Saturday, March 2, 2013

၁၉၆၂ ခုနှစ် မတ် ၂ ရက် စစ်တပ် အာဏာသိမ်းခြင်း

ဒီနေ့သည် ဗိုလ်နေ၀င်း ဦးဆောင်တဲ့ စစ်တပ်က မြန်မာနိုင်ငံကို မတရား အာဏာသိမ်းခဲသည်မှာ ၅၁ နှစ် တင်းတင်းပြည့်သော နေ့ဖြစ်ပါသည်။ အာဏာသိမ်းနေ့ဖြစ်ရပ်အချို့ကို ဦးအောင်စောဦးရေးသားသော ၁၉၉၉ခုနှစ် ဇန်န၀ါရီ ထုတ် လွတ်လပ်ရေး ရွှေရတု စာအုပ်မှ စာမျက်နှာ ၁၂၄ နိုင်ငံတော် အာဏာသိမ်းယူခြင်းကို ကူးယူ ဖော်ပြပါသည်။ စာရေးသူ ဦးအောင်စောဦးအား ခွင့်မတောင်းဘဲ ကူးယူတဲ့အပေါ် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဖယ်ဒရယ်မှုနှင့် ပတ်သက်သော လူမျိုးပေါင်းစုံ နှီးနှော ဖလှယ်ပွဲ ဒုတိယနေ့ ၁၉၆၁ ခုနှစ် မတ် ၁ ရက် ကျင်းပပြီးနောက် နာရီပိုင်းမျှအကြာ ည ၁၂ နာရီတွင် တပ်မတော် တပ်ဖွဲ့များသည် မင်္ဂလာဒုံမှ ရန်ကုန်မြို့တွင်းသို့ ၀င်ရောက်လာကြသည်။ ၁၉၆၂ ခုနှစ် မတ် ၂ ရက်နေ့ နံနက်တွင် နိုင်ငံတော် အာဏာသိမ်းယူရန်အတွက် ပထစ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ နိုင်ငံတော် သမတ၊ တရားဝန်ကြီးချုပ်နှင့်ပြည်နယ်အကြီးအကဲများ၊ စော်ဘွားများကို ဖမ်းဆီးရန်နှင့် အချက်အချာဌာနများကို ထိန်းသိမ်းထားရန် ရန်ကုန်မြို့တွင်းသို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။

  1.   

  ရန်ကုန်မြို့တွင်းသို့ တပ်မတော်တပ်ဖွဲ့ ၀င်ရောက်ခြင်းမပြုမီ ရက်အနည်းငယ်ကပင် တပ်မတော်အကြီးအကဲ အချို့သည် အာဏာ သိမ်းယူရေးအတွက် ကြိုတင်စီစဉ်ခဲ့ကြသည်။ ကြိုတင်စီစဉ်နေသော တပ်မတော်အကြီးအကဲများအနက် တစ်ဦးသည် နိုင်ငံတော် အာဏာသိမ်းယူရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် ပြည်စောင့်ရဲတပ်ရင်း၏ အခြေအနေကိုပင် ကြိုတင်၍ စူစမ်းလေ့လာထားခဲ့သည်။ လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲ ပထမနေ့ ( ၁၉၆၂ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်) ကျင်းပပြီးချိန်မှစ၍ တပ်မတော်အကြီးအကဲ အချို့သည် နိုင်ငံတော် အာဏာသိမ်းယူရေးကို အဆောတလျင် ဆောင်ရွက်လာခဲ့သည်။ ၁၉၆၂ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ထိုတပ်မတော် အကြီးအကဲတို့က နိုင်ငံတော် အာဏာသိမ်းယူရေးအတွက် ပထစ အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ နိုင်ငံတော် သမတ၊ တရားဝန်ကြီးချုပ်၊ ပြည်နယ် အကြီးအကဲများနှင့် စော်ဘွားများကို ဖမ်းဆီးရေးနှင့် အရေးပါသော နေရာဌာနများကို ထိန်းသိမ်းရေးအတါက် သက်ဆိုင်ရာ တပ်မှူးများအား တာဝန်ပေးအပ်ခဲ့သည်။ တာဝန်ပေးအပ်ခဲ့စဉ်က အာဏာသိမ်းယူမည့် နေ့ရက်နှင့် အာဏာသိမ်းယူရေး အစီအစဉ် စတင်မည့် အချိန်တို့ကို မသိရသေးချေ။ ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင်မှု အာဏာသိမ်းရန် စစ်ဆင်ရေးအတွက် အားလုံး အဆင့်သင့်ဖြစ်လျှင် ဆင်နွှဲရန် အမိန့်ရသဖြင့် မိမိတို့၏ တပ်များကို အသင့်ပြင်ဆင်ထားခဲ့သည်။ ထိုညတွင်ပင် စစ်ဆင်ရေးအတွက် အားလုံး အဆင့်သင့်ဖြစ်လျှင် ဆင်နွှဲရန် အထက်အကြီးအကဲထံမှ နှုတ်မိန့်ထွက်လာသည်။ ထိုအခါ စစ်ဆင်ရေး တာဝန်ခံ တပ်မှူးများသည် အချင်းချင်း တိုင်ပင် ဆွေးနွေးကြပြီး စစ်ဆင်ရေး ဤအစီအစဉ်ကို သိပြီးဖြစ်သော တပ်မတော် တပ်မှူးများသည် အခြား အရာရှိများ၊ မိမိတို့ လက်အောက် အရာရှိများနှင့် စစ်သည်များကို ပြောကြားခြင်း မပြုခဲ့ချေ။ စစ်ဆင်ရေး တစ်ရပ်ကို ဆင်နွှဲရန်သာ တပ်လှန့်ထားခဲ့သည်။ 



အာဏာသိမ်း စစ်ဆင်ရေး

၁၉၆၂ ခုနှစ် မတ် ၁ရက်နေ့ ည ၁၁ နာရီခန့်တွင် ရန်ကုန်မြို့တွင်းသို့ ချီတက်ရမည့် တပ်ဖွဲ့များကို စစ်ဆင်ရေး တာဝန်ခံများက စစ်ဆင်ရေးအကြောင်း ရှင်းလင်းပြောကြားပြီး အသင့်ပြင်စေသည်။ ထို့နောက် လက်အောက် အရာရှိများအား တာဝန်အသီးသီး ခွဲဝေပေးအပ်ပြီး ည ၁၂ နာရီတွင် ရန်ကုန်မြို့တွင်းသို့ စစ်ချီခဲ့ခြင်းဖြစ်သည်။
တပ်မတော် တပ်ဖွဲများသည် မင်္ဂလာဒုံ လေယာဉ်ကွင်းအတွင်းရှိ ဆက်သွယ်ရေးစခန်း၊ အသံလွှင့်ရုံး၊ ကြေးနန်းဌာန၊ ပါလီမန် အဆောက်အအုံ၊ ရဲမင်းကြီးရုံး၊ စစ်ရဲတပ်၊ ပြည်ထောင်စု ဘဏ်၊ ဘူတာရုံ၊ ဆိပ်ကမ်း၊ ရဲဌာနများ၊ ၀န်ကြီးများ နေထိုင်သော ၀င်ဒါမီယာ ကုတ် (ယခု ရွှေလီလမ်း) ရှိ ရှမ်းဂေဟာ၊ ရွှေတောင်ကြားလမ်း၊ ပြည်ထောင်စုလမ်း သွယ်ရှိ ၀န်ကြီးချုပ်နေအိမ်၊ ကုက္ကိုင်းလမ်းနှင် ဂွတ္တလစ် လမ်းထောင့်ရှိ စပ်ရွှေသိုက် နေအိမ်၊ ကမ္ဘာအေး ဘုရားလမ်းရှိ တရားဝန်ကြီးချုပ် ဦးမြင့်သိန်း နေအိမ်၊ ဖရေဇာလ်းရှိ ကယားဂေဟာတို့သို့ သွားရောက် ၀န်းရံထားလိုက်ကြသည်။ နံနက် ၂နာရီခန့်တွင် တပ်မတော် တပ်ဖွဲ့များသည် ဂွတ္တလစ်လမ်း ပြည်ထောင်စုလမ်းသွယ်တွင် နေထိုင်သော ၀န်ကြီးချုပ် ဦးနု၊ ၀န်ကြီး ဒေါက်တာ ဦးဧမောင်နှင့် ပြည်လမ်း ခုနှစ်မိုင်ခွဲတွင် နေထိုင်သော မိုးနဲစော်ဘွား စပ်ပြည့်၊ မိုင်းနောင် စော်ဘွား စပ်အုန်းမော်တို့ကိုလည်းကောင်း၊ နံနက် ၃နာရီခန့်တွင် အခြား -၀န်ကြီးများဖြစ်ကြသော ဦးရာရှစ်၊ သခင်တင်၊ သခင်တင်မောင်၊ ဦးသွင်၊ ဦးဘစော၊ ဒေါက်တာ စောလှထွန်း၊ စပ်ခွန်ချို၊ စပ်ဝဏ္ဏ၊ နိုင်အောင်ထွန်း၊ ဦးဘမြိုင်၊ ပါလီမန်အတွင်းဝန် ကယား ဦးစိန်တို့ကိုလည်းကောင်း၊ အင်းလျားလမ်း နေအိမ်သစ်တွင် နေထိင်သော သမ္မတ မန်းဝင်းမောင်ကိုလည်းကောင်း၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်းကိုလည်းကောင်း၊ ကယားဂေဟာတွင် တည်းခိုးနေသော ဦးကြာပု၊ ဦးစိုးမောင်၊ ဦးလွန်း၊ ဦးချစ်ဦး၊ ဦးထွန်းမြင့် (တောင်ကြီး)တို့ကိုလည်းကောင်း၊ ရှမ်းစော်ဘွားများနှင့် ရှမ်းပြည်နယ်က အမတ်များကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစု လွှတ်တော် ဥက္ကဌများကိုလည်းကောင်း ဖမ်းဆီးခဲ့သည်။
အစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်တို့ကို ဖမ်းဆီးရာတွင် တပ်မတော်က နိုင်ငံတော် အာဏာကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရှင်းပြ၍ ၄င်းတို့အိမ်တွင် ထားရှိသော လက်နက်များကိုလည်း အပ်နှံစေခဲ့သည်။ တရားဝန်ကြီးချုပ် ဦးမြင့်သိန်းကို ဖမ်းဆီးစဉ် ဖမ်းဝရမ်း တောင်းသဖြင့် ဖမ်းဆီးသည့် တပ်မတော်အရာရှိလည်း တွေဝေသွားပြီး အာဏာသိမ်းခြင်းဖြစ်ကြောင်း ပြောကြား၍ ဖမ်းဆီးခဲ့ရသည်ဟု ဆိုသည်။
ဝန်ကြီးများ၏ နေတွင် လုံခြုံရေးတာဝန်ယူနေကြရသော ရဲအဖွဲ့ဝင်များအား တပ်မတော် တပ်ဖွဲ့ဝင်များ ရောက်ရှိလာလတင် ခုခံ ပစ်ခတ်ခြင်း မပြုရန်၊ ကြိုတင်ညွှန်ကြားထားသောကြောင့် ၀န်ကြီးများကို ဖမ်းဆီးရာတွင် အဆင်ပြေ လွယ်ကူခဲ့သည်။ သို့သော် ရန်ကုန်မြို့ ကုက္ကိုင်းလမ်းနှင့် ဂွတ္တလစ်လမ်းထောင့်တွင် နေထိုင်သော ညောင်ရွှေ စော်ဘွားကြီး စပ်ရွှေသိုက်၏ အိမ်သို့ ရောက်ရှိစဉ်က လုံခြုံရေး အစောင့်များအား ရှမ်းဘာသာဖြင့် ခုခံခြင်း မပြုရန် အော်၍ပြောသေးသည်။ သို့သော် အစောင့်များက စတင် ပစ်ခတ်သဖြင့် တပ်မတော်က ပြည်လည် ပစ်ခတ်ရာတွင် စပ်ရွှေသိုက်၏ သားငယ် အသက် ၁၇ နှစ် အရွယ်ရှိ စပ်မီမီသိုက်မှာ ဦးခေါင်းနှင့် ခြေထောက်တွင် ကျည်ဆံ ထိမှန်၍ သေဆုံးသွားခဲ့သည်။ အခြား အထိအခိုက် မရှိပေ။ စပ်မီမီသိုက် သေဆုံးမှုနှင့် ပတ်သက်၍ စပ်မီမီသိုက်၏ အကို စပ်စန် (ယူဂျင်းသိုက်) က ရန်ကင်းရဲဌာနတွင် တိုင်တန်းသည်။ ၁၉၆၂ ခုနှစ် မတ် ၂ ရက် နံနက် ၂နာရီခန့်တွင် အမျိုးအမည် မသိသော ယူနီဖောင်းဝတ်ထားသူများက အိမ်အတွင်းသို့ ၀င်ရောက်လာကာ သေနတ်ဖြင့် ပစ်ခတ်သောကြောင့် မိမိ၏ ညီ စပ်မီမီသိုက် ခေါ် စပ်ဆေးဟုပ်ဖ်ကို ထိမှန် သေဆုံးကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ရန်ကင်း ရဲဌာနက လူသတ်မှု ပုဒ်မ ၃၀၂ အရ အမှုဖွင့်ပေးခဲ့သည်။ တပ်မတော်ကမှု စပ်မီမီသိုက် သေဆုံးခဲ့ရခြင်းအတွက် စာနာ ထောက်ထားမှုရှိကြောင်း ပြသပြီး တော်လှန်ရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး နေ၀င်းကလည်း စပ်မီမီသိုက် ကွယ်လွန် အနိစ္စရောက်ရခြင်းကို တော်လှန်ရေး ကောင်စီဝင်များက အထူး ၀မ်းနည်းကြေကွဲမိကြောင်း ဖော်ပြထားသည့် သ၀ဏ်လွှာကို ညောင်ရွှေစော်ဘွားကြီး စပ်ရွှေသိုက်နှင့် မဟာဒေ၀ီတို့ထံ ပေးပို့ခဲ့သည်။ ၀မ်းနည်း သ၀ဏ်လွှာကို ဗိုလ်မှူးကြီး စောမြင့်အား ပေးပို့စေခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က မဟာဒေ၀ီ စပ်ဟိန်ခမ်းမှာ အင်္ဂလန်သို့ ရောက်နေသဖြင့် ဗိုလ်မှူးကြီး စောမြင့်သည် ၀မ်းနည်း သ၀ဏ်လွှာကို စပ်ရွှေသိုက်၏ သားအကြီးဆုံးဖြစ်သူ စပ်ဆိုင်အုံ၏ လက်သို့ ပေးအပ်ခဲ့ရသည်။ ၁၉၆၂ ခုနှစ် မတ် ၄ ရက်နေ့တွင် ကျင်းပသည့် ဈာပန အခမ်းအနားသို့လည်း တော်လှန်ရေး ကောင်စီက လွမ်းသူ့ပန်းခွေ ပေးပို့ခဲ့သည်။
၁၉၆၂ ခုနှစ် မတ် ၂ ရက်နေ့ နံနက်တွင် တော်လှန်ရေးကောင်စီက ဖမ်းဆီးခဲ့သော ပုဂ္ဂိုလ်တို့မှာ သမတ ဦးဝင်းမောင်၊ ၀န်ကြီးချုပ် ဦးနု၊ ၀န်ကြီးများ ဖြစ်ကြသော သခင်တင်၊ ဒေါက်တာ ဦးဧမောင်၊ ဦးရာရှစ်၊ ဦးဘစော၊ သခင်တင်မောင်၊ ဦးသွင်၊ စပ်ခွန်ချို၊ ဒေါက်တာ စောလှထွန်း၊ ဦးဇာရဲလျန်၊ ဦးဘမြိုင်၊ နိုင်အောင်ထွန်း၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဌ မန်းဘဆိုင်၊ လူမျိုးစု လွှတ်တော် ဥက္ကဌ စပ်ခွန်ကြည်၊ ညော်ရွှေစော်ဘွား စပ်ရွှေသိုက် ( ပထမဦးဆုံး သမတ )၊ မိုးနဲစော်ဘွား စပ်ကြည်၊ ကျေးသီးမန်းစံစော်ဘွား စပ်ရွှေမှုံ၊ ဘော်စော်ဘွား စပ်ခွန်အောင်၊ လွိုင်လင်းစော်ဘွား စပ်မိုးကျော်၊ ပင်းတယစော်ဘွား စပ်ဝင်းကြည်၊ ရွာငံစော်ဘွား စပ်ခွန်ရီ၊ မိုင်းပန်းစော်ဘွား စပ်ရွှေကြည်၊ စကားစော်ဘွား စပ်ခွန်ညွှန်၊ မိုင်းလုံစော်ဘွား စပ်မန်လစ်၊ စပ်ခွန်ထီး၊ သိန္ဒီမြောက်ပိုင်း အမတ် စပ်မန်ဖ၊ လွိုင်လင်အလယ်ပိုင်းအမတ် စပ်ကျော်ခေါင်၊ လွိုင်လင် တောင်ပိုင်းအမတ် ဦးကျော်စိန်၊ ကျိုင်းတုံမြောက်ပိုင်း အမတ် ဦးရီရောင်း၊ ကျိုင်းတုံ အနောက်ပိုင်းအမတ် ဦးခွန်နော်၊ မိုင်းပွန်အမတ် ဦးဖြူ၊ သာမိုင်းခမ်း အမတ် ဥိးကျော်စိန်၊ စကားအမတ် ဦးလွန်း၊ ကွတ်ခိုင် အမတ် ဦးအပ်ဇော်လ၊ ဦးစိန် (ကယား)၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦးကြာပု၊ ဦးမြတ်ဖူး၊ ဦးစိုးမောင်၊ ဦးချစ်ဦး၊ ဦးသန်းတင်၊ ဦးတင်အောင်တို့ ဖြစ်ကြသည်။ ၁၉၆၂ ခုနှစ် မတ် ၂ရက်နေ့တွင် အဖမ်းမခံရသော ပုဂ္ဂိုလ်နှစ်ဦးမှာ ငပလီသို့ ရောက်နေသော ဗိုလ်မှူးအောင်နှင့် သမတအဖြစ် ရွေးချယ်ရန် လျာထားပြီး ဖြစ်သော ဆမားဒူးဝါ ဆင်ဝါးနောင်တို့ဖြစ်ကြသည်။ ဆမားဒူးဝါ ဆင်ဝါးနောင်မှာ မြစ်ကြီးနား ခရိုင်အတွင်းရှိ ၄င်း၏ ဘိုးဘွားမိဘများ အစဉ်အဆက် နေထိုင်ခဲ့သော ရွာသို့ ရောက်ရှိနေသည်ဟု ဆိုသည်။
အဖမ်းခံရသူတို့တွင် ဒေါက်တာ စောလှထွန်းနှင့် ဦးဇာရဲလျန်တို့မှအပ ကရင်ပြည်နယ်၊ ချင်းဝိသေသတိုင်းနှင့် ကချင်ပြည်နယ်တို့မှ အခြား ပုဂ္ဂိုလ်များ ပါဝင်ခြင်း မရှိပေ။ မတ် ၂ ရက် နံနက်တွင် အဖမ်းခံရသူ ပုဂ္ဂိုလ်များတွင် ပထမတွင် ၀င်ဒါမီယာ အနီးရှိ အသံလွှင့်ရုံသို့ ပို့ထားခဲ့သည်။ တပ်မတော် တပ်ဖွဲ့များသည် ဖမ်းဆီးလာခဲ့သူများကို အသံလွှင်ရုံအတွင်းရှိ ယန်နေ့ညက ဖယ်ဒရယ်မှု ဆွေးနွေးကျင်းပခဲ့သော ခန်းမဆောင်ကြီးအတွင်းတွင် ထားရှိသည်။ နံနက် ၆ နာရီခန့်တွင်မှု ဖမ်းထားသော ပုဂ္ဂိုလ်များကို လော်ရီကားများ ပေါ်တင်၍ လက်နက်ကိုင် အစော်င့အကြပ်များ စီးနင်းသော ကားများ လိုက်ပါလျက် မင်္ဂလာဒုံသို့ ပို့ခဲ့သည်။ ထိုနေ့ နံနက်က ရာသီဥတုမှာ အုံ့မှိုင်း၍ မိုးတဖွဲဖွဲ့ ရွာလျက် ရှိသည်။ မင်္ဂလာဒုံသို့ သွားရာ လမ်းတလျှောက်တွင် တင့်ကားများနှင့် တပ်မတော်သားများ စောင့်ကြပ်လျက် ရှိသည်။ ဖမ်းဆီးလာသော ပုဂ္ဂိုလ်တို့ကို လက်ဖက်ရည်၊ နံပြားတို့ဖြင့် ဧည့်ခံ ကျွေးမွေးသည်။
မကြာမီတွင်ပင် အဖမ်းခံရသူတို့အနက် မန်းဘဆိုင်၊ စပ်ခွန်ကြည်၊ ဦးဘစော၊ ဒေါက်တာ စောလှထွန်း၊ ဦးဇာရဲလျန်၊ ဦးဘမြိုင်နှင့် စပ်မန်ဖတို့ကို ရန်ကုန်သို့ ပြန်၍ ခေါ်ဆောင်သွားသည်။ ထိုပုဂ္ဂိုလ်တို့အား ဒဂုံရိပ်သာတွင် ဗိုလ်ချုပ်ကြီး နေ၀င်းက ခေတ္တ တွေဆုံကာ မှားယွင်း ဖမ်းဆီးမိကြောင်း ပြောကြား၍ လွှတ်ခဲ့သည်။ မင်္ဂလာဒုံတွင် ဖမ်းထားသော ပုဂ္ဂိုလ်များအနက် ဦးဝင်းမောင်၊ ဦးနု၊ ဦးမြင့်သိန်း၊ သခင်တင်၊ စပ်ခွန်ချို၊ ဦးရာရှစ်နှင့် စပ်ဝဏ္ဏတို့ကို သီးခြား ခွဲ၍ အစောင့်အကြပ် ထူထပ်စွာ ချထားခဲ့သည်။ ကျန် ပုဂ္ဂိုလ်များကို နှစ်စုခွဲ၍ ရန်ကြီးအောင် ရုပ်ရှင်ရုံအနီးရှိ လေ့ကျင့်ရေး တပ်တွင် ထိန်းသိမ်းထားခဲ့သည်။ 



ကာကွယ်ရေး ဦးစီးချုပ်၏ ကြေညာချက်နှင့် အစိုးရဖွဲ့စည်းခြင်း
၁၉၆၂ ခုနှစ် မတ် ၂ ရက် နံနက် စောစောက စစ်တပ်က အာဏာသိမ်းပြီ ဟူသော ကောလာဟလ သတင်းများ ပျံ့လွှင့်နေသည်။ သို့သော် ရန်ကုန်မြို့သူ မြို့သား များစွာတို့သည် မြန်မာ့အသံက နံနက် ၈ နာရီ ၂၅ မီနစ်တွင် ကရင်ပိုင်း အစီအစဉ် ထုတ်လွှင့်နေစဉ် အစီအစဉ်ကို ရုတ်တရက် ရပ်၍ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်းက နိုင်ငံတော် အာဏာကို ဗမာ့ တပ်မတော်က တာဝန်ယူ စောင့်ရှောက်လိုက်ပြီ ဖြစ်ကြောင်း ကြေညာသောအခါတွင် သတင်းမှန်ကို အတိအကျ သိရှိကြရသည်။ ကာကွယ်ရေး ဦးစီးချုပ် ကြေညာချက်တွင်  ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အထူး ယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်း စိမ့်သောငှာ ဗမာ့ တပ်မတော်မှ တာဝန်ယူ စောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း အစီရင်ခံပါသည်။ အရပ်ရပ်ရှိ တိုင်းသူပြည်သား ရဟန်းရှင်လူအများသည် ကြောင့်ကြစိုးရိမ်ပူပန်ခြင်း မဖြစ်ကြဘဲ ခါတိုင်း သာမန် အချိန်ကဲ့သို့ စိတ်လက် အေးချမ်းစွာ မိမိတို့ လုပ်ငန်း ဆောင်တာများကို ဆက်လက် လုပ်ကိုင် ဆောင်ရွက်ကြရန် မေတ္တာရပ်ခံပါသည်။ အစိုးရ မှုထမ်း၊ ရာထမ်း များသည်လည်း မိမိတို့ တာဝန် ၀တ္တရားများကို မပျက်မကွက် ဆက်လက် ဆောင်ရွက်ကြစေလိုပါသည်။ အထူးသဖြင့် ပညာရေးဆိုင်ရာ တာဝန်ခံများနှင့် ကျောင်းသူ ကျောင်းသားများသည် မိမိတို့ စစ်ဆေးဖြေဆိုနေဆဲ ကိစ္စများကို မပျက်မကွက် ဆက်လက် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါသည်။
တိုင်းသူပြည်သားအများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာရေးအတွက် ကျွန်တော်တို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပါမည် ဟူ၍ ဖော်ပြထားသည်။ ထိုနေ့ နံနက်တွင် တော်လှန်ရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း မြန်မာ့အသံက ကြေညာသည်။ အဖွဲ့ဝင် ၁၇ ဦး ပါဝင်သော တော်လှန်ရေး ကောင်စီ၏ ဥက္ကဌမှာ ဗိုလ်ချုပ်ကြီး နေ၀င်းဖြစ်၍ အဖွဲ့ဝင်များမှာ ၁။ ဗိုလ်မှူးချုပ် အောင်ကြီး၊ ၂။ ဗိုလ်မှူးချုပ် သန်းဖေ၊ ၃။ ဗိုလ်မှူးချုပ် တီကလစ်၊ ၄။ ဗိုလ်မှူးချုပ် တင်ဖေ၊ ၅။ ဗိုလ်မှူးချုပ် စန်းယု၊ ၆။ ဗိုလ်မှူးချုပ် စိန်ဝင်း၊ ၇။ ဗိုလ်မှူးကြီး သောင်းကြည်၊ ၈။ ဗိုလ်မှူးကြီး ကြည်မောင်၊ ၉။ ဗိုလ်မှူးကြီး မောင်ရွှေ၊ ၁၀။ ဗိုလ်မှူးကြီး သန်းစိန်၊ ၁၁။ ဗိုလ်မှူးကြီး ကျော်စိုး၊ ၁၂။ ဗိုလ်မှူးကြီး စောမြင့်၊ ၁၃။ ဗိုလ်မှူးကြီး ချစ်မြိုင်၊ ၁၄။ ဗိုလ်မှူးကြီး ခင်ညို၊ ၁၅။ ဗိုလ်မှူးကြီး လှဟန်၊ ၁၆။ ဗိုလ်မှူးကြီး တန်ယုဆိုင် တို့ဖြစ်ကြသည်။ ထို့နောက် ၁၉၆၂ ခုနှစ် မတ် ၂ ရက် နံနက်ပိုင်းတွင် တော်လှန်ရေး ကောင်စီသည် အုပ်ချုပ်ရေး အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာသည်။ အစိုးရအဖွဲ့တွင်
၁။ ဗိုလ်ချုပ်ကြီးနေ၀င်း - တော်လှန်ရေး ကောင်စီ ဥက္ကဌ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီးဌာန၊ တရားရေး ၀န်ကြီးဌာန၊ ၂။ ဗိုလ်မှူးချုပ် အောင်ကြီး - ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုလက်မှုဝန်ကြီးဌာန။ ၃။ ဗိုလ်မှူးချုပ် တင်ဖေ - လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာန၊ သမ၀ါယမနှင့် ကုန်စည်ဖြန့်ဖြူးရေး ၀န်ကြီးဌာန။ ၄။ ဗိုလ်မှူးချုပ် သန်းဖေ - ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ၀န်ကြီးဌာန။  ၅။ ဦးသီဟ - နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ အိမ်ရာဆောက်လုပ်ရေး ၀န်ကြီးဌာန၊ သတ္ထုတွင်း ၀န်ကြီးဌာန။ ၆။ ဗိုလ်မှူးကြီး ကျော်စိုး - ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန။ ၇။ ဗိုလ်မှူးကြီး စောမြင့် - ပြန်ကြားရေး ၀န်ကြီး ဌာန၊ ယဉ်ကျေးမှု ၀န်ကြီးဌာန။ ၈။ ဒုတိယ ဗိုလ်မှူးကြီး ဘနီ - လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာန တို့ ပါဝင်သည်။ ကြေညာချက်တွင် ဖော်ပြ မထားသော ၀န်ကြီးဌာနနှင့် ပတ်သက်၍ မည်သည့် ၀န်ကြီးဌာနက ပူးပေါင်း တာဝန်ယူဆောင်ရွက်သွားမည်ကို ဆက်လက် ကြေညာပေးမည်ဟုလည်း ဆိုသည်။ တော်လှန်ရေး ကောင်စီ၏ တာဝန်ပေးချက်အရ ၀န်ကြီးဌာနများကို တာဝန်ယူမည့် ပုဂ္ဂိုလ်များသည် ကြေညာချက် ထုတ်ပြန်သည့် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်း အချိန်တွင် သက်ဆိုင်ရာ ၀န်ကြီးဌာနအသီးသီးသို့ သွားရောက် လက်ခံ တာဝန်ယူ ဆောင်ရွက်ကြမည်ဟုလည်း ဆိုသည်။ ၁၉၆၂ ခုနှစ် မတ် ၅ ရက်နေ့တွင် တော်လှန်ရေး ကောင်စီသည် ကြေညာထားသည့်အတိုင်း ကျန်ရှိနေသေးသော ၀န်ကြီးဌာနများကို ထပ်မံ တာဝန် ခွဲဝေ သတ်မှတ်ပေးခဲ့သည်။ မူလ တာဝန်တွင် ထပ်မံ တာဝန်ပေးခဲ့သော ၀န်ကြီးဌာများမှာ
ဗိုလ်ချုပ်ကြီး နေ၀င်း ( ၀န်ကြီးချုပ်ရုံး၊ အမျိုးသားစီမံကိန်း ၀န်ကြီးဌာန)၊ ဗိုလ်မှူးချုပ် အောင်ကြီး (ပစ္စည်း ထောက်ပံ့ရေးဝန်ကြီးဌာန)၊ ဗိုလ်မှူးချုပ် တင်ဖေ ( လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးဝန်ကြီးဌာန)၊ ဦးသီဟန် ပြည်သူ့ လုပ်ငန်းဌာနနှင့် ပြန်လည် ထူထောင်ရေးဌာနများကို အိမ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း အုပ်ချုပ်သွားရန်။ ဗိုလ်မှူးကြီး ကျော်စိုး (က) ဒီမိုကရေစီ ဒေသန္တရာ အုပ်ချုပ်ရေးနှင့် ဒေသန္တရအဖွဲ့များ ၀န်ကြီးဌာန (ခ) သာသနာရေးနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနမှ သာသနာရေးဌာနများကို အုပ်ချုပ်ဆောင်ရွက်သွားရန် (ဂ) အမျိုးသား မှတ်ပုံတင်ရေးဌာနကို လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွားရန်။ ဗိုလ်မှူးကြီး စောမြင့် (က) ကယ်ဆယ်ရေး၊ ပြန်လည်နေရာ ချထားရေးနှင့် အမျိုးသား စည်းလုံးညီညွှတ်ရေး ၀န်ကြီးဌာန၊ (ခ) လူမှုဝန်ထမ်းနှင့် သာသနာရေး ၀န်ကြီးဌာနမှ လူမှုဝန်ထမ်းဌာနများကို အုပ်ချုပ်သွားရန်။ ဒုတိယ ဗိုလ်မှူးကြီး ဘနီ ( သယ်ယူပို့ဆောင်ရေးဌာနများကို လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနနှင့် ပူးပေါင်း အုပ်ချုပ်သွားရန် တို့ဖြစ်ကြသည်။

တော်လှန်ရေး ကောင်စီသည် အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးနောက် တစ်ရက်အကြာ ၁၉၆၂ ခုနှစ် မတ် ၃ ရက် နေ့လယ်မှ စ၍ ရှမ်းပြည်နယ် ကောင်စီ၊ ကချင်ပြည်နယ် ကောင်စီ၊ ကရင်ပြည်နယ် ကောင်စီ၊ကယားပြည်နယ် ကောင်စီနှင့် ချင်းရေးရာ ကောင်စီများတို့ကို ဖျက်သိမ်းကြောင်း ကြေညာသည်။
 

No comments: