သေး ကိုးကန့်အစိုးရအဖွဲ့ဝင်တွေဟာ ကိုးကန့်နယ်ထဲမှာ တယောက်မှမကျန်တော့ဘဲ ထွက်ပြေးသွားခဲ့ပြီဖြစ်တယ်။ ဘယ် အစိုးရဘက်သားမှ ကိုးကန့်လူထုဘက်က မားမားမတ်မတ်ရပ်တည်ပေးတာ မရှိတော့ပါဘူး။ ဗမာစစ်တပ်က ရိက္ခာ လစာပေးပြီး ဖွဲ့ပေးထားတဲ့ ကိုးကန့် BGF တွေလဲ အားလုံးတောခိုပြီး ကိုးကန့်သူပုန်နဲ့ သွားပေါင်းလိုက်ပါပြီ။ ဗမာ စစ်တပ်တွေကလဲ ကိုးကန့်ဒေသလူထုကို မြို့ရောတောပါ တအားသတ် တအားလု လုပ်နေတော့ လူထုနဲ့ လုံးဝကင်း ကွာသွားပြီ။ တနည်းအားဖြင့် ပြောရရင် ဗမာအစိုးရဟာ ကိုးကန့်ဒေသမှာ နိုင်ငံရေးအရအရှုံးကြီးရှုံးသွားခဲ့ပြီ။

ကိုးကန့်စစ်တပ် ထောင်ဂဏန်းကိုတိုက်တာတောင် ဒါလောက်အကျအဆုံးများနေမှတော့ တကယ်တန်းပြည်ပရန်ကို ကာကွယ်ဖို့ ဘယ်လိုတိုက်မှာလဲ။ ဗမာပြည်ရဲ့ပြည်တွင်းစစ်တွေကို နိုင်ငံရေးနည်းအရအဖြေရှာ၊ တိုင်းရင်းသားပြ ဿနာပြေလည်ဖို့ ဖက်ဒရယ်စနစ်ကျင့်သုံးပြီး စစ်တပ်ကို professional စစ်တပ်ဖြစ်အောင် နိုင်ငံရေးနယ်ထဲက ထွက် ခွာပြီးလုပ်ဖို့ အထူးအရေးတကြီးလိုအပ်ချိန် ရောက်နေပါပြီ။

ဒါကြောင့် ကိုးကန့်စစ်ပွဲဟာ မင်းအောင်လှိုင် သမတရာထူးအတွက် စစ်သည်တွေရဲ့ အသက်သွေးချွေးတွေ ပေးဆပ်နေ ရတာဘဲဖြစ်တယ်။ မင်းအောင်လှိုင် သိက္ခာဆည်ဖို့အတွက် တိုင်းပြည်ရဲ့ဘဏ္ဍာငွေကိုလည်း အလဟသဖြုံးတီးပစ်နေ တာဖြစ်တယ်။ နိုင်ငံရေးအရ အကျိုးအမြတ်မရှိဘဲ စစ်ရေးအရ ဘဏ္ဍာရေးအရ ဆုံးရှုံးမှုကြီးလှတဲ့စစ်ပွဲကို ဘာကြောင့် ဆက်ပြီးလုပ်နေသလဲ။ ကိုဂါမဏိရေးခဲ့သလို အာဏာနီတည်ဆောက်နေတာလား။ ရှုံးမဲမဲပြီး ရှက်ရမ်းရမ်းနေတာကို အမြန်ဆုံးရပ်သင့်ပါပြီ။ စစ်သားတွေရဲ့အသက်တွေ၊ တိုင်းရင်းသားတွေရဲ့အသက်တွေ၊ တိုင်းပြည်ရဲ့ လူသားရင်းမြစ်၊ စီးပွားရင်းမြစ်တွေ အဆုံးရှုံးမခံသင့်တော့ပါဘူး။ ဗမာစစ်တပ်နဲ့ တိုင်းရင်းသားတွေကြား အမုန်းတရားတွေ၊ လူမျိုးငယ် တွေရဲ့ သံသယစိတ်တွေ ထပ်ပွားလာအောင်၊ ကြီးထွားလာအောင် မလုပ်ပါနဲ့တော့။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, March 10, 2015

မြန်မာစင်တာ၏ ပညာရေးဆိုင်ရာ လှုပ်ရှားမှုများ

ရေးသားသူ — အမည် မေတ္တာမောင် (မြန်မာစင်တာ)

 
မြန်မာစင်တာမှ ဖွင့်လှစ်နေသော သင်တန်းတစ်ခုကို မိတ်ဆက်ပေးပါရစေ။
 
ဆရာဦးဝင်းလှိုင် သင်ကြားသော -

" လုပ်ငန်းခွင်သုံး ကိုရီးယားစကားပြော သင်တန်း "
 
ဤသင်တန်းတွင် ---

- လုပ်ငန်းခွင်၌ အဆင်ပြေချောမောစွာ ပြောဆိုနိုင်ရေး။
- လုပ်ငန်းခွင် ပြင်ပတွင် ကိုရီးယား ဘာသာစကားကို အလွယ်တကူ ပြောဆိုနိုင်ရေး
တို့ကို အထူးအလေးထား သင်ကြားပေးပါသည်။]

(သင်တန်းချိန်- နံနက် ၁၁း၀၀နာရီမှ မွန်းလွဲ ၁း၀၀နာရီ အထိ)
 
ဆက်သွယ်စုံစမ်းရန် -
ကိုဇင်မိုးဦး ( သင်တန်းတာဝန်ခံ)
  010-686-96074
 မြန်မာစင်တာ လိပ်စာမှာ - 인천 부평구 부평동 654-3, 3층 (성모병원 အနီး)
 



-3, 3층 (성모병원 အနီး)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာစင်တာ၏ ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှု

ရေးသားသူ — အမည် မေတ္တာမောင် (မြန်မာစင်တာ)

မြန်မာစင်တာ၏ ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှု
 
တောင်ကိုရီးယားနိုင်ငံ ဘူဖြောင်းမြို့ရှိ မြန်မာစင်တာသည်
မြန်မာနိုင်ငံသား များအတွက် အခမဲ့ ဆေးစစ်ဆေးခြင်း
(ဆေးစစ်ဆေးခြင်း သီးသန့်) အစီအစဉ်များကို လုပ်ဆောင်ပေးနေပါပြီ - - -
 
- ကိုယ်အလေးချိန် နှင့် သွေးပေါင်ချိန် ပေးခြင်း။...
- သွေးစစ်ပေးခြင်းနှင့်ဆီးစစ်ပေးခြင်း။
- ဓာတ်မှန်ရိုက်ပေးခြင်း။
- လည်ချောင်း၊အဆုပ်၊အသည်း၊ကျောက်ကပ်တို့ကို
CD.X-ray ရိုက် စစ်ဆေးပေးခြင်း။
- မျက်စိစစ်ဆေးပေးခြင်း။
- အစာအိမ် အူလမ်းကြောင်းထဲသို့ ကင်မရာထည့် စစ်ဆေးပေးခြင်း။
(အစာအိမ် မှန်ပြောင်းကြည့်ခြင်း)
- ဆရာဝန်ကြီးနဲ့ ကိုယ်တိုင်တွေ့ပြီး ရောဂါအကြောင်း
တိုက်ရိုက် ဆွေးနွေးနိုင်ပါသည်။

(ဘာသာစကား အခက်အခဲ ရှိပါက ဘာသာပြန်ကူညီပေးပါမည်)
 
ဆေးစစ်ဆေးမည့် ရက်ကို သီးခြား ထပ်မံ ကြေငြာပေးပါ့မည်။








ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, March 9, 2015

ကိုးကန့်ပြဿနာ – အပိုင်း (၄) ဇာတ်သိမ်းပိုင်း

ရေးသားသူ — မောင်မောင်စိုး



● ကိုးကန့်ပြဿနာအပေါ် နိုင်ငံတကာသဘောထား

◊ ပထမအချက်

တရုတ်နယ်စပ် ကိုးကန့်ဒေသမှာ ဖုန်ကြားစင်းတို့ရဲ့ ကိုးကန့်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခဲ့တာနဲ့ တပြိုင်နက် တရုတ် ပြည်ရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး အားလုံးကမေးခွန်းထုတ်လာသလို စောင့်ကြည့်လေ့လာမှုတွေလဲ ပြုလုပ်လာ ကြပါတယ်။ ၁၉၆၈ က ဗကပကို အလုံးအရင်းနဲ့ ကူညီခဲ့ဖူးတဲ့တရုတ်ပြည်ကို သံသယမျက်စေ့နဲ့ ကြည့်ကြတာ အဆန်းတကျယ်တော့ မဟုတ်ပါ။ တရုတ်စစ်သားတွေ ဝင်တိုက်သလား၊ တရုတ်ပြည်က အကူအညီပေးသလား၊ တရုတ်နယ်မြေကို အသုံးချခွင့် ပေးသလား စသဖြင့် လားပေါင်းများစွာ စွပ်စွဲချက်များစွာ ရင်ဆိုင်ရပါတော့တယ်။နောက်ပိုင်းမှာလဲ တရုတ်ပြည်တွင်း ဟိုတယ်ကြီးတခုကနေ ဖုန်ကြားစင်း ကွပ်ကဲနေကြောင်းနဲ့ ဒဏ်ရာရ ကိုးကန့်တပ်ဖွဲ့ ဝင်တွေ တရုတ်ပြည်တွင်းဆေးရုံတခုမှာ တက်ရောက် ဆေးကုသနေကြောင်း စွပ်စွဲပြောဆိုချက်များ ပေါ်ထွက်လာသလို တရုတ်ကြေးစားစစ်သားတွေ ကိုးကန့်တပ်ဘက်က ဝင်ရောက်တိုက်ခိုက်နေကြောင်း ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။တရုတ်အစိုးရက ကိုးကန့်ပြဿနာနဲ့ပတ်သက်ပြီး တရားဝင်သတင်းထုတ်ပြန်မှုများပြုလုပ်ခဲ့သလို နှစ်ဖက် သံအမတ် များကို ခေါ်ယူတွေ့ဆုံရှင်းလင်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ တရုတ်အစိုးရကတော့ သူတို့ပါဝင်ပတ်သက်မှု မရှိ ကြောင်း၊ သူတို့နယ်မြေကိုအသုံးပြုခွင့်ပေးမှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာပြည် ထဲမှာရှိတဲ့ တရုတ် လူမျိုးများနဲ့ တရုတ်အင်စတီကျူးရှင်းများကို ကာကွယ်ပေးဖို့ တောင်းဆိုခဲ့တာ တွေ့ရပါတယ်။ ဒါ့ပြင် ကိုးကန့်ပြဿနာကို ခရိုင်းမီးယားအရေးနဲ့ နှိုင်းယှဉ်တာဟာ ရယ်ဖွယ်သာဖြစ်ပြီး တရုတ်မြန်မာနယ်နမိတ်ကို တိကျစွာ ရေးဆွဲပြီးပြီလို့ တရုတ်သံ တမန်များက ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ကိုးကန့်ပြဿနာကို ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ တရုတ်အစိုးရက အကြိမ်ကြိမ်တိုက် တွန်းခဲ့ပါတယ်။

◊ ဒုတိယအချက်

ကိုးကန့်ပြဿနာနဲ့ပတ်သက်ပြီး အမေရိကန်အခြေစိုက် တရုတ်ပညာရှင်တဦးရဲ့သုံးသပ်ချက် ထွက်လာပါတယ်။ Ko Kang conflict: How will China respond ကိုးကန့်ပဋိပက္ခကို တရုတ်ဘယ်လိုတုံ့ပြန်မလဲ ဆိုတဲ့သုံးသပ်ချက်ပါ။ ရေးသားသူကတော့ Henry L Stimson Center East Asia program နဲ့ Brooking Institution က တရုတ်အမျိုးသမီးပညာရှင်တဦးဖြစ်တဲ့ Yun Sun ယွင်ဆွန် ရဲ့သုံးသပ်ချက်ဖြစ်ပါတယ်။

သူမရဲ့သုံးသပ်ချက်အရ တရုတ်ပညာရှင်အချို့က တရုတ်ပြည်ရဲ့သေနင်္ဂဗျူဟာအတွက်ရှေ့ရှုပြီး ကိုးကန့်အပါ တရုတ်-မြန်မာ နယ်စပ်အရေးကိစ္စတွေမှာ ပါဝင်ပတ်သက်ဖို့ အကြံပြုပေမဲ့ တရုတ်အစိုးရခေါင်းဆောင်ပိုင်းနဲ့ အခြားတရုတ်ပညာ ရှင်များက ပယ်ချခဲ့ပါတယ်။ တရုတ်ပြည်ဟာ မြန်မာပြည်မှာ ဘီလီယံများစွာရင်းနှီးမြှုပ်နှံထားတဲ့အပြင် မြန်မာပြည်ဖြတ်မယ့် စီးပွားရေးလမ်းကြောင်းနှစ်ခုအပေါ်မှာဘဲ အာရုံပြုထားပြီး မြန်မာပြည်တည်ငြိမ်အေးငြိမ်မှုကို ဒီအကျိုး စီးပွါးတွေအောင်မြင်ဖို့ အတွက် လိုလားသူဖြစ်ပါတယ်။

ဒါပေမဲ့ ကိုးကန့်အရေးမှာ ဖုန်ကြားစင်းရပ်တည်နိုင်သွားရင်လဲ ဖုန်ကြားစင်းတို့နဲ့ဆက်ဆံမှာဖြစ်ပါတယ်။ တရုတ်အစိုးရ အနေ နဲ့ ပါကစ္စတန် အာဖဂန်တို့မှာ စီးပွားရေးလုပ်ခဲ့တဲ့ အတွေ့အကြုံအရ အစိုးရနဲ့တိုက်ခိုက်နေတဲ့ အဖွဲ့တွေနဲ့ ဆက်ဆံ လုပ်ကိုင် ဖူးတဲ့ အတွေ့အကြုံရှိတယ်လို့ ဆိုပါတယ်။ ယွင်ဆွန်ကတော့ ကိုးကန့်ပြဿနာဖြေရှင်းဖို့ မြန်မာခေါင်းဆောင် တွေရဲ့ strenght နဲ့ wisdom ပေါ်မူတည်တယ်လို့ဆိုပါတယ်။ မြန်မာခေါင်းဆောင်တွေရဲ့ လုပ်ကိုင်နိုင်စွမ်းနဲ့ ဉာဏ်ပညာ ကြီးမှုပေါ် မူတည် တယ်လို့ဆိုရပေမယ်။

◊ တတိယအချက်

ကိုးကန့်ပြဿနာပေါ်လာပြီး လောက်ကိုင်ကိုတိုက်တော့ အချုပ်အခြာအာဏာကိုထိပါးတာလို့ မြန်မာအစိုးရက ကြေ ညာခဲ့ပေမဲ့ DKBA နှုတ်ခမ်းမွှေးတို့ မြဝတီကိုတိုက်ခဲ့တုန်းက ဘာကြောင့် အချုပ်အခြာအာဏာ ထိပါးတာလို့ မကြေညာခဲ့ သလဲလို့ VOA က မေးခွန်းထုတ်ခဲ့ပါတယ်။

နောက်ပိုင်း အမေရိကန်အစိုးရ သဘောထားထုတ်ပြန်ရာမှာလဲ ကိုးကန့်ပြဿနာကို ပြည်ပကျူးကျော်စွက်ဖက်မှုအဖြစ် သဘောမထားဘဲ ပြည်တွင်းတိုင်းရင်းသားပြဿနာအဖြစ်သာ ရှုမြင်ခဲ့ပါတယ်။ ပြဿနာကို ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်း ခဲ့ပြီး လက်ရှိ တပြည်လုံးအပစ်ခတ်ရပ်စဲရေးနဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို မထိခိုက်စေရေး သတိထားဖြေရှင်းဖို့ တောင်းဆိုခဲ့ပါတယ်။

သတိထားရမှာကတော့ လက်ရှိကိုးကန့်အရေးမှာ ပါဝင်တိုက်ခိုက်တယ်လို့ဝန်ခံထားတဲ့ MNDAA ကိုးကန့်အဖွဲ့၊ TNLA ပလောင်အဖွဲ့၊ AA ရခိုင်အဖွဲ့တွေဟာ ခုထိ အစိုးရနဲ့ ဆွေးနွေးပွဲစားပွဲဝိုင်းကို ရောက်မလာသေးတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။

◊ စတုတ္ထအချက်

တချို့ တရုတ်ဆန့်ကျင်ပြတာ အမေရိကန်ကို မျက်စပစ်ပြတာလို့ ဆိုပါတယ်။ ဒါ့ပြင် online မှာလဲ အမေရိကန်လေ ယာဉ် တင်သင်္ဘောပုံတွေတင်ပြီး ထိုင်းနိုင်ငံမှာပြုလုပ်မယ့် မြွေဟောက်စစ်ဆင်ရေးအတွက် ကြိုတင်ရောက်ရှိနေတဲ့ အမေရိကန် တပ်တွေက တရုတ်ပြည်ရဲ့ မြန်မာပြည်ပေါ်အနိုင်ကျင့်မှုကို အနီးကပ်စောင့်ကြည့်နေပြီလို့ ဝါဒဖြန့်ကြပါတယ်။ ဒါတွေအားလုံး မှားပါတယ်။

အမေရိကန်ဟာ အခြားတိုင်းပြည်တွေကိုကူညီဖို့ အကြောင်းနှစ်ချက်ဘဲရှိပါတယ်။ တချက်က ဒီမိုကရက်စံနှုန်းတွေ ပြည့်မှီမှ ဖြစ်ပါတယ်။ မြန်မာအစိုးရမှာ အဲဒီစံနှုန်းတွေ မရှိသေးလို့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည့်မှီအောင် လုပ်ပေးဖို့ တောင်းဆိုထားပြီး ပြည့်စုံခဲ့ရင် ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာမှ အကူအညီတွေ ရင်းနှီးမြှုပ်နှံမှုတွေပေးမယ်လို့ အမေရိကန်နဲ့ သူ့မဟာမိတ် တွေ ကြေညာထားတာ ဖြစ်ပါတယ်။

အမေရိကန်တွေကူညီတဲ့ နောက်အကြောင်းတချက်ကတော့ အဲဒီတိုင်းပြည်မှာရှိတဲ့ သူအကျိုးစီးပွားနဲ့သက်ဆိုင်ပါ တယ်။ လက်ရှိမြန်မာပြည်မှာ ကာကွယ်စရာ အမေရိကန်အကျိုးစီးပွား ပြောပလောက်အောင်မရှိပါဘူး။ တရုတ်ပြည်မှာတောင် အမေရိကန်အကျိုးစီးပွား ဘီလီယံပေါင်းများစွာ ရှိပါသေးတယ်။ နောက်တချက်ကတော့ အင်အားကြီမားတဲ့၊ ကမ္ဘာမှာ GDP ဒုတိယအမြင့်ဆုံးဖြစ်တဲ့၊ အမေရိကန်နဲ့အနောက်အုပ်စုရဲ့ ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့၊ သူတို့ရဲ့ ကြီးမားတဲ့ဈေးကွက်ရှိတဲ့တရုတ်ပြည်၊ အနုမြူလက်နက်ပိုင်ဆိုင်ပြီး ခေတ်မှီအင်အားတောင့်တင်းတဲ့ တပ်မတော်တရပ်ရှိတဲ့ တရုတ်ပြည်ကို အမေရိကန် အထူးသတိထားဆက်ဆံပါတယ်။ ပစိဖိတ်ဒေသတွင်းက အမေရိကန်ရဲ့ စိတ်ချရတဲ့ မဟာမိတ်တွေဖြစ်တဲ့ ဂျပန် နဲ့ဖိလစ်ပိုင်တို့ တရုတ်နဲ့ ရေပိုင်နက်ဆိုင်ရာအချင်းများတာတောင်မှ အမေရိကန်အနေနဲ့ အထူးသတိကြီးစွာထားပြီး တုံ့ပြန် ခဲ့တာ တွေ့ရပါတယ်။

◊ ပဉ္စမအချက်

ကိုးကန့်ပြဿနာဟာ ပြည်တွင်းပြဿနာတရပ်အဖြစ်သာ အားလုံးကသဘောထားကြပါတယ်။

၁၅ တရုတ်အမျိုးသားရေးဝါဒီများနှင့် တရုတ်-မြန်မာ ဆက်ဆံရေး

◊ ပထမအချက်


ကိုးကန့်အဖွဲ့အနေနဲ့ တနှစ်လောက်ကြိုပြီး တရုတ်ပြည်တွင်းမှာ online ကနေ ကိုးကန့်အရေးနဲ့ပတ်သက်ပြီး စည်းရုံး လှုံ့ဆော် ခဲ့ပုံရပါတယ်။ ကိုးကန့်တရုတ်အမျိုးသားတွေအခွင့်အရေးနဲ့ပတ်သက်ပြီး ပြည်မတရုတ်အမျိုးသားများဆီက စာနာမှုရအောင် ကြိုးစားခဲ့မှုရှိပြီး တရုတ်အနာဂတ်သေနင်္ဂဗျူဟာအတွက် မြန်မာနယ်စပ်အဖွဲ့အစည်းတွေကိစ္စမှာ ပါဝင်ပတ်သက်မှု ရှိရမယ် ဆိုတဲ့ တရုတ်အမျိုးသားရေးဝါဒီတွေရဲ့ထောက်ခံမှုနဲ့အတူ တရုတ်ပြည်တွင်းမှာ အတော်လေးကိုပျံနှံ့ပြီး ထောက်ခံမှုရပုံပေါ် ပါတယ်။

လောက်ကိုင်စစ်ပွဲဖြစ်ပြီး တရုတ်ပြည်ဘက်ကိုပြေးလာတဲ့ ကိုးကန့်သားတွေအတွက် တရုတ်ပြည်မှ တရုတ်များက များစွာ ကူညီထောက်ပံ့ခဲ့ပါတယ်။ ဒ့ါပြင် သောင်းနဲ့ချီတဲ့ ကိုးကန့်တရုတ်စစ်ဘေးဒုက္ခသည်တွေအတွက် တရုတ်အာဏာ ပိုင်တွေက နေစရာ စားစရာ ဆေးဝါးများစီစဉ်ပေးတာတွေ့ရပါတယ်။ ဒါဟာ တရုတ်အမျိုးသားရေးဝါဒီများရဲ့ဖိအားကြောင့်လို့ ဆိုနိုင်ပါ တယ်။ ပြီးခဲ့တဲ့ကချင်စစ်ပွဲကာလတုန်းက တရုတ်ပြည်တွင်းပြေးဝင်ခဲ့တဲ့ ကချင်စစ်ဘေး ဒုက္ခသည်တွေကို ဒီလိုကူညီမှုမရှိ တဲ့အပြင် တရုတ်ပြည်တွင်းဝင်မှာကို တားဆီးတာ နှင်ထုတ်တာတွေ ပြုလုပ်ခဲ့ကြတာပါ။

ဒါ့ပြင် စစ်ပွဲဖြစ်ပြီးမကြာမှီမှာ လောက်ကိုင်မှာပစ်အသတ်ခံရတဲ့ အရပ်သားဝတ်နဲ့ ကိုးကန့်တရုတ်တွေရဲ့ပုံတွေ တရုတ်အင် တာနက် online မှာ ပလူပျံသွားပါတယ်။ ဒီဓါတ်ပုံတွေရဲ့ တိကျခိုင်မာမှုနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ရာရှိပေမဲ့ တရုတ် online မှာတော့ အောင်မြင်သွားပြီး တရုတ်အမျိုးသားရေးဝါဒီတွေရဲ့ ထောက်ခံမှုမြင့်တက်ခဲ့ပါတယ်။ တချို့ ပြင်းထန်တဲ့ post တွေဆိုရင် တရုတ်အာဏာပိုင်တွေက စောင့်ကြည့်ပြီး ဖြုတ်ချနေရတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ဖေ ၄ ရက်နေ့ BBC သတင်းအရ လောက်ကိုင်မြို့အတွင်းမှာ အရပ်ဝတ်နဲ့ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးများအပါ လူ ၆၀ ကျော် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ရပြီး တပတ်လောက်ကြာမှ မီးသင်္ဂြိုလ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ BBC သတင်းဟာ တရုတ်အမျိုးသားဝါဒီတွေအတွက် မီးလောင်ရာလေပင့်သလို ဖြစ်မှာအမှန်ပါဘဲ။

ကုလသံတမန်တဦးကို မြန်မာအမျိုးသားရေးဝါဒီ မဘသဘုန်းကြီးတပါးက ဆဲဆိုပြစ်တင်တာ မြန်မာအစိုးရနဲ့ မသက် ဆိုင်သ လို အရေးယူမှုမပြုလဲ ရပါတယ်။ အလားတူပါဘဲ၊ ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်က ဂျပန်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို တရုတ် အမျိုးသားရေးဝါဒီများ ပြင်းပြင်းထန်ထန်လုပ်ခဲ့ကြသလို ဂျပန်နိုင်ငံလုပ်ကားများကို မီးတင်ရှို့ခဲ့ကြပါတယ်။ ဒီအတွက် တရုတ်အစိုးရမှာ တာဝန်မရှိခဲ့သလို ကျူးလွန်သူတွေကို အရေးယူမှုပြုတာလဲ မတွေ့ရပါ။

တရုတ်အမျိုးသားရေးဝါဒီများအနေနဲ့ စိတ်ဓါတ်ရေးအရ လှုံ့ဆော်တာတင် ရပ်မနေမှာကိုတော့ စိုးရိမ် သတိပြုသင့်ပါတယ်။ မြန်မာပြည်အတွက် ဆိုးကျိုးပေးမယ့်အရာအားလုံးကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

◊ ဒုတိယအချက်

မြန်မာပြည်နဲ့တရုတ်ပြည်ဟာ ရှေ့ဆင့်နောက်ဆင့် တိုင်းပြည်သစ်ထူထောင်ပြီး နှစ်နိုင်ငံဆက်ဆံရေးစတင်ခဲ့ပါတယ်။ မြန်မာ ဝန်ကြီးချုပ်ဦးနုနဲ့ တရုတ်ဝန်ကြီးချုပ် ကြိုးအင်းလိုင် {ချူအင်လိုင်း} လက်ထက်တွေမှာ နွေးထွေးတဲ့ဆက်ဆံရေးရှိပြီး တရုတ်ဖြူ ကူမင်တန်ကိုတိုက်ထုတ်ရာမှာ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့ပါတယ်။ နှစ်နိုင်ငံ နယ်နမိတ်တွေကိုလဲ ပူးပေါင်း အတည်ပြုသတ်မှတ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၆၇ တရုတ်-မြန်မာအရေးအခင်းကစပြီး ဆက်ဆံရေးယိုယွင်းခဲ့ပါတယ်။ ဆန်ပြဿနာကအစပြုတဲ့ အကြပ် အတည်းကို ဗိုလ်နေဝင်းအစိုးရက အမျိုးသားရေးအလံလွှင့် လမ်းကြောင်းလွှဲတာဆိုပြီး သုံးသပ်ကြသလို တရုတ်ယဉ် ကျေးမှုတော်လှန်ရေးအရှိန်နဲ့ ပင်လယ်ရပ်ခြားတရုတ်ကျောင်းသားတွေကြား စိမ့်ဝင်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီဝင် ပင်လယ်ရပ်ခြားတရုတ်အမိျုးသားများရဲ့ စည်းရုံးလှုပ်ရှားမှုတွေကလဲ ပြဿနာရဲ့ မီးစတွေပါဘဲ။

၁၉၆၈ ဗကပ ကို တရုတ်ကအလုံးအရင်းနဲ့ကူညီပြီး ပီကင်းအသံလွှင့်ဌာနကနေ တိုက်ရိုက် နေဝင်း-စန်းယုစစ်အစိုးရလို့ ဗြောင်တိုက်ခိုက်နေစဉ်ကတော့ ဆက်ဆံရေးအဆိုးအဝါးဆုံးအချိန်တွေဖြစ်ပါတယ်။ ၁၉၇၆ တိန့်ရှောင်ဖင်တက်လာပြီး ဗကပကို အကူအညီလျှော့ချပြီး မဆလအစိုးရနဲ့ ဆက်ဆံရေးအသစ် ပြန်စခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်နောက်ပိုင်း ဗကပ ပြိုကွဲပြီး နဝတ စစ်အစိုးရတက်လာချိန်ကစပြီး တရုတ်နဲ့စစ်အစိုးရဟာ ဆက်ဆံရေး အလွန်ကောင်းမွန်ခဲ့တယ်လို့ ဆိုရပါမယ်။ တရုတ်အစိုးရအနေနဲ့ UN မှာ ဗီတိုအာဏာသုံးပြီး နိုင်ငံရေးအရ စစ်အစိုးရကို ကာကွယ်ပေးခဲ့သလို နိုင်ငံတကာမှာ အထီး ကျန်ဖြစ်နေတဲ့ စစ်အစိုးရနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ခဲ့သလို စစ်လက်နက်ပစ္စည်းများလဲ ရောင်းချပေးခဲ့ပါတယ်။

ဒီအတွက် မြန်မာပြည်က စီပွားရေးအခွင့်အလမ်းများစွာလဲ တရုတ်တို့ရခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်လို ကြီးမားတဲ့ တိုင်း ပြည်တခုနဲ့ ဆက်ဆံရာမှာ မြန်မာခေါင်းဆောင်တို့ သတိထားရမယ့်အချက်တွေ များစွာရှိပါတယ်။

တိုင်းပြည်ချင်းဆက်ဆံရာမှာ မြန်မာအစိုးရအနေနဲ့ ပေကျင်းရှိ တရုတ်ဗဟိုအစိုးရနှင့် ဆက်ဆံရတာမှန်ပေမဲ့ တရုတ်ဟာ အလွန်ကြီးမားပြီး ကျယ်တဲ့တိုင်းပြည်ဖြစ်တဲ့အတွက် အာဏာအားလုံး ဗဟိုမှာစုဖို့ မဖြစ်နိုင်ပါ။ မြန်မာပြည်နဲ့ကပ်လျက် ယူနန် ပြည်နယ်သည်ပင် မြန်မာပြည်နဲ့မတိမ်းမယိမ်းရှိပြီး လူဦးရေပိုများသည်။ စစ်ချွမ်းပြည်နယ်ဆိုလျှင် လူဦးရေသန်း တရာ ကျော်ပြီး မြန်မာပြည်လူဦးရေ နှစ်ဆရှိပါတယ်။ ဒါကြောင့်လဲ ဒီပြည်နယ်တွေမှာလဲ ကြီးမားတဲ့လုပ်ပိုင်ခွင့်တွေရှိတယ်ဆိုတာ သတိပြုဖို့လိုပါတယ်။ မြန်မာပြည်လို ဗဟိုမှာအာဏာအားလုံးစုထားတဲ့ စစ်အာဏာရှင်စနစ်ပုံစံမျိုး တရုတ်ပြည်မှာမရှိပါ။ ပြည်နယ်အလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအလိုက် လုပ်ပိုင်ခွင့်တွေရှိထားတယ်ဆိုတာ သတိပြုဖို့လိုပါတယ်။

ဥပမာ- တရုတ်နယ်စပ်ရွှေလီမြို့မှာရှိတဲ့ တရုတ်ဘဏ်မန်နေဂျာဟာ တရုတ်-မြန်မာ ငွေဈေးကွက်ကို မပြတ်စောင့်ကြည့် နေပြီး လိုအပ်လို တရုတ်ဘဏ်တွင်းရှိ မြန်မာငွေများသွန်ထုတ်ပြီး တရုတ်ငွေလဲလှယ်ခြင်း ဒါမှမဟုတ် တရုတ်ငွေများ ထုတ်ပြီး မြန်မာငွေများသိမ်းခြင်းပြုလုပ်ကာ ငွေလဲတဲ့ဈေးကွက်ကို ထိန်းကျောင်းကြပါတယ်။ မူဆယ်က မြန်မာဘဏ် မန်နေ ဂျာကတော့ သတ်မှတ်ချက်အတိုင်း ငွေသွင်းငွေထုတ်လုပ်တာကလွဲလို့ ဘာလုပ်ကိုင်ခွင့်မှရှိမယ်မဟုတ်ပါ။ ဒီကနေ တွေ့နိုင် တာက ကျန်တဲ့ယူနန်ပြည်နယ်အစိုးရနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွေ ဒေသတွေမှာ ပိုမိုကြီးမားတဲ့ လုပ်ပိုင်ခွင့်တွေ အခွင့် အာဏာတွေရှိနေတယ်ဆိုတာ သတိပြုဖို့လိုပါတယ်။

ဆိုလိုတာကတော့ ပေကျင်းဗဟိုအစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်ရုံတင်မရဘဲ ယူနန်ပြည်နယ်အစိုးရ တိုင်းအစိုးရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရတို့နဲ့ မိမိမြန်မာပြည် အဆင့်ဆင့်အစိုးရအဖွဲ့အစည်းများ ဆက်ဆံရေးကောင်းမွန် အောင် တည် ဆောက်ရန် လိုအပ်ပါတယ်။ မြန်မာပြည်အနေနဲ့ စစ်အာဏာရှင် သက်တမ်းရှည်ကြာပြီး ဗဟိုချုပ်ကိုင်မှု လွန်စွာအားကောင်း ပေရာ အောက်အဆင့်များရဲ့လုပ်ပိုင်ခွင့်နဲ့ လုပ်နိုင်စွမ်းမှာ များစွာအကန့်အသတ်ရှိပါတယ်။ ထိုင်းနိုင်ငံလို လာအိုလို ဘင်္ဂလား ဒေ့ရှ်လို တိုင်းပြည်ငယ်များရဲ့ အောက်ခြေအဆင့်လုပ်ပိုင်ခွင့်နဲ့ ထိုတိုင်းပြည်ငယ်ထက် ကြီးမားတဲ့ တရုတ်ပြည် ပြည်နယ်တခုရဲ့ လုပ်ပိုင်ခွင့် လွန်စွာကွာခြားတာကိုသဘောပေါက်ဖို့လိုပါတယ်။

ထို့အတူပင် တရုတ်ဗဟိုစစ်ကော်မရှင်အောက်တွင် တရုတ်စစ်တပ် PLA ခေါ် တရုတ်လွတ်မြောက်ရေးတပ်မတော် ရှိပါတယ်။ မြန်မာနယ်စပ်တလျှောက်လုံးဟာ စစ်ချွမ်းစစ်ဒေသ ခွင်းမင်စစ်ဒေသခွဲနဲ့သက်ဆိုင်ပါတယ်။ တရုတ်ပြည်မှာ PLA သာမက နောက်ထပ်လက်နက်ကိုင်တပ်ဖွဲ့တခုရှိပါသေးတယ်။ ဒီတပ်ဖွဲ့ကို တရုတ်ဘာသာဖြင့် ဝူကျွင်း လို့ခေါ်ပြီး အင်္ဂလိပ်လို People’s Armed Police Force PAPF လို့ခေါ်ပါတယ်။ PAPF ဟာ မြန်မာလုံထိန်းနဲ့ဆင်သလိုရှိပေမဲ့ တကယ်ဆိုရင် စစ်တပ်ဖွဲ့ စည်းပုံနဲ့ ပိုတူပါတယ်။ တရုတ်နိုင်ငံတော်ကောင်စီနဲ့ ဗဟိုစစ်ကော်မရှင် ပူးပေါင်းဖွဲ့စည်းတာဖြစ်ပေမဲ့ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံဖြစ်ပါတယ်။ တပြည်လုံးမှာ အင်အား ၆၆၀၀၀၀ ခန့်ရှိတယ် ဆိုပါတယ်။ တပ်ခွဲ တပ်ရင်းနဲ့ regiment ခေါ် တပ်ရင်းကြီးများ ဖွဲ့စည်းထားရှိပါတယ်။ regiment တခုမှာ တပ်ရင်း ၃ ရင်းခန့် ပါတတ်ပါတယ်။

ဒီ PAPF တပ်ဖွဲ့များတာဝန်ဟာ အကြမ်းဖက်မှုအန္တရာယ်ကာကွယ်ရေး၊ နယ်စပ်လုံခြုံရေး၊ ရေကာတာ လျှပ်စစ်စက်ရုံ စသည် တို့ကာကွယ်ရေး တာဝန်ယူရပြီး ပြည်နယ် တိုင်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေရဲ့ အုပ်ချုပ်မှုအောက်မှာ တွဲဖက်ပြီး ထားပါ တယ်။ တရုတ်ပြည်လိုကြီးမားတဲ့ တိုင်းပြည်ကြီးတခုမှာ အရာအားလုံး ဗဟိုက အမိန့်ပေးလို့မရပါ၊ ပေါ်လစီဘဲပေးလို့ ရပါတယ်။

မြန်မာပြည်မှာ အဆင့်ဆင့်လုပ်ကိုင်ခွင့်ရှိတဲ့၊ တက်ကြွသက်ဝင်တဲ့ ဒီမိုကရက်တစ်အစိုးရသာပေါ်ခဲ့ရင် အဆင့်ဆင့် ကောင်း မွန်တဲ့ ဆက်ဆံရေးတရပ်ထူထောင်နိုင်မှာပါ။

လက်ရှိနယ်စပ်တလျှောက် ရပ်တည်နေတဲ့ UWSA နဲ့ မိုင်းလားဒေသတို့နဲ့ကပ်ရက် တရုတ်ပြည်ဘက်ခြမ်းဟာ တရုတ် ပြည်တွင်း ဝ အခါ ရှမ်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေဖြစ်သလို ၎င်းအဖွဲ့များအနေနဲ့ အောက်ခြေအဆင့်ဆင့် ဒေသခံ အာဏာပိုင်များနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ထူထောင်ထားနိုင်ကြပါတယ်။

ဆိုလိုချင်တာကတော့ တိုင်းပြည်ရဲ့ နယ်နမိတ်အချုပ်အခြာကို ထိန်းသိမ်းကာကွယ်ဖို့ဆိုရင် စစ်တပ်ရှိရုံနဲ့မပြီးဘဲ ကျွမ်းကျင် လိမ္မာပျော့ပြောင်းတဲ့ သံတမန်ရေးပေါ်လစီတရပ် လိုအပ်ပါလိမ့်မယ်။ အဆင့်ဆင့်မှာ ပျော့ပြောင်းစွာ၊ အမှီခိုကင်းစွာ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်စွမ်းရှိသူတွေ လိုပေလိမ့်မယ်။

နောက်ဆက်တွဲ [၁]

● တရုတ်ဆန်လေသော ဝ မိုင်းလား ကိုးကန့်ဒေသများ


အထူးသဖြင့် ၁၉၈၉ နောက်ပိုင်း အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းတွင် ပြည်မမှမြန်မာများဟာ ကိုးကန့် ဝ မိုင်း လားဒေသများကို အရောက်အပေါက်များလာပါတယ်။ တရုတ်စကားပြောဆိုမှုများလွှမ်းမိုးနေခြင်း၊ တရုတ်ဘာသာ စကား ဖြင့် ရေးသားထားသော စာတမ်းများ ဆိုင်းဘုတ်များ ပလူပျံနေတာကို ဒီဒေသတွေမှာတွေ့ရပါတယ်။ အဲဒီလို တွေ့ရတဲ့၊ ပြည်မမှာကြီးပြင်းလာတဲ့ မြန်မာများအဖို့ မြန်မာပိုင်နက်လို့မခံစားရဘဲ တရုတ်ပိုင်နက်လိုခံစားမှု ဖြစ်ကြပါ တယ်။ တရုတ်ကဘဲတိုက်ရိုက်အုပ်ချုပ်နေသလို ခံစားပြောဆိုကြပါတယ်။ တကယ်တော့ ဒီဒေသတွေကို တရုတ် အုပ်ချုပ် သြဇာပေးနေတာ မဟုတ်ပါဘူး၊ တရုတ်ယဉ်ကျေးမှုလွှမ်းမိုးနေတာသာ ဖြစ်ပါတယ်။ ဒီလိုတရုတ်ယဉ်ကျေးမှု လွှမ်းမိုးတဲ့အကြောင်းရင်းကို လေ့လာသုံးသပ်ဖို့ လိုပါတယ်။

◊ ပထမအချက်

ဒီဒေသတွေဟာ ဗကပ စိုးမိုးစဉ်ကာလက အစိုးရနယ်မြေနဲ့ အဆက်အစပ်မရှိပါ။ ငြိမ်းချမ်းရေးယူစဉ်ကာလ တလျောက်မှာလဲ မကြာခဏတင်းမာမှုတွေရှိပြီး အစိုးရရဲ့အုပ်ချုပ်မှုနဲ့ ကင်းကွာပါတယ်။ ဒီကာလဟာ နှစ်ငါးဆယ်နီးပါး ရှိခဲ့ပြီဖြစ်သလို ဒီ အရင်ကလဲ ပြည်မအစိုးရအုပ်ချုပ်ရေး လက်လှမ်းမမှီခဲ့ပါ။ ဗကပ ခေတ်ကာလက မူလတန်းစာသင်ကျောင်းတွေ ဖွင့်လှစ်ခဲ့ ပေမဲ့ အောင်မြင်မှုမရခဲ့ပါ။ မရတဲ့အဓိကအကြောင်းရင်းက ဒေသခံ ကိုးကန့် ဝ အခါ ရှမ်း အားလုံးလိုလိုဟာ ဗမာစကား မ တတ်ကြပါ။ ဗမာစကားတောင်မတတ်သူတွေကို ဗမာစာသင်ဖို့ဆိုတာ မဖြစ်နိုင်ခဲ့ပါဘူး။ ဒါ့ပြင် အစိုးရဘက်နယ်ကိုလဲ သွားဖို့မဖြစ်နိုင်တော့ ကလေးတွေ စာသင်ကြားရေးအတွက် တရုတ်ပြည်ကို အားကိုးကြ ရပါတယ်။ တရုတ်ပြည်ဘက်ခြမ်းကလဲ မိမိနဲ့မျိုးနွယ်တူ ဆွေမျိုးသားချင်းတွေဖြစ်တဲ့ ဝ အခါ ရှမ်း ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသဖြစ်တဲ့အတွက် အဆင်ပြေပါတယ်။ တိုင်းရင်းဘာသာစကားအပြင် တရုတ်ဘာသာစကားကိုပါ တွဲဖက်သင်ယူရင်း ဒီဒေသတွေရဲ့ ဒုတိယဘာသာစကားဟာ တရုတ်ဘာသာစကားဖြစ်လာပါတယ်။

အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီးနောက် မြန်မာစာနဲ့သင်တဲ့စာသင်ကျောင်းတွေ ဖွင့်လှစ်လာပေမဲ့ အစိုးရနဲ့ဆက်ဆံရေး မတည်ငြိမ် တဲ့အတွက် ဒီကျောင်းတွေ မကြာခဏဆိုသလို ပိတ်ရတာတွေဖြစ်တတ်ပါတယ်။ ဒါ့ပြင် အထက်တန်းအောင် ကောလိပ် တက္ကသိုလ်ပို့ချင်ရင် တရုတ်ပြည်ဘက်က ပိုမိုလွယ်ကူတာကြောင့် တရုတ်စာသင်ကြားရေးဘက်ပြန်ရောက် သွားကြပါတယ်။

ဒါ့ပြင် စစ်ပွဲတွေ မတည်ငြိမ်မှုတွေကြောင့် ဒီဒေသခံပြည်သူတွေဟာ စီးပွားရေးရောင်းဝယ်ဖောက်ကားမှု ကူးလူးဆက် ဆံမှုကို တရုတ်ပြည်နဲ့ အဓိကလုပ်လာကြပါတယ်။ ဒီအခါမှာ တိုင်းရင်းသားတွေရဲ့ ဒုတိယဘာသာစကားဟာ မြန်မာ စကားဖြစ်မ လာတော့ဘဲ တရုတ်စကား ဖြစ်လာပါတော့တယ်။

◊ ဒုတိယအချက်

ဒါ့ပြင် လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ပြည်မမှာ ရန်ကုန်-မန္တလေးတောင် မီးမမှန်သေးပါ။ ဒါ့ပြင် လက်ကိုင်ဖုန်းဆင်းကဒ် တခုရဲ့ အစိုးရရောင်းဈေးက ၁၅ သိန်း၊ အပြင်ဈေးက သိန်းနှစ်ဆယ် သုံးဆယ်ရှိပါတယ်။ ဒီလိုအခြေအနေမှာ ဝ မိုင်းလားဒေသတွေဟာ တရုတ်ပြည်ဘက်ခြမ်းနဲ့ပူးပေါင်းပြီး မီး ၂၄ နာရီရအောင်၊ ဖုန်းဆင်းကဒ်တွေ လိုသလောက် ဈေးပေါပေါနဲ့ ဝယ်နိုင်အောင် လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ထဲကစီစဉ်နိုင်ခဲ့ပါတယ်။ ဝ နယ် ပန်ဆန်းဈေးထဲက မုန်ညင်းရောင်းနေတဲ့ ဝ အမျိုးသမီးတယောက် လက်ကိုင်ဖုန်းနဲ့စကားပြောနေချိန်မှာ ရန်ကုန် မန္တလေးမှာ သိန်းနှစ်ဆယ် သုံးဆယ်ပေးရလို့ သူဌေးတွေမှ လက်ကိုင်ဖုန်း ကိုင်နိုင်ကြပါတယ်။ ဒီလိုအခြေအနေမျိုးတွေအောက်မှာ ဒီဒေသတွေမှာမြန်မာသြဇာ မြန်မာ့ယဉ်ကျေးမှု မလွှမ်းဘဲ တရုတ် ယဉ်ကျေးမှု တရုတ်သြဇာလွှမ်းမိုးတာ အံ့သြစရာ မရှိပါ။

◊ တတိယအချက်

နောက်ထပ် တရုတ်ယိမ်းတဲ့အကြောင်းကတော့ တရုတ်ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုများရဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရအခြေအနေနဲ့ တိုင်းရင်းသားတွေရဲ့ရပိုင်ခွင့်တွေ၊ ပြီးတော့ တရုတ်ရဲ့စီးပွားမြင့်တက်မှုနဲ့အတူ တရုတ်ပြည်တွင်းရှိ မိမိနဲ့မျိုး နွယ်စုတူတိုင်းရင်းသားရဲ့ လူမှုဘဝမြင့်တက်မှုတွေကို သဘောကျကြတာလဲ ပါပါတယ်။ တရုတ်ရဲ့ တိုင်းရင်းသားလူမျိုးစုပြ ဿနာ ဖြေရှင်းပုံဟာ စံပြုလောက်အောင်တော့မဖြစ်ပါဘူး။ တိဘက်၊ အတွင်းမွန်ဂို နဲ့ စင်းကျန်း ပြည်နယ်တွေမှာ မကြာခဏ ပြဿနာတွေ ပေါ်ပေါက်နေပါတယ်။ ဒါပေမဲ့ ယူနန်ပြည်နယ်တွင်း တိုင်းရင်းသားကိုယ်ပိုင် အုပ်ချုပ်ရေးဒေသတွေမှာတော့ အတော်အသင့် အောင်မြင်မှုရတယ်လို့ဆိုရပါမယ်။ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတွေရဲ့ အခွင့်အရေးနဲ့ပတ် သက်ပြီး မြန်မာပြည်သားများ အရောက်အပေါက်များတဲ့ မူဆယ်တဖက်ကမ်းက ရွှေလီမြို့ကို ဥပမာပေးချင်ပါတယ်။

◊ စတုတ္ထအချက်

မူဆယ်တဖက်ကမ်းရွှေလီမြို့ဟာ ယူနန်ပြည်နယ် ရှမ်းကချင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တေဟုန်တိုင်းထဲက ခရိုင်တခုဖြစ်ပါ တယ်။ တေဟုန်တိုင်းရဲ့မြို့တော်ကတော့ မန်စီမြို့ဖြစ်ပါတယ်။ ရွှေလီမြို့ဟာ ယခင် ရှမ်းစော်ဘွားအုပ်ချုပ်ရာမြို့ဖြစ်ပြီး ရှမ်း ဘာသာနဲ့ မုန်းမောလို့ခေါ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တာနဲ့အညီ ရွှေလီခရိုင် အုပ်ချုပ်ရေးအရာရှိများ ရွှေလီမြို့တော်ဝန်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်အားလုံးဟာ ရှမ်း ကချင် တိုင်းရင်းသားတွေချည်းပါဘဲ။ တရုတ်ပါဝင်ခွင့်မရှိပါ။ ရွှေလီမြို့ရဲ့ အစိုးရရုံးအားလုံးရဲ့ ဆိုင်းဘုတ်တွေကို တရုတ်စာ ရှမ်းစာ ကချင်စာ ၃ မျိုးလုံးနဲ့ရေးသားဖေါ်ပြပါတယ်။ မြန်မာနဲ့ ဘယ်လောက်ကွာလိုက်ပါသလဲ။ မြန်မာပြည်မှာ အရင်စစ်အစိုးရကခေတ်က တိုင်းရင်းသားဘာသာစကား ကျောင်းမှာ သင်ဖို့မပြောနဲ့၊ နွေရာသီ သင်ရင်တောင် နှိပ်ကွပ်တာခံရပါတယ်။ ယခု အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ချက်မှာ မိခင် တိုင်းရင်းသားဘာသာစကားနဲ့ သင်ကြားခွင့်ရရေးအတွက် တင်ပြနေတာတောင် တိုင်းရင်းသား ၁၃၀ ကျော်မျက်နှာ မကြည့်ဘဲ ကုလားစာတွေ သင်ခွင့်ရကုန်လိမ့်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မျက်ကန်းမျိုးချစ်များက ကပျက်ရပျက် လုပ်နေ တုန်းပါ။ ဒါ့ပြင် တရုတ်ပြည်ရဲ့စီးပွါးရေးတိုးတက်မှုနဲ့အတူ ရှမ်း ကချင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရွှေလီမြို့ရဲ့ လမ်း ပလက်ဖေါင်း လျှပ်စစ်မီး ဖုန်း စတဲ့ အခြေခံအဆောက်အအုံတွေဟာလဲ ရန်ကုန်ထက်သာတာ ရောက်ဖူးသူတိုင်းသိကြပါတယ်။ တိုင်းရင်းသားများအနေနဲ့ မိမိဒေသမှာ မိမိလူမျိုးများ ကိုယ်တိုင်အုပ်ချုပ်ခွင့်ရှိသလို မိမိဘာသာစကားကို အသုံးပြုခွင့်ရတာလဲ ကျေနပ်အားရစရာပါ။ စီးပွါးရေးအရလဲ မြန်မာဘက်ခြမ်းထက် သာလွန်နေပေတော့ ကိုးကန့် မိုင်းလား ဝ ဒေသတွေ တရုတ် ဆန်တာ အံ့သြစရာမရှိပါဘူး။

◊ ပဉ္စမအချက်

ဒီဒေသတွေမှာ မြန်မာဆန်စေချင်ရင် မြန်မာ့ယဉ်ကျေးမှု ထိုးဖေါက်ချင်တယ်ဆိုရင်တော့ တိုင်းရင်းသားတွေ ကျေနပ် လက် ခံနိုင်တဲ့ အုပ်ချုပ်ရေးစနစ်တရပ်နဲ့ ပညာရေး ကျန်းမာရေး လူမှုရေး အဆောက်အအုံတွေ ဖန်တီးပေးခြင်းနဲ့သာ ရနိုင်ပါတယ်။

၁၇ နောက်ဆက်တွဲ [၂]

ကိုးကန့်အရေး နောက်ဆက်တွဲသတင်းများ

◊ ပထမအချက်


ဖေ ၂၈ မတ် ၁ မတ် ၂ ရက်နေ့များတွင် ကိုးကန့်ဒေသ လောက်ကိုင်နှင့် ကုန်ကြမ်းအကြား ကားလမ်းမအား ထိန်းချုပ် ထားသော ကိုးကန့်တပ်အခြေစိုက်ရာ တောင်ကုန်းများကို မြန်မာစစ်တပ်က ပြင်းထန်စွာထိုးစစ်ဆင် သိမ်းပိုက်ခဲ့ ကြောင်း အစိုးရဖက်ကကြေညာခဲ့ပါတယ်။ ကိုးကန့်အဖွဲ့ကတော့ နောက်ဖက် မီတာ ၃၀၀ ဆုတ်ပြီး နေရာယူခဲ့တယ်လို့ ဆိုပါတယ်။

◊ ဒုတိယအချက်

မတ်လ ၄ ရက်နေ့ VOA သတင်းအရ UWSA မှ တပ်မဟာမှူးတဦးပါအဖွဲ့အား ဒုဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်နှင့် တိုင်းမှူးတို့ လားရှိုးသို့ဖိတ်ခေါ်တွေ့ဆုံခဲ့ပြီး ကိုးကန့်တိုက်ပွဲများအတွင်း UWSA မှ တပ်ရင်း ၄ ရင်းပါ တပ်မဟာတခုပါကြောင်း မြန်မာစစ်ဖက်က ပြောကြားတာဟာ မှားယွင်းကြောင်း ပြောကြားတာဖြစ်တယ်လို့ UWSA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦး အောင်မြင့်ကပြောတယ်လို့ VOA ကဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး နေပြည်တော်စစ်ရုံးကို အတည်ပြုချက်တောင်း ပေမဲ့ ဆက်သွယ်မရဘူးလို့ဆိုပါတယ်။ ဒီသတင်းကိုဘဲ မတ်လ ၅ ရက်နေ့မှာ ဧရာဝတီက ဖေါ်ပြတာကတော့ ဒုဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်နဲ့ တိုင်းမှူးဟာ တပ်မဟာမှူးတဦးပါ UWSA ကိုယ်စားလှယ်တဖွဲ့ကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ကိုးကန့်အဖွဲ့ကို လက်နက်မပေးဖို့ သတိပေးခဲ့တယ်လို့ဆိုပါတယ်။ သတင်းရင်းမြစ်ကိုတော့ ဖေါ်ပြခြင်းမရှိပါ။

◊ တတိယအချက်

ကိုးကန့်ဒေသတွင်း တိုက်ခိုက်မှုတွေမှာ ကိုးကန့်အဖွဲ့ MNDAAက အင်အား ၃၀၀၀ ခန့်နဲ့ မဟာမိတ်တပ်ပေါင်းစု အင်အား ၂၀၀၀ ခန့်ပါပြီး စုစုပေါင်းအင်အား ၅၀၀၀ ခန့်ပါဝင်တယ်လို့ ကိုးကန့်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ထွန်းမြတ်လင်းက ပြောဆိုပေမဲ့ အခြားသတင်းရင်းမြစ်များမှ အတည်ပြုထားခြင်း မရှိပါ။ လက်ရှိ ကိုးကန့်အဖွဲ့ကို ဦးဆောင်နေသူမှာ ဖုန်ကြားစင်းရဲ့သားဖြစ်သူ ဖုန်တရွှင် Feng Daxun ဖြစ်ပြီး ထွန်းမြတ်လင်းကတော့ ဖုန်တရွှင်ရဲ့ ယောက္ဖ ဖြစ်ပါတယ်။

၁၈ နောက်ဆက်တွဲ {၃}

◊ ပထမအချက်


ဒီကိုးကန့်ပြဿနာဆောင်းပါး ရေးသားရတဲ့အကြောင်းကတော့ လက်ရှိကိုးကန့်ပြဿနာနဲ့ပတ်သက်ပြီး ဝေဖန်သုံးသပ် ရာတွင် အထောက်အကူဖြစ်စေရန် မိမိသိထားတဲ့ ကြုံတွေ့ခဲ့တဲ့ အချက်အလက်များကို ဝေငှတာသာဖြစ်ပါတယ်။ မိမိစဉ်းစားမှု မိမိအတွေ့အကြုံနှင့်ယှဉ်ပြီး လူတိုင်းလူတိုင်း မှန်ကန်စွာသုံးသပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဆောင်းပါး ဖေါ်ပြရာတွင် ပါရှိသော အချက်အလက် အချိန်နေရာ တိကျမှု ပြည်စုံမှု မရှိပါက ဖြည့်စွက်ပေးကြစေလိုပါတယ်။ မတူညီသောအမြင်များလဲရှိနိုင်ပါတယ်။ ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ သီပေါမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ၊ ရှမ်းဝတ်စုံဝတ်ပြီး လွှတ်တော်တက်နေပေမဲ့ နတ်မောက်နယ်သား မြန်မာလူမျိုးတဦးဖြစ်သူ ဦးရဲထွန်းကတော့ ဖုန်ကြားစင်းဟာ warlord စစ်ဘုရင် နယ်ခံဗိုလ်ကျတဦးသာဖြစ်ပြီး ကိုးကန့်တိုင်းရင်းသားတွေကို ကိုယ်စားမပြုလို့ ကိုးကန့်ဆိုတာမထည့်ဘဲ ဖုန်ကြားစင်း သောင်းကျန်းသူအဖွဲ့လို့သာ ခေါ်ဝေါ်သင့်တယ်လို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးပိုက်ထွေးကို ပြောကြားခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များစွာထဲမှာ ဖုန်ကြားစင်း တယောက်သာ warlord လို့သတ်မှတ်မယ်ဆိုရင်တော့ ထူးဆန်းဖွယ်ရာသာဖြစ်မယ်လို့ ထင်ပါတယ်။

◊ ဒုတိယအချက်

ကျနော့်အမြင်ကို ထပ်မံပြောရရင် ကိုးကန့်ပြဿနာဟာ သတိပြုစရာတွေရှိပေမဲ့ ပြည်ပကျူးကျော်စစ်မဟုတ်ပါ။ ပြည်တွင်း စစ်သာဖြစ်ပါတယ်။ ပြည်တွင်းစစ်များ အမြန်ရပ်စဲပြီး ပြဿနာကို ဆွေးနွေးပွဲစားပွဲဝိုင်းမှာ ဖြေရှင်းစေလိုပါတယ်။ ခုထိ ဆွေး နွေးပွဲစားပွဲကို မရောက်သေးတဲ့ ပလောင် TNLA ၊ ရခိုင် AA ၊ ကိုးကန့်အဖွဲ့ MNDAA တို့နဲ့ ပတ်သက်ပြီး အလေး အနက်ထားပြီး ဆွေးနွေးသုံးသပ်ကြစေလိုပါတယ်။ စစ်စားရိတ်နဲ့ပိပြီး မွဲပြာကျနေတဲ့ တိုင်းပြည်အတွက် အခွင့်အလမ်း ကောင်းများ ရှာတွေ့နိုင်ကြပါစေ။

ပြီးပါပြီ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>