Friday, February 13, 2009

ကိုကြီးပေါ်လည်း ပြောဦးမယ်

အစကတော့ မပြောတော့ဘူးလို့ နေတာပါပဲ။ အခုတော့ ယားကျိကျိဖြစ်လာလို့ နည်းနည်းတော့ ၀င်ပြောချင်လာပြီ။

ရိုဟင်ဂျာ ဆိုတဲ့ ကုလားတွေ လှေစီးပြီး နိုင်ငံဖြတ်ကျော် တဲ့ ကိစ္စ ဒီနှစ်ဆန်းမှာ ဟိုးလေးတကျော် ဖြစ်လာတယ်။ ဒီလို မြန်မာပြည်နယ်စပ်က ကုလားတွေကိစ္စ ရုတ်ရုတ်ဖြစ်ရင် မြန်မာပြည်မှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ အကြား ပုတ်ခတ် တိုက်ခိုက်တဲ့စာတွေ ထွက်လာတတ်တယ်ဆိုတာ ကိုကြီးပေါ်တို့က ကောင်းကောင်း နောကြေပြီးသားပါ။ ကဲ ပြောချင်သပ ဆိုလည်း ပြောကြ၊ မောတော့ ငြိမ်သွားလိမ့်မယ်လို့ သဘောထားပြီး နေခဲ့တာပါ။

အင်တာနက်ခေတ်မှာ စာတွေ ပလူပျံနေတဲ့အထဲ ကိုယ်မပါအောင် အတော်ကြည့်ရှောင် နေရတာပါ။

ဒါပေမဲ့ ရှောင်မရအောင် တည့်တည့်တိုးတဲ့ အဖြစ်က ကြုံရတာပါပဲ။ ညီတယောက်က ထပ်ဆင့်ပို့လိုက်လို့ ဖတ်လိုက်ရတဲ့ စာထဲမှာ အစ္စလာမ်ကို တိုက်ခိုက်ထားတာ တွေ့လိုက်ရပါတယ်။ ဒီစာကို အချို့ဘလော့တွေမှာ စကားရိုင်းတွေကို တည်းဖြတ်ပြီး တင်ထားတာလည်း တွေ့ရပါတယ်။ ဒါနဲ့ ချစ်သောညီအတွက် အခုလို မှတ်ချက်လေး ပြန်ရေးပေးလိုက်ပါတယ်။

မြန်မာပြည်မှာ နိုင်ငံရေးကိစ္စ မူစလင် ကိစ္စတွေ နည်းနည်း လှုပ်လာရင် ဒီလိုမျိုး လှုံ့ဆော်တဲ့ စာတွေ ထွက်လာတတ်တယ်။ အခု ရိုဟင်ဂျာ ဆိုတဲ့ လှေစီးခိုးဝင်သူတွေ ကိစ္စ ကမ္ဘာမှာ ဟိုးလေးတကျော် ဖြစ်နေတယ်လေ။ ကမ္ဘာက (အစိတ်အပိုင်းအချို့က) ရိုဟင်ဂျာ ဆိုပြီး အသိအမှတ် ပြုထားပေမဲ့ မြန်မာက (စစ်အစိုးရရော လူထုကရော) အသိအမှတ် မပြုဘူး။ ဒါကြောင့် ရိုဟင်ဂျာ အသံထွက်လာရင် မူစလင် ဆန့်ကျင်ရေးတွေ ဖြစ်လာတတ်တယ်။

ဒါမျိုးတွေ မဟုတ်ဘူးလို့ မဆိုလိုပါဘူး။ အစွန်းရောက်တွေရဲ့ အယူအဆ လုပ်ပုံကိုင်ပုံကတော့ ဟုတ်တယ်။ သို့သော် ဒီအစွန်းရောက်တွေ အပေါ် အလယ်အလတ် မူစလင်တွေထဲမှာကို ထောက်ခံသူနဲ့ မထောက်ခံသူ နှစ်ပိုင်း ရှိတယ်။

ဘာသာရေး လွှမ်းမိုးနိုင်ဖို့ ကြိုးစားကြရာမှာတော့ မူစလင်ရော ခရစ်ယာန်ရော အတူတူပါပဲ။ လုပ်နည်းလုပ်ဟန်ပဲ ကွာပါတယ်။ လူမျိုးရေးနဲ့ သွေးနှောရေး အယူအဆကတော့ မူစလင်တွေရဲ့ ရုပ်ကြမ်းဝါဒ လို့ ပြောရမှာ ဖြစ်ပါတယ်။ စစ်သွေးကြွတာ, ရန်လိုတာ, လက်တုံ့ပြန်တာ, လိင်ခွဲခြားတာ (အမျိုးသမီးတွေကို နှိမ့်ချထားတာ) ပညာရေး မစုံလင်တာ (အစ္စလာမ်ကိုပဲ သင်ပေးတာ) ငတ်မွတ်တာ စတဲ့ အချက်တွေကတော့ သမိုင်းနဲ့ ချီပြီး ရှိနေတဲ့ ပြဿနာတွေပါပဲ။ နက်ရှိုင်းတယ်။ အပေါ်ယံ ကောက်ချက်လောက်နဲ့ မလုံလောက်ဘူး။

ဘာနဲ့ တူသလဲဆိုတော့ အပြင်မှာ ရန်သူတွေ ရှိတယ် ဆိုပြီး အခန်းထဲမှာပဲ အောင်းနေတဲ့သူလိုပဲ။ ကိုယ့် အခန်းလေးထဲမှာပဲနေ ဒါပဲသင် ဒါပဲအမှန်ထင်ပြီး ဒါပဲ လုပ်နေတော့တာ။ အပြင်ကိုလည်း ရန်သူအဖြစ်နဲ့ပဲ ပုံသေကြည့်တော့ ရန်လိုစိတ်တွေပဲ ဆက်ပွားနေတော့တာ။ ကိုယ့်အထဲလည်း အ၀င်မခံ ကိုယ်ကလည်း အပြင်မထွက် ဆိုတော့ ကျယ်ပြန့်တဲ့ အမြင်ကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူးပေါ့။

ရေးထားတဲ့ အင်္ဂလိပ်ဘာသာပြန်တွေက သိပ် စိတ်ချရဖွယ် မရှိဘူး။ စကားစပ် မပြည့်စုံဘဲ ကောက်နုတ်တာ၊ ဘာသာပြန်တာ၊ အယူအကောက်လွဲတာ၊ မခိုင်လုံတဲ့ကျမ်းတွေကို ကိုးကားတာ စတာတွေကြောင့် အငြင်းပွားကြ ပြဿနာတက်ကြ မကြာခဏ ကြားရတတ်ပါတယ်။


ဒါပေမဲ့ အခြားနေရာတွေမှာ အရှိန်ဆက်တက်လာပြီး ဝေဖန်ကြ ရေးသားကြတာ ခုထိ မရပ်သေးပါဘူး။ ဒီကြားထဲမှာ ရွှေတိဂုံဘုရား အလှူခံပုံးတွေ ကန်ထရိုက်ပေးတဲ့ ကိစ္စကလည်း ကျယ်ပြန့်လာပါတယ်။ ဟုတ်တယ် မဟုတ်ဘူး ငြင်းနေကြတာ အစုံပဲ။

ကိုကြီးပေါ် သတိထားမိတာကတော့ ဒေါင့်မတူတဲ့ ဖြစ်ရပ်နှစ်ခုဟာ ဦးတည်ချက် တခုတည်းဆီ ရွေ့နေတယ် ဆိုတာပါ။ ရွှေတိဂုံ အလှူခံပုံး ကန်ထရိုက် ယူတဲ့သူကို `ဘာသာခြား ကုလား´ လို့ ရည်ညွှန်းရေးလိုက်တဲ့ အတွက် ဦးတည်ချက်က တူသွားတာပါ။ ကန်ထရိုက်ယူသူက အေရှားဝေါ စတီဗင်လော တို့, ထူး တေဇ တို့ဆိုရင် ဦးတည်ချက်က တမျိုးပြောင်းသွားမှာ သေချာပါတယ်။

ရွှေပြည်အေးတရား ဟောသူတွေကလည်း ဘာသာရေး လွတ်လပ်ခွင့်ကို ဋီကာချဲ့ပြီး `အရင်းစစ်တော့ နအဖ´ လို့ ကောက်ချက်ချပေး ကြပါတယ်။

ဗုဒ္ဓဘာသာတွေဖက်ကလည်း ကာကွယ်ရေးအတွက် လှုံ့ဆော်တာတွေ လုပ်ကြပါတယ်။

ကိုကြီးပေါ်ကတော့ အနှစ်ချုပ်ပြီး အရှုံးအမြတ် စာရင်းကို အခုလို ချကြည့်လိုက်ပါတယ်။

ရိုဟင်ဂျာ ခေါ် ကုလားတွေ လှေစီးပြီး နိုင်ငံဖြတ်ကျော်တဲ့ ကိစ္စမှာ

အမြတ်ရသူတွေက -
၁။ လူပွဲစား (လတ်တလော ပိုက်ဆံရတယ်)
၂။ ပြည်ပရောက် ကုလားအဖွဲ့အစည်းများ (Issue ကောင်းကောင်းရပြီး ပိုက်ဆံများများတောင်းလို့ ရတယ်။)
၃။ အစ္စလာမ် နိုင်ငံရေး အဖွဲ့အစည်းများ (ဘာသာရေးကို အခြေခံပြီး နိုင်ငံရေး လှုံ့ဆော်နိုင်တယ်။ ရိုဟင်ဂျာကို ခြေကုပ်လုပ်ပြီး နိုင်ငံရေးလှုပ်ရှားမှုများ လုပ်လာနိုင်တယ်။)
၎။ နအဖ (မြန်မာနိုင်ငံမှာ အများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို မူစလင်/အစ္စလာမ် ဆန့်ကျင်ရေး သွေးထိုးပေးပြီး နိုင်ငံရေး ကစားနိုင်တယ်။ လူထုကို သွေးဆောင်နိုင်တယ်။)

အရှုံးပြသူတွေက -
၁။ လှေစီးပြေး ကုလားများ (သေတွင်းဝမှာ ရောက်နေတယ်။ သေရင်သေ မသေလို့ ရှင်တော့ နေစရာ မရှိ)
၂။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ကုလားများ (ကျန်ခဲ့တဲ့ မိသားစုတွေ ဒုက္ခရောက်တယ်။ အာဏာပိုင်တို့ရဲ့ စောင့်ကြည့် ဖိနှိပ်မှုတွေ တိုးလားတယ်။)
၃။ ဒေသခံ ရခိုင်တိုင်းရင်းသားများ (မတဲ့သူချင်း ကျောချင်းကပ်နေရတဲ့ ဘ၀မှာ အသက်ဘေး မလုံခြုံမှုတွေ၊ မကျေနပ်စရာတွေ ပိုများလာတယ်။)
၎။ နအဖ (လူမျိုးရေး ဘာသာရေး ဖိနှိပ်တယ်လို့ နိုင်ငံတကာရဲ့ ထုထောင်းမှုကို ခံရတယ်။ ဆုပ်စူး စားရူးအဖြစ်နဲ့ ရင်ဆိုင်ရတယ်။)
၅။ ဒေသတွင်းနိုင်ငံများ (သူများအထုပ် ကိုယ့်အရှုပ် ဆိုတဲ့ကိန်းနဲ့ ကြုံရတယ်။)

ဒီနေရာမှာ နအဖဟာ အမြတ်ကော အရှုံးကော နှစ်ခုစလုံး ရှိနေတာကို သတိပြုသင့်တယ်။

ပိုပြီး သဘောပေါက်သင့်တာက လုပ်စားတတ်ရင် မြတ်ပြီး အသုံးမကျရင် ရှုံးမယ့်သူတွေလည်း ရှိနေသေးတယ် ဆိုတာပါပဲ။

၁။ ပြည်တွင်း ပြည်ပ အစ္စလာမ်တွေထဲက လုပ်တတ်သူတွေ အခွင့်အလမ်း ရမယ်။
၂။ လူ့အခွင့်အရေး အော်သူတွေ နာမည်ကောင်း ရမယ်။
၃။ ဘာသာရေး အမုန်းကို ရန်တိုက်ပေးသူတွေ မျက်နှာကောင်း ရမယ်။
၎။ အမှန်အတိုင်း ပြောသူတွေ မျက်မုန်းကျိုး ခံရမယ်။
၅။ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အနေမတတ်ရင် အဝေဖန် ခံရမယ်။
၆။ ဘာသာရေးစိတ် ပြင်းထန်တဲ့ ဗုဒ္ဓဘာသာတွေ နအဖ အသုံးချတာကို ခံရမယ်။
၇။ ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် ဒေါသပွားတဲ့သူတွေ ရန်များမယ်။

နောက်တခု ဖြစ်တဲ့ အလှူခံပုံးကိစ္စ။ မြန်မာပြည်မှာ အလှူခံကို ကန်ထရိုက်ပေးတာတို့၊ ကော်မရှင်စား ပေးတာတို့ဆိုတာ လုပ်နေတာ ကြာလှပြီ။ အားလုံးသိတယ်။

ကိုကြီးပေါ် သိသလောက်ပြောရရင်၊ ဘုရားစေတီတွေမှာ မဏ္ဍပ်ဖွင့်ပြီး အလှူခံတာကို ၀န်ထမ်းခန့်တယ်။ နေ့စားပေးတယ်။ ကော်မရှင်ပေးတယ်။ ကန်ထရိုက်ပေးတယ်။ အဲဒီ အထိ သေချာတယ်။ အဲ… အလှူခံပုံးကို ကန်ထရိုက် ပေးမပေး ဆိုတာကတော့ ပြောရ နည်းနည်း ခက်တယ်။ ဒါကြောင့် ယတိပြတ် ဆုံးဖြတ်တာတော့ မဖြစ်သင့်သေးဘူး။

နောက်ထပ် ပြောနိုင်တာ တခုက ရွှေတိဂုံ အပါအ၀င် မြန်မာပြည်က စေတီ ပုထိုးတွေ အားလုံးဟာ အာဏာပိုင်တွေ လက်အောက် ကျရောက်သွားခဲ့ပြီ ဆိုတာကို သဘောပေါက်ဖို့ လိုတယ်။

နည်းနည်း ရှင်းပြပါ့မယ်။ မြန်မာတွေဟာ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ကိုယ့်ရပ်ရွာမှာ ကိုယ့်ဘာသာ စေတီတည်ပြီး၊ ကိုယ့်တိုင်စောင့်ရှောက်ခဲ့ကြတာ အစဉ်အလာ ဓလေ့ထုံးစံပါ။ စေတီ ထိန်းသိမ်းရေး ဂေါပက လူကြီးတွေကိုတော့ ကိုယ့်ရပ်ရွာထဲက ကိုယ်ကြည်ညိုတဲ့သူကို တင်မြောက်ပြီး တာဝန်ပေးခဲ့ကြတာပါ။ ရွှေတိဂုံမှာ ဂေါပကလူကြီးကို လူထုက ရွေးကောက်တဲ့ စနစ် ကျင့်သုံးခဲ့တာ နှစ်ပေါင်း ရာချီ ကြာခဲ့ပြီ။ အခုလည်း ကျင့်သုံးပါတယ်။ သို့ပေမဲ့ အပေါ်ယံသဘော ဖြစ်သွားပြီ။ ဗိုလ်နေ၀င်း လက်ထက်ကစလို့ ရွှေတိဂုံ ဂေါပကထဲမှာ နိုင်ငံရေး အုပ်ချုပ်ရေး ဘက်ကလူတွေက မိုးကျရွှေကိုယ် ဂေါပကတွေ ဖြစ်လာကြတယ်။ နအဖခေတ်ရောက်တော့ စစ်တပ်က အရာရှိတွေပါ ဥုံဖွဂေါပက ဖြစ်လာကြတယ်။ အခုတော့ ဂေါပကဆိုတာ စစ်ဗိုလ်လူထွက်တွေနဲ့ ဖွဲ့ထားတဲ့ အမည်ခံ အဖွဲ့ပါပဲ။ တကယ် အုပ်ချုပ်တာက အာဏာပိုင် စစ်ဗိုလ်တွေပါ။

ဒါကြောင့် စစ်အာဏာရှင်တွေ လက်အောက်မှာ အလှူခံပုံးကို ကန်ထရိုက် မပေးဘူးလို့ ဘယ်သူမှ အတတ် မပြောနိုင်ပါဘူး။ အကျိုးရှိမယ်ထင်ရင် ဆင်ကို ရှိခိုးဖို့လည်း ၀န်မလေးသလို၊ သံဃာကို ပစ်သတ်ဖို့လည်း ၀န်မလေးသူတွေ ဖြစ်တာကြောင့်၊ ဒီလူတွေမှာ ဘာသာရေး အသိတရား မရှိဘူး ဆိုတာကတော့ အသေအချာ ပြောနိုင်ပါတယ်။

အကောင်းဆုံးကတော့ နအဖခေတ်မှာ ပြည်သူလူထု တရပ်လုံး နှိပ်စက်ညှင်းပန်း ခံရရုံတင်မက ရွှေတိဂုံစေတီပါ အနှိပ်စက်ခံနေရတယ်လို့ သဘောပိုက်ပြီး ခေတ္တတော့ သည်းခံနေကြဖို့ပါပဲ။ အကယ်၍ ကန်ထရိုက်ပေးခဲ့တာ မှန်ရင်တောင် `ဘာသာခြား´ဆိုတဲ့ အပြောအဆိုကို ကျော်သွားနိုင်ဖို့ လိုပါတယ်။ မကျော်ရင် သတ်ကွင်းထဲ တည့်တည့်ဝင်သွားမှာပဲ။

သံကိုသံဖျက် သံချေးတက်… တဲ့။ ကိုယ့်ဘာသာတရားကို ဖျက်တယ်ဆိုရင် အဲဒါ အခြားသူတွေ မဟုတ်ပါဘူး။ ကိုယ့် ဘာသာဝင်တွေ ကိုယ်တိုင်ပါပဲ။

အကယ်၍ မြန်မာပြည်မှာ ဗုဒ္ဓဘာသာ ညှိုးမှိန်ရတယ် ဆိုခဲ့ရင် အဲဒီတရားခံဟာ စစ်အာဏာပိုင်တွေရယ်၊ သာသာနာရေးဝန်ကြီးဌာနက အရာရှိတွေရယ်၊ ဂေါပကတွေရယ်ပဲလို့ ကိုကြီးပေါ် ပြောလိုက်ချင်ပါတယ်။

1 comment:

ဇေဇော် said...

အရင်းစစ်တော့ အမြစ်မြေကတဲ့...။ ဟဲ...ဟဲ...။ အားလုံးအမြင်မှန် ရကြပါစေ..။