Saturday, October 24, 2009

အဖြေမရှိသေးတဲ့ မေးခွန်းတပုဒ်

သို့ …
လေးစားအပ်တဲ့ အမေရိကန် သမ္မတကြီး၊ ပြင်သစ် သမ္မတကြီး၊ ဗြိတိန် ဝန်ကြီးချုပ်နဲ့ ဂျပန် ဝန်ကြီးချုပ်တို့ ခင်ဗျား။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အနုမြူလက်နက်ကို အဓိက ဘာကြောင့် ပိုင်ဆိုင်ချင်သလဲဆိုတော့ အီရတ်နိုင်ငံကို အမေရိကန်က တိုက်ခိုက်ခဲ့လို့ပဲ ဖြစ်ပါတယ်။
တကယ်လို့သာ အီရတ်မှာ အမှန်တကယ် ဓာတုလက်နက်တွေအပြင် အနုမြူလက်နက် ပိုင်ဆိုင်ခဲ့ရင် တိုက်ရဲမှာ မဟုတ်ဘဲ အမေရိကန်က အီရန်နဲ့ မြောက်ကိုရီးယား နိုင်ငံမျိုးတွေကျတော့ အနုမြူ ပိုင်ဆိုင်နေလို့ သတိထား ကိုင်တွယ်နေတာကို စစ်အာဏာရှင်တွေက သိရှိ “အားကျ” လို့ပဲ ဖြစ်ပါတယ်။အာဖဂန်နစ္စတန်နိုင်ငံမှာ တောင်တန်းတွေ ထူထပ်ပြီး တာလီဘန်တွေ ပုန်းအောင်းနေလို့ အမေရိကန်က မောင်းသူမဲ့ လေယာဉ်တွေနဲ့ စမတ်ဗုံးတွေ (ပစ်မှတ်ကို တိကျစွာ တိုက်ခိုက်နိုင်သော ဗုံးပဒေသာ) သုံးစွဲကြောင်း သိလာရာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆင်ကြံ ကြံပါတော့တယ်။

၂ဝဝ၆ ခုနှစ် နောက်ပိုင်း ရခိုင်ပြည်နယ်မှာ ရွှေဂက်စ်တွေနဲ့ ယူရေနီယမ်တွေ ထပ်မံ ထွက်ရှိလာရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အနုမြူအိပ်မက်ဟာလည်း ပိုမိုရူးသွပ်လာပြီး သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာန၊ ထုတ်လုပ်ရေး အရာရှိချုပ်ရုံး (ကကထုတ်) တို့ကို ပူးပေါင်းခိုင်းကာ အရှိန်အဟုန်မြှင့်ဖို့ တွန်းအားပေးပါတော့တယ်။ ကပစ (၂၀) ကို တာဝန်ပေးကာ အနုမြူစမ်းသပ်ဖို့ မြေနေရာတွေအဖြစ် မကွေးတိုင်း စေတုတ္ထရာဒေသ၊ ပွင့်ဖြူမြို့နယ်၊ နတ်မောက်မြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ သပိတ်ကျင်းမြို့နယ် ကျောက်ပုထိုး ဒေသတွေကို ရွေးချယ်ခဲ့ပါတယ်။ ရုရှားနဲ့ အနုမြူဓာတ်ပေါင်းဖို ရောင်းချပေးဖို့နဲ့ တည်ဆောက်ပေးဖို့ စာချုပ်ချုပ်ဆိုခဲ့ပြီး ပညာတော်သင်တွေအဖြစ် တပ်မတော်အရာရှိ ၅၀၀၀ ခန့်ကို ရုရှားကို အဆက်မပြတ် စေလွှတ်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ရုရှားနဲ့ ဆက်ဆံရေးမှာ အဓိကလူအဖြစ် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုလည်းကောင်း၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးမှာ အဓိကလူအဖြစ် ကကထုတ်နဲ့ ဦးပိုင်ကုမ္ပဏီ အကြီးအကဲ ဗိုလ်ချုပ်တင်အေးကိုလည်းကောင်း၊ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ အဓိကလူအဖြစ် ဗိုလ်ချုပ်ကြီးရွှေမန်းကိုလည်းကောင်း တာဝန်ပေး လှုပ်ရှားခိုင်းပါတယ်။ နောက်ပိုင်း မေမြို့မှာ ဖွင့်လှစ်ထားတဲ့ နျူကလီးယား သုတေသနတပ်ရင်းမှာ တာဝန်ပေးထားတဲ့ အထက်ပါ ရုရှားကျောင်းဆင်း အရာရှိတွေရဲ့ အနုမြူစွမ်းအင် ဘာသာရပ်ဆိုင်ရာ ပညာသင်ယူခဲ့မှု အားနည်းချက်ကြောင့် လက်တွေ့ နယ်ပယ်မှာ သူတို့ကို အသုံးချဖို့ အခက်အခဲတွေ ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် နျူကလီးယားကိစ္စကို မြောက်ကိုရီးယားနဲ့ ဆက်လက်ဆွေးနွေးနိုင်ဖို့ လိုအပ်လာတာမို့၊ ပါဝါရှိစေဖို့ ဗိုလ်ချုပ်ကြီးရွှေမန်းကို တရုတ်နိုင်ငံကို အလည်အပတ်ပြရင်း မြောက်ကိုရီးယားနိုင်ငံကို တရုတ်နိုင်ငံကတဆင့် အကာအကွယ်ပြုပြီး၊ လျှို့ဝှက် စေလွှတ်ခဲ့ပါတယ်။ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ National Defense Strategy ချမှတ်ပြီး ပြည်သူကို ပြည်သူနဲ့ ထိန်းကွပ်တဲ့ မဟာဗျူဟာကို ၁၉၉၆ ခုနှစ်ကတည်းက မီးသတ်၊ ကြက်ခြေနီတို့နဲ့ စတင် အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်ပါတယ်။

အခုအခါ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့ကို တိုးချဲ့ဖွဲ့စည်းပြီး သံဃာတော်တွေကိုတောင် အချင်းချင်း သွေးခွဲလို့ သံဃာစွမ်းအားရှင်ဆိုပြီး ဖွဲ့စည်းခိုင်းထားပါတယ်။ လူထုအုံကြွမှုကို လူထုက လက်မခံတဲ့အသွင် နိုင်ငံတကာ မျက်စိလည်သွားအောင် ဖန်တီးနေခြင်း ဖြစ်ပါတယ်။ဒါကြောင့် ပြည်သူကို ပြည်သူနဲ့ထိန်းတဲ့ မဟာဗျူဟာကို ချမှတ်ထားတဲ့ စစ်အာဏာရှင်တွေကို တပ်ကို တပ်နဲ့ ထိန်းတဲ့ တန်ပြန်မဟာဗျူဟာ ချမှတ်ပါမှ ဒီမိုကရေစီ လမ်းကြောင်းပေါ် အမြန်ရောက်မှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ အခုလို သူ့လူကိုယ့်လူ ခွဲမရဖြစ်နေချိန်မှာ စစ်တပ်ပါမှသာ ဒီမိုကရေစီရမှာ ဖြစ်တယ်လို့ ပညာရှင်တွေနဲ့ ပြည်တွင်းက ပြောလာကြပြီ ဖြစ်ပါတယ်။

ပြည်တွင်းရှိ ပြည်သူ့ဘက် ရပ်တည်ချင်တဲ့ တပ်မတော်သားတွေက အဖြေမရှိသေးတဲ့ မေးခွန်း မေးလာပါတယ်။ အဲဒါကတော့ “တပ်မတော်သားတွေ ပြည်သူ့ဘက်ရပ်တည်ဖို့ ဘာတွေလုပ်ပေးနေလဲ”၊ “တပ်မတော်သားတွေ ပြည်သူ့ဘက် ရပ်တည်ခဲ့ရင် နိုင်ငံတကာက အသိအမှတ်ပြု ထောက်ခံ အားပေးမှာလား” ဆိုတာ ဖြစ်ပါတယ်။ဆိုလိုတာက တကယ်လို့ တပ်မတော်သားတွေဟာ ပြည်သူ့ဘက် ကူးပြောင်းခဲ့ရင် သွေးထွက်သံယို တော်လှန်ရေး ဖြစ်လာနိုင်ပြီး စစ်အာဏာရှင်တွေက အကြမ်းဖက်လို့ မတရား စွပ်စွဲကာ အချိန်မဆိုင်းဘဲ အင်အားကုန် ဖိနှိပ်ချေမှုန်းလာမှာ ဖြစ်တာမို့ သမ္မတကြီးတို့အနေနဲ့ အခုကတည်းက ရပ်တည်ပြီး ထောက်ခံအားပေးသွားဖို့ အလားအလာရှိတဲ့ အဖြေ (ရှိ/မရှိ) သိချင်နေကြပါတယ်။

လက်နက်ကိုင် တော်လှန်ရေးဟာ အကြမ်းဖက် မဟုတ်သလို ဒီမိုကရေစီရရှိရေးနဲ့ ပြည်သူလူထု လွတ်မြောက်ရေးအတွက် တရားတဲ့ စစ်ကို ဆင်နွဲနေခြင်းသာ ဖြစ်ပါတယ်။ နိုင်ငံတကာက ထောက်ခံအားပေးမှု၊ အသိအမှတ်ပြုမှု မရှိဘဲနဲ့တော့ စစ်တပ်က အရာရှိတွေဟာ အသိဥာဏ်နဲ့ ရှေ့က ခါးသီးတဲ့ အတွေ့အကြုံတွေ မြင်တွေ့ခဲ့ပြီး ဖြစ်တာမို့ အလိုလို ကြွလာမှာတော့ မဟုတ်တာ သေချာလှပါတယ်။ နိုင်ငံတကာရဲ့ စံနှုန်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်၊ ကြားခံနယ်မြေ၊ လူထုနဲ့ ကိုယ်ပိုင်စစ်တပ်၊ လွှတ်တော်နဲ့ ဖက်ဒရယ် အခြေခံဥပဒေ၊ လေဆိပ်၊ သင်္ဘောဆိပ်၊ အသံလွှင့်ရုံတို့ကို စစ်တပ်က ဖန်တီးပေးနိုင်တာမို့ စစ်တပ်နဲ့ ပြည်သူ ၂ဝ၁ဝ ခုနှစ် မတိုင်ခင် အမြန်ပေါင်းဖို့ လွန်စွာ အရေးကြီးလှပါတယ်။

သမ္မတကြီးတို့ ခံယူချက် လွဲမှားနေတာကို တင်ပြရရင် သမ္မတကြီးတို့ နိုင်ငံတွေရဲ့ ခေတ်မီ IT နည်းပညာ၊ ကိရိယာတန်ဆာပလာ၊ အသုံးအဆောင်ပစ္စည်းနဲ့ ဂြိုဟ်တုဆက်သွယ်ရေး၊ အင်တာနက် ကွန်ပြူတာ အဆင့်မြင့် ပညာတွေကို အားကိုးပြီး မြန်မာနိုင်ငံကို လျှော့တွက်ခဲ့ကြပါတယ်။ ရှေ့ပိုင်းမှာ တင်ပြခဲ့သလို တောင်နဲ့ မြောက်ကိုရီးယား ရန်သူ နှစ်နိုင်ငံကို ကစားသွားခဲ့ပုံတွေ၊ အနုမြူဗုံး ပိုင်ဆိုင်ဖို့ လက်သည်တရားခံ မပေါ်ရေးအတွက် ယူရေနီယံ တူးဖော်ပေးတဲ့ နိုင်ငံက တနိုင်ငံ၊ အနုမြူနည်းပညာ သင်ယူဖို့ သင်ပြပေးတဲ့ နိုင်ငံက တနိုင်ငံ၊ ဗုံးခွဲဖို့ အကူအညီတောင်းတဲ့ နိုင်ငံက တနိုင်ငံ စတဲ့ ၃ နိုင်ငံ လှည့်ကစားကာ စီစဉ်ထားပုံတွေ၊ နိုင်ငံတကာ မျက်စိလည်အောင် လျှပ်စစ်စွမ်းအင်ကဏ္ဍနဲ့ ချိတ်ဆက်ထားပုံ၊ ဗိုလ်သန်းရွှေရဲ့ အနီးကပ် ကျေးဇူးရှင် နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကိုတောင် ချမ်းသာမပေးဘဲ ၁၉၉၅-၁၉၉၆ ခုနှစ်က ထိုင်ဝမ် ထောက်လှမ်းရေးတွေကို မန္တလေးမှာ ဖမ်းဆီးရမိခဲ့စဉ်က နှစ်ထပ်ကွမ်း ထောက်လှမ်းရေး (Double Agents) လုပ်ခိုင်းခဲ့ပုံ၊ သက်ဆင်ရဲ့ ထိုင်းဂြိုဟ်တုကို ဌားရမ်းသုံးစွဲနေရာမှ အမေရိကန်ရဲ့ ထောက်လှမ်းမှုကို စိုးရိမ်တာကြောင့် အိန္ဒိယဂြိုဟ်တုကို ပြောင်းသုံးပြီး တရုတ်ဂြိုဟ်တု ရှိလျက်သားနဲ့ မသုံးဘဲ တရုတ်ကိုပါ တန်ပြန်လိုက်ပုံ၊ အစည်းအဝေးတိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရုတ်ကို ချစ်လို့ နမ်းနေတယ် မထင်နဲ့၊ ရုရှားနဲ့ အိန္ဒိယကို စည်းရုံးချဉ်းကပ်ကာ နိုင်ငံရေး ကစားရမယ်လို့ ပြောပြနေတာတွေကိုလည်း တင်ပြလိုက်ပါတယ်။

သမ္မတကြီးတို့အနေနဲ့ ဒီကနေ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စိတ်ထဲမှာ ဘာရှိနေတယ်ဆိုတာကို အနီးကပ် လူတွေတောင် မသိရှိနိုင်သလို သူ့ရဲ့ လူယုံ ဦးတေဇကို လေယာဉ်ထိုးခိုင်းပြီး သူသွားချင်တဲ့ နေရာကို ရုတ်တရက် “ထ” သွားလို့၊ ခရီးဆုံးရောက်မှ ခရီးစဉ်ကို သိခွင့်ရတဲ့ လျှို့ဝှက်ဆန်တဲ့ အခြေအနေမျိုး ဖြစ်နေကြောင်း သိရှိစေလိုပါတယ်။သမ္မတကြီးတို့ ဂြိုဟ်တု ဘယ်လောက်ပဲ ခေတ်မီနေပါစေ၊ ကောင်းကင်ကနေ ကြည့်နေအုံးတော့၊ လှိုဏ်ခေါင်းထဲ ဝင်နေပြီး ခြေရာဖျောက်နိုင်သလို အများက ကြပ်ပြေးကို ခံစစ်လို့ ထင်နေပေမယ့် တကယ်တမ်း မေမြို့ (ပြင်ဦးလွင်) ကို နောက်ဆုံး သူ့ရဲ့ခံစစ်အဖြစ် တည်ဆောက်ခဲ့တာကို ၂ဝဝ၆ ခုနှစ် အချိန်ကာလတုန်းကတော့ သမ္မတကြီးတို့ မသိသေးဖူးလို့ ထင်ပါတယ်။

ဒီနေရာမှာ အမေရိကန်အနေနဲ့ အကျိုးစီးပွား ယှဉ်တွဲလို့ဖြစ်စေ၊ လုံခြုံရေး ခြိမ်းခြောက်ခံရလို့ဖြစ်စေ စိတ်ပါဝင်စားစွာနဲ့ အလေးအနက်ထားတဲ့ နိုင်ငံတွေ ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ ပတ်သက်ပြီး အကျိုးစီးပွား မရှိသလို လုံခြုံရေး ခြိမ်းခြောက်ခံရမှု မရှိတဲ့အတွက် စိတ်ပါဝင်စားမှု သိပ်မရှိဘူး ဆိုတာကို ဝမ်းနည်းစွာ သိရပါတယ်။ မြန်မာနိုင်ငံဟာ အနုမြူကို ၂ဝ၁၅ ခုနှစ်မှာ ပိုင်ဆိုင်ခဲ့ဖို့ ရည်မှန်းထားရာ ပိုင်ဆိုင်ခဲ့ပြီဆိုပါက မြောက်ကိုရီးယားနိုင်ငံထက် ပိုဆိုးသွားမှာတော့ မလွဲဧကန် ဖြစ်ပါတယ်။

နာဂစ်မုန်တိုင်းဒဏ် ခံရတုန်းက ပြင်သစ် စစ်သင်္ဘောဟာ မြန်မာပြည်ထဲဝင်မယ် တကဲကဲ လုပ်နေပေမဲ့ တရုတ်ကို လန့်နေတဲ့ ချီတုံချတုံနဲ့ အမေရိကန်ကို လူထုက အားမလို အားမရ ဖြစ်ခဲ့ကြပါသေးတယ်။ အဲဒီတုန်းက စစ်တပ်က အောက်ခြေ တပ်မတော်သား အများစုဟာ အမေရိကန် ဝင်လာရင် သိပ်ကောင်းမှာပဲလို့ မျှော်လင့်နေတဲ့သူတွေ ရှိတယ်ဆိုရင် သမ္မတကြီးတို့ ယုံမှာလား?၊ တပ်မတော်သား အများစုဟာ ဗီယက်နမ်လို ခံမချဘဲ သူတို့ရဲ့ သေနတ်တွေကို ဘေးချပြီး ဧရာဝတီတိုင်းမှာ သူတို့မိဘဆွေမျိုးတွေ ဒုက္ခရောက်လို့ လာကယ်တဲ့ အမေရိကန် တပ်တွေနဲ့ နိုင်ငံတကာ သဘောင်္တွေကို လက်ကမ်းကြိုဆိုဖို့ အသင့်ပါပဲဆိုတာ ကျနော်တို့ ပြောချင်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရတုန်းက ဗြိတိန်ဝန်ကြီးချုပ်ရဲ့ အိတ်ဖွင့်ပေးစာနဲ့ အားပေးချီးမြှင့်ခဲ့တဲ့ စာဟာ ပြည်သူတွေကို အားတက်စေခဲ့ပေမယ့် ဂျွန်ယက်တော ကိစ္စမှာ ကိုယ်လွတ်ရုန်း ကယ်ထုတ်ခဲ့တဲ့ အမေရိကန်က အထက်လွှတ်တော် အမတ်ကြောင့် အမေရိကန်ကို မြန်မာလူထုက တော်တော် စိတ်ပျက်သွားသလားဆိုတာ စုံစမ်းကြည့်သင့်ပါတယ်။

ဒီတော့ကာ ကျနော်တို့ တင်ပြသွားခဲ့သလို တွေ့ဆုံ ဆွေးနွေးရေးဟာ တဖက်နဲ့ တဖက် ပါဝါအစွမ်း တန်းတူရည်တူဖြစ်မှ ဆွေးနွေးပွဲ စားပွဲဝိုင်းဟာ နီးစပ်မှာ ဖြစ်သလို စစ်အာဏာရှင်တွေရဲ့ ထိုင်ခုံကုလားထိုင် ယိုင်လဲပြီး အကျဉ်းအကြပ်ဖြစ်မှသာလျှင် သူတို့ဟာ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းကို ကြွချီလာမှာ ဖြစ်ပါတယ်။အဲဒီလိုဖြစ်အောင် ပြည်သူ့ဘက် ရပ်တည်ချင်တဲ့ တပ်မတော်သားတွေဟာ လုပ်နိုင်ပေမယ့်၊ လုပ်ချင်ပေမယ့် အဖြေမရှိတဲ့ မေးခွန်းကြောင့် တုံ့ဆိုင်းနေတဲ့အကြောင်း၊ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးစီးဗိုလ်ချုပ်အချို့နဲ့ ပြည်သူ့ဘက် ရပ်တည်ချင်နေတဲ့ စစ်တပ်ကို ခွဲခြားသုံးသပ် မြင်သင့်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးရေးကို အပေါ်ယံရှပ်ပြီး တာဝန်ကျေ တောင်းဆိုနေသရွေ့ ပြည်သူတွေက နားညည်းပြီး စိတ်ပျက်နေကြပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

လေးစားစွာဖြင့်

ဒီမိုကရေစီ လိုလားသော မြန်မာ့တပ်မတော် အရာရှိစစ်သည်များ

အီးမေးလ် - demosternelson@aol.com

No comments: