Wednesday, June 18, 2008

ခြောင်းကြည့်သူရဲ့ အမှား (၂-က)

ကိုကြီးပေါ်

ခက်ပုံများတော့ ပြောမပြောချင်ပါဘူး၊ အမိနိုင်ငံတော်ကြီးကို ဟိုးခပ်ဝေးဝေးကနေ ခြောင်းကြည့်တာတောင်မှ ကောင်းကောင်း မခြောင်းရတဲ့ အဖြစ်နဲ့ ကိုကြီးပေါ်မှာ ကြုံရတတ်သေးတယ် ခင်ဗျ။ မိုးသောက်ကြယ် အယ်ဒီတာမင်းက မောင်မင်း ဒီတလ မခြောင်းရဘူးလို့ အမိန့်တော်မှတ်လို့ ပြီးခဲ့တဲ့လက ကုပ်ကုပ်လေး နေခဲ့ရပါတယ်။ ကိုကြီးပေါ်ရဲ့ ဘ၀င်မကျမိတာလေးတွေ ဖွင့်ချထားတဲ့ စာတပုဒ်ကို မိုးသောက်ကြယ် ဒီလထုတ်မှာ သုံးမယ်၊ မခြောင်းနဲ့ ဆိုတာနဲ့ ကိုကြီးပေါ်လည်း ခြောင်းခွင့်မရခဲ့ပါဘူး။

အယ်ဒီတာမင်း အမိန့်ဆိုတော့လည်း နာခံရတာပေါ့။ အယ်ဒီတာမင်း ဆိုတာက သူ့ စာနယ်ဇင်းမှာတော့ သူဘုရင်ပဲ မဟုတ်လား။ ပြီးတော့ အခုခေတ်က မီဒီယာခေတ်၊ စာနယ်ဇင်းခေတ်၊ အယ်ဒီတာခေတ်လေ။ ပြည်တွင်းမှာဆိုရင် လူတယောက်တည်းက စာနယ်ဇင်း လေးငါးစောင်ရဲ့ ‘အယ်ဒီတာချုပ်’ ရာထူးကို ယူထားတာတွေ မနည်းဘူးခင်ဗျ။ စာနယ်ဇင်း တခုခုမှာ ဆိုရင်လည်း ပါဝင်တဲ့ အယ်ဒီတာတွေက ဒါဇင်နဲ့ချီ ရှိတတ်သကိုး။ ကံကောင်းလို့ မိုးသောက်ကြယ်မှာတော့ အယ်ဒီတာ နှစ်ယောက်တည်း ပါသဗျ။ အဲ အချို့ စာနယ်ဇင်းများကျတော့လည်း ‘အယ်ဒီတာ’ ရော၊ ‘စာတည်း’ ရော ပါတယ်ခင်ဗျ။ အဲဒီ စာတည်းနဲ့ အယ်ဒီတာ ဘယ်လိုကွာခြားသလဲ၊ ကိုကြီးပေါ် စဉ်းစားကြည့်တာ၊ ခေါင်းကို မူးနောက်သွားတော့တာပါပဲ။ ဉာဏ်နည်းသူ ကိုကြီးပေါ်အတွက် ပညာရှိများ ရှင်းပြပေးရင် ကောင်းလေစွ။

အင်းလေ…၊ စဉ်းစားတာ ခေါင်းနောက်ပါတယ်။ အမိမြန်မာ နိုင်ငံတော်ကြီးမှာ၊ ပကတိမှန်စွာ ဘာတွေဖြစ်နေသလဲလို့၊ အင်တာနက် ၀င်းဒိုးပေါက်က အတင်းတိုးဖောက်ကာ ခြောင်းကြည့်လိုက်တော့…

ကျားကော်မတီ

ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီ ရောက်အောင် ဇွတ်ကော အတင်းကော ပို့ဆောင်ပေးမယ့် ‘ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်’ ဆိုတာကြီးကို နအဖက ဥုံဖွဆိုပြီး ယခင်လအတွင်းကပဲ ဖွဲ့စည်းလိုက်ပါတယ်။ ကော်မရှင်မှာ ပါဝင်သူ ၄၅ ဦးစလုံးဟာ အားလုံး ပုရိသ ယောက်ျားတွေချည်းပါပဲ။

ကော်မရှင် ဖွဲ့တာပဲ၊ ယောက်ျားတွေနဲ့ ဖွဲ့ဖွဲ့၊ မိန်းမတွေနဲ့ ဖွဲ့ဖွဲ့ ဘာဖြစ်သလဲလို့ ပြောရင်လည်း ခံရမှာပါပဲ၊ သို့ပေမယ့် ကိုကြီးပေါ် အတွေးထဲ ဖျတ်ခနဲရောက်လာတာက ‘အရေးအရာ ကိစ္စတိုင်းရဲ့ အဆင့်တိုင်းမှာ အမျိုးသမီး ၃၀ ရာနှုန်းပါဝင်ရေး’ ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။
ဒီစကားကို ပြောဆိုနေတာက မြန်မာအမျိုးသမီး အဖွဲ့အစည်းတွေပါ။ ပြည်ပအခြေစိုက် အမျိုးသမီးများနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းအသီးသီးက အမျိုးသမီး အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ ကျားမ တန်းတူရေး၊ လိင်အရ ခွဲခြားဆက်ဆံမှု ပပျောက်ရေး၊ အိမ်တွင်းညှဉ်းပန်းမှု ပပျောက်ရေး၊ လူကုန်ကူးမှု ပပျောက်ရေး စတာ စတာတွေကို ပြင်းပြင်းထန်ထန် တောင်းဆို တိုက်ပွဲဝင်နေကြတာပါ။ ပြီးတော့ အမျိုးသမီး အခွင့်အရေးတွေကို ကာကွယ်မြှင့်တင်နိုင်ဖို့ ဆုံးဖြတ်ချက်ချရာ မူဝါဒချမှတ်ရာ အဆင့်တိုင်းမှာ အမျိုးသမီးတွေ ပါဝင်ခွင့် ရရမယ်လို့ တောင်းဆိုနေကြတာပါ။ အဆင့်တိုင်းမှာ အမျိုးသမီး သုံးဆယ်ရာနှုန်း ပါဝင်ခွင့် ပေးရမယ်တဲ့။ ဒီအချက်ကို ပြည်ပ ဒီမိုအင်အားစုတွေ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းမှာတောင် အတိအလင်း ဖော်ပြထားလေရဲ့။

အခုတော့ ပြည်တွင်းက နအဖ ဖွဲ့စည်းပေးလိုက်တဲ့ ကော်မရှင်မှာ အမျိုးသမီး တယောက်တလေမျှတောင် မပါဘူး ခင်ဗျ။ ဒီလိုဆိုတော့ ပြည်ပ အမျိုးသမီးတွေရဲ့ ပြောသံဆိုသံကို ပြည်တွင်းက ပုဂ္ဂိုလ်ကြီးများ လုံးလုံးနဲ့၀၀ မကြားလို့လေလား။ ဒါမှမဟုတ် တမင်တကာကို အရွဲ့တိုက်ချင်လို့လေလား။ သို့မဟုတ် မြန်မာပြည်မှာ ကော်မရှင်အဖွဲ့ဝင် လုပ်နိုင်လောက်တဲ့ အရည်အချင်းရှိသူ အမျိုးသမီးတွေ တယောက်မှ မရှိလေလို့လား။ တွေးကြည့်လေ …လား တွေ တိုးလာလေပါပဲ။

နအဖ ဆိုတာကြီးကို ကြည့်လိုက်တော့လည်း အားလုံး ယောက်ျားတွေချည်းပဲ ခင်ဗျ။ မြန်မာစစ်တပ်မှာ အမျိုးသမီးစစ်သည်ဆိုတာ မကြားမိတာ ကြာပါပြီ။ သူနာပြုတပ်ဆိုတာတော့ ရှိပါလေရဲ့။ ဒါပေမယ့် အငယ်တန်းအရာရှိလောက်အထိပဲ တွေ့ရဖူးပါတယ်။ အမျိုးသမီး အကြီးတန်းအရာရှိရယ်လို့ ကိုကြီးပေါ်ဖြင့် မကြားမိဖူးပေါင်။ အရင်က ဌာနဆိုင်ရာတွေမှာ အမျိုးသမီး အရာရှိကြီးတွေ ရှိခဲ့ဖူးပါတယ်။ အခုတော့ မကြားမိတာ အတော်ကို ကြာပါပြီ။ ဒါကလည်း ထိပ်တန်းရာထူးကြီးတွေကို မိုးကျရွှေကိုယ် စစ်ဗိုလ်ကြီးများက ၀င်ရောက် နေရာယူကြလေတော့ အမျိုးသမီးတွေ အလိုလို ပျောက်သွားရတာပေါ့။

အဲ… အထူးခြားဆုံးကတော့ မြန်မာပြည်မှာ အမျိုးသမီးဝန်ကြီးရယ်လို့ တခါမှ မကြာဖူးတာပါပဲ။ ရှေးခေတ်၊ ကိုလိုနီခေတ်၊ ဖဆပလခေတ်၊ မဆလခေတ်၊ နအဖခေတ် ခေတ်တွေနှစ်တွေ မနည်းမနောမှာ တယောက်တလေတောင် မရှိခဲ့ဖူးဘူးလို့ ထင်တာပါပဲ။
မှတ်မိတာ တခုတော့ ရှိတယ်ခင်ဗျ။ နအဖခေတ်မှာ အမျိုးသမီးတွေကို ချီးမြှင့်နေရာပေးတဲ့ အနေနဲ့ ‘မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်’ ဆိုတာကြီးကို စတင်ဖွဲ့စည်းတော့ ဥက္ကဋ္ဌက ဗိုလ်မှူးချုပ်ပြည့်စုံ တဲ့လေ။ ဒီ ပြည့်စုံ ဆိုတဲ့လူက ကျားရော မရော နှစ်မျိုးစလုံး ပြည့်စုံနေပုံရတယ် ထင်တာပါပဲ။

အခုတော့ မြန်မာပြည်မှာ ဖွဲ့စည်းထားတဲ့ အမျိုးသမီးဆိုင်ရာ အဖွဲ့အစည်းတွေမှာ ဦးဆောင်နေသူတွေ အားလုံးက ‘ဗိုလ်ကတော်’ တွေချည်းပါပဲ။ ဗိုလ်ကတော် မဟုတ်ရင်လည်း အရာရှိကတော်တွေပါပဲ။ ဒီလိုဆိုတော့ အပျိုကြီးတွေအတွက် နေရာ မရှိတော့ပြန်ဘူး။ အမျိုးသမီး အဖွဲ့အစည်းမှာ ဦးဆောင်နေရာ ရဖို့ ကိုယ့်လင် အမျိုးသားက ဦးဆောင်သူ အရာရှိနေရာ အရင်ရထားရမယ်ဆိုတဲ့ သဘောပေါ့။ ဒါဆိုရင် အမျိုးသမီး အဖွဲ့အစည်းလို့ ခေါ်နေမယ့်အစား ‘ကတော်အဖွဲ့အစည်း’ လို့ခေါ်ရင် ပိုသင့်တော်မယ် ထင်ပါရဲ့။

နအဖက ကျားကော်မတီ ဆိုပြီး လုပ်လိုက်ရာမှာ အမျိုးသမီးတွေကို နေရာမပေးချင်လို့ တမင်လုပ်တာလား၊ အမှတ်တမဲ့လား ဆိုတာ မသေချာပေမယ့်၊ ကျားကော်မတီကနေ အကောင်အထည်ဖော်ပေးရမယ့် အခြေခံဥပဒေ ဆိုတာမှာတော့ နိုင်ငံရဲ့ အကြီးအကဲဟာ ‘ကျား’ပဲ ဖြစ်ခွင့်ရနိုင်မယ်လို့ အသေအချာကို ရေးထားလေတယ် ခင်ဗျ။ သမ္မတဟာ ‘စစ်ရေးအတွေ့အကြုံရှိသူ’ ဖြစ်ရမယ်တဲ့လေ။ ဒါဆိုရင် သမ္မတဖြစ်ဖို့ ရည်ရွယ်ချက်ရှိတဲ့ မိန်းကလေးများ ငယ်စဉ်မှာ ခေတ္တလိင်ပြောင်းပြီး စစ်ထဲဝင်ရမယ့်ကိန်းပါပဲ။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ အမျိုးသမီးတယောက် ဖြစ်နေတာရယ်။ ပြည်ပက မြန်မာအမျိုးသမီးတွေရဲ့ ထိုးနှက်ချက်တွေက စစ်ဗိုလ်ကြီးတွေကို အရှက်ရစေတာရယ်တွေအပေါ် အညှိုးအတေးထားမိရာကနေ၊ နအဖတို့ခမျာ ‘မ ဆန့်ကျင်ရေး’ ဆိုတဲ့အထိ လုပ်မိနေပြီလားလို့ ကိုကြီးပေါ် တွေးနေမိပါတယ်။

အင်း… ဒီတခါလည်း ခြောင်းကြည့်လို့ မှားမိပြန်ပြီ။

No comments: