Thursday, February 12, 2009

စောဝေနေ့

မောင်
မနက်ဖြန် `ချစ်သူများနေ့´နော်
အမှတ်တရ ဘာပေးမှာလဲ ပြော
ညနေကျရင် အပြင်မှာ တခုခုသွားစားမယ်နော်
ဟင်… မဟုတ်ပါဘူး
ကိုယ်သိတာ `စောဝေနေ့´ပါ
`ဖေဖော်ဝါရီ ဆယ့်လေး´ ကဗျာ
အဲဒါ သူရေးတာလေ
ချစ်သူတွေအကြောင်း ရေးရင်း
မချစ်သူတွေအကြောင်း ပါသွားလို့တဲ့
ထောင်ဒဏ်နှစ်နှစ် ကျခံစေတဲ့
မချစ်တတ်သူတွေက စီရင်လိုက်တာလေ
ကိုယ်တော့ မထင်ပါဘူးကွယ်
မချစ်သူတွေအကြောင်း
ရင်ထဲမှာ ထားစရာ နေရာမရှိလို့
ကဗျာထဲ ၀ှက်ထားမိတာ ထင်ပါရဲ့
ကိုယ်တို့က ဘယ်အရာမဆို
သိုသိုသိပ်သိပ် လျှို့လျှို့ဝှက်ဝှက်
နေရတာ မဟုတ်လား
တကယ်ဆို
ချစ်သူတွေအကြောင်းလည်း
ရေးလို့ရတာ မဟုတ်ပါဘူးလေ
ချစ်သူတွေအကြောင်း စာမဖွဲ့နိုင်ဘဲ
ချစ်သူများနေ့ကို ဘယ်လို ပျော်ရမှာလဲကွယ်
ကိုယ်သိတာတော့
ဖေဖော်ဝါရီဆယ့်လေးဟာ
စောဝေနေ့ပါ။

2 comments:

winlatt said...

ဖေဖေါ်ဝါရီဆယ့်လေ့း
နှစ်ထောင့်ရှစ်....ရဲ့
ဗာလင်တိုင်းဒေးကို
သူ...ရင်ထဲကရေးလိုက်တာနေမှာ....။
မချစ်သူတွေ
မချစ်တတ်သူတွေ..ကို
သူ..ကမ္ဘာမကြေဘူး...ထင်တယ်ဗျ...။
သူ့ကဗျာလေးတွေမှာ
နင်းပြားတွေရဲ့ ရင်ခုန်သံပါတယ်...
အပစ်ပယ်ခံတွေရဲ့ မျက်ရည်စက်တွေပါတယ်...
ဝိညာဉ်တွေရဲ့ အံကြိတ်သံတွေပါတယ်...
မိခင်တွေရဲ့ နှလုံးသွေးတွေပါတယ်...
လူမမယ် ကလေးငယ်လေးတွေရဲ့ မျှော်လင့်ချက်တွေပါတယ်....
သူ...
ကဗျာထဲမှာ အရူးတစ်ယောက်အကြောင်းရေးလိုက်တာပါ...
သူမချစ်တဲ့ အရူးတစ်ယောက်အကြောင်းပါ...
သူ...ချစ်တဲ့သူတွေအတွက်
(ကမ္ဘာမကြေတဲ့)
ကဗျာတွေရေးခဲ့တာနေမှာ...
”ဖေဖေါ်ဝါရီဆယ်လေး..”ဆိုတာလေ....။

ဇေဇော် said...

အခုတစ်လော ချစ်သူများနေ့ အကြောင်း ဘလော့ဂ် တော်တော်များများမှာ ဖတ်နေရတယ်..။ ချစ်သူများနေ့ဆိုတာ တစ်ကယ်တော့.... ဂလိုဘယ်လိုက်ဇေးရှင်းပုံရိပ်တွေ ကိုယ့်ယဉ်ကျေးမှုထဲ ရောက်လာသလို၊ ကိုယ့်ယဉ်ကျေးမှုတွေ...၊ အမျိုးသားရေးသင်္ကေတတွေဟာလည်း ပျောက်ပျက်သွားလို့ မဖြစ်ဘူးဆိုတာ အားလုံး သိလိုက်ကြရတဲ့ သင်ခန်းစာလေးတစ်ခုပါ...။ ဖေဖော်ဝါရီ ၁၃ ရက်၊ ဗိုလ်ချုပ်မွေးနေ့ကို အမှတ်မရပဲ..၊ ဖေဖော်ဝါရီ ၁၄ ရက်၊ ချစ်သူများနေ့ကို ကျော်ခွ သွားကြတဲ့ သူတွေနဲ့ လူငယ်မျိုးဆက်တွေကို အသိပေးကြတဲ့ ပို့စ်တွေပါ...။ ဒီလို ပို့စ်တွေကြားထဲမှာ မသဒ္ဓါရဲ့ “သမီးငယ်သို့ ဗာလင်တိုင်းကဗျာတစ်ပုဒ်” နဲ့ အခု ဒီ“ စောဝေနေ့” ကဗျာလေးတွေက ထူးခြားပါတယ်...။ ဖေဖော်ဝါရီဆယ့်လေးဆိုတာ စောဝေနေ့တဲ့လား အကို...။