Saturday, May 18, 2013

မေ ၁၈ ဂွာန်ဂျူ ဒီမိုကရေစီအရေးတော်ပုံ

  ၁၉၇၉ ခုနှစ် အောက်တိုဘာ ၂၆ ရက် သမတ ဘဂျောန်ဟီကို ထောက်လှမ်းရေး ညွှန်ချုပ် ကင်းမ်ဂျဲဂယူက လုပ်ကြံသတ်ဖြတ်လိုက်ပြီးနောက် နိုဝင်ဘာ ၇ ရက်တွင် မစ္စတာ ချွဲဂယူဟာက သမတ ရာထူးကို ခေတ္တ ရယူထားပါတယ်။ ၁၉၈၀ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှာ စစ်ရုံးချုပ်မှူး ဂျောန်ဒူဝါန် (ချာန်ဒူဝါန်)က နိုင်ငံတော် သမတနှင့် တပ်မတော် ဦးစီးချုပ်၊ ၀န်ကြီးများကို ဖမ်းဆီးပြီး တိုင်းပြည် အာဏာကို သိမ်းယူလိုက်ပါတယ်။     
၁၉၈၀ ခုနှစ် မေ ၁၀ ရက် တက္ကသိုလ် ကျောင်းပေါင်း ၂၃ ခုက ခေါင်းဆောင်များ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ စုပေါင်း အဖွဲ့က အရေးပေါ် စီမံကိန်းကို ချက်ခြင်း ရပ်၊ ဂျောန်ဒူဝါန်၊ ရှင်းဟယောင်းဟွာဂ်တို့ ချက်ခြင်း နုတ်ထွက်ပေး စတဲ့ ထုတ်ပြန်ပြီး လှည့်လည် ကြွေးကြော် ဆန္ဒပြ တောင်းဆိုကြပါတယ်။ ဆန္ဒပြကျောင်းသားများဟာ မြောက်ကိုရီးယားက တောင်ကိုရီးယားကို သွေးထိုး လှုံဆော်တာဖြစ်တယ်ဆိုပြီး ဂျောန်ဒူဝါန်က တပ်အင်အားသုံး ဖိနှိပ်ဘို့ အမိန့်ပေးလိုက်ပါတယ်။ မေ ၁၅ ရက်မှာ ကျောင်းသားများ ဦးဆောင်တဲ့ ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှုဟာ လှိုင်းတံပိုးများ ပမာ လှုပ်ရှားခဲ့ပါတော့တယ်။ မေ ၁၄ ရက် ဂျောန်လာဒို (ဒို- ပြည်နယ်) ဂျောန်နာမ် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ဘဂွာဟယောန်က မိမိလက်ရေးနဲ့ အရေးပေါ် စီမံကိန်းကို ချက်ခြင်း ရပ်၊ ဂျောန်ဒူဝါန်၊ ရှင်းဟယောင်းဟွာဂ်တို့ ချက်ခြင်း နုတ်ထွက်ပေး စတဲ့ တောင်းဆိုချက်များကို ဖြန့်ဝေပြီး ညနေ ၄ နာရီအချိန်မှာ ဂျောန်လာပြည်နယ်ရုံးအထိ တက္ကသိုလ် ကျောင်းသား ၃ သောင်းခန့်ဟာ လမ်းလျှောက် ဆန္ဒပြ တောင်းဆိုကြပါတယ်။  မေ ၁၅ ဆိုးလ် (ဆောအုလ်) ဘူတာရှေ့ ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှုကြီး တဖြည်းဖြည်းနဲ့ ကြီးထွားလာခဲ့ရပါတယ်။ ၀န်ကြီးချုပ် မစ္စတာ ရှင်းက ဆန္ဒပြပွဲများကို အမြန်ဆုံး ရုပ်သိမ်းရန် အရေးပေါ် ထုတ်ပြန် ကြေညာလိုက်ပါတယ်။ မေ ၁၆ ရက် နံနက် ၁၀ နာရီခန့် ဂျောန်နာမ် တက္ကသိုလ်ရှေ့မှာ ကျောင်းသားများ စုစည်းပြီး ပြည်နယ်ရုံးသို့ ချီတက် ဆန္ဒပြကြပါတယ်။ မေ ၁၇ ရက် ည ၉ နာရီမှာ အစိုးရ အသစ်က အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး အရေးပေါ် မာရှယ်လော ကို ထုတ်ပြန်ဘို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ၄င်းနောက် ဒီမိုကရေစီ ခေါင်းဆောင်များ ဖြစ်ကြတဲ့ အတိုက်အခံ အဖွဲ့ ခေါင်းဆောင်များဖြစ်ကြတဲ့ ကင်းမ်ဒဲဂျူန်၊ ကင်းမ်ယုန်ဆာန်၊ ကင်းမ်ဂျူန်ဖီလ်တို့ကို ဖမ်းဆီးလိုက်ပါတယ်။ မေ ၁၈ နံနက် ၉နာရီမှာ ရုပ်မြင်သံကြားနဲ့ ရေဒီယိုများကနေ မာရှယ်လောကို ထုတ်ပြန်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။ မေ ၁၈ ရက် နံနက်ပိုင်းမှာဘဲ ဂျောန်နာမ် တက္ကသိုလ် ကျောင်းသား ၁၀၀ ခန့်ဟာ အရေးပေါ် စစ်တပ်များထံသို ချီတက် ဆန္ဒပြ တောင်းဆိုကြရာ စစ်တပ်များနဲ့ အဓိကရုဏ်များ ဖြစ်ပွားခဲ့ပါတယ်။ ၄င်းနောက် ကျောင်းသား ၃၀၀ ခန့်ဟာ စစ်တပ်များရှိရာသို့ ကျောက်ခဲများနဲ့ ပစ်ပေါက်ရာ ရဲများက မျက်ရည်ယို ဗုံးများ ပစ်ခွဲပြီး လူစုခွဲစေခဲ့ပါတယ်။ မေ ၁၈ ရက် နံနက် ၄ နာရီမှာ တပ်မ ၇ က ဂွာန်ဂျူမြို့ထဲသို့ ၀င်ရောက်လာပြီး ဆန္ဒပြတောင်းဆိုကြတဲ့ ကျောင်းသားများအပြင် အသွေးအရောင် မခွဲခြားဘဲ အရပ်သားများ လှုပ်ရှားသွားသူများပါ မကျန် ပစ်ခတ် ရိုက်နှက် ဖိနှိပ် ဖမ်းဆီးပါတော့တယ်။ အဲဒီလုပ်ရပ်ကို မြင်တွေ့ရတဲ့ သူတွေက မခံမရပ်နိုင်ဖြစ်ပြီး ပြည်သူများ အထက်တန်းကျောင်းသားများပါ ပါဝင် ဆန္ဒပြ တောင်းဆိုလာရာ လူဦးရေ သုံးထောင်ကျော်ခန့် ရှိလာပါတယ်။ မေ ၂၀ ရက်မှာ လူဦးရေး ၂သိန်းခန့် ပါဝင်လာပြီး စစ်တပ်များ မ၀င်လာနိုင်စေရန် ခရီးသည်တင် မော်တော်ကား အစီး ၂၀ ခန့်ကို လမ်းမကြီးမှာ ပိတ်ဆို့ထားခဲ့ပါတယ်။ ဂွာန်ဂျူဘူတာရှေ့မှာ တာဝန်ကျနေတဲ့ စစ်တပ် ၂တပ်က ပြည်သူများကို မပစ်ခတ်ဘို့ အမိန့်ပေးထားပေးမယ့် တပ်မ ၁၁ က အမိန့်ကို နာခံခြင်း မရှိခဲ့ပါ။ မေ ၂၁ ရက် ဂျောန်နာမ် တက္ကသိုလ်နဲ့ ပြည်နယ်ရုံး ရှေ့ တွင် ဆန္ဒပြတောင်းဆိုနေကြသော ကျောင်းသားပြည်သူများရှိရာသို့ ရဟတ်ယာဉ်နဲ့ ပျံသန်းပြီး နေလည်ပိုင်းတွင် စစ်တပ်ကို ရုပ်သိမ်းပေးမယ်လို့ ကြေညာခဲ့ပေမယ့် နေ့လည် ၁နာရီအချိန်ခန့် ပြည်နယ်ရုံးရှေ့က စစ်တပ်က စတင်၍  ဆန္ဒပြနေကြသူများကို လက်နက်အားကိုးနဲ့ မတရား ဖိနှိပ် သတ်ဖြတ်ခဲ့သဖြင့် မြို့အတွင်းရှိ ၁၂၀ ခုသော ဆေးရုံများ၊ အထွေထွေ ဆေးရုံကြီးနဲ့ ကျန်းမာရေး ဆေးပေးခန်းများမှာ ထိခိုက် ဒဏ်ရာ ရရှိသူများဟာ ပြည့်နှက်သွားခဲ့ရပါတယ်။ မေ ၂၃ မှာ ၅သောင်းခန့် သော ကျောင်းသားပြည်သူများက ဆက်လက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ည ၇ နာရီ ၄၄ မီနစ်မှာ ဖမ်းဆီးခံထားရသူ ၃၃ ဦးက ပထမဦးဆုံး ပြန်လည် လွတ်မြောက်လာပါတယ်။ မေ ၂၄ ရက် တပ်မ ၁၁က ရေကူးနေသော ကလေး ၄ဦးကို ပစ်သတ်ခဲ့၊ တပ်မ ၁၁ နဲ့ အမြောက်တပ်ကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ၉ ဦးသေ၊ ၄၀ ဒဏ်ရာရ အရပ်သား ၄ ဦး သေဆုံးခဲ့ရ။ မေ ၂၅ ရက် ခရစ်ယာန် ဂိုဏ်းချုပ် ကင်းမ်စုဟွာန်က ဒီမိုကရေစီအရေး လှုပ်ရှားမှုအတွက် သိန်း ၁၀၀နဲ့ အားပေးစာကို ပေးပို့ခဲ့ပါတယ်။ မေ ၂၆ ရက်မှာ ဆက်လက် ဖြစ်ပွားခဲ့ပြီး မေ ၂၇ ရက် နံနက်ပိုင်းမှာ အမြောက်တပ်များနဲ့ လက်နက် အပြည့်အစုံ တပ်ထားတဲ့ စစ်ကားများ စစ်သားများ အလုံးအရင်းနဲ့ ဂွာန်ဂျူမြို့သို့ အင်အားသုံး ၀င်ရောက်လာပြီး နေရာအနှံ့အပြားမှာ နေရာ ယူထားလိုက်ပါတယ်။ စစ် ဂျစ်ကား ပေါ်တွင် အော်လံစက် (အသံချဲ့စက်)နဲ့ ကျောင်းသား အများပြည်သူများ လမ်းမပေါ်သို့ မထွက်ကြရန် နေရာအနှံ့ လိုက်လံ သတိပေးနေပါတယ်။ အမိအဘ၊ သားသမီး၊ ညီအကို၊ မောင်နှမများ ပျောက်ဆုံး သေဆုံး ထိခိုက် ဒဏ်ရာ ရရှိထားကြတဲ့ မိသားစုများရဲ့ ရင်ထဲ နှလုံးသားထဲနဲ့  ပြည်သူအများရဲ့ ရင်ထဲ နှလုံးသားထဲက ကြိပ်မှိတ် ငိုကြွေးသံတွေဟာ မိုးလုံးအပြည့် ရိုက်ခတ်နေလျက်ပါဘဲခင်ဗျာ။ 
ကျောင်းသားပြည်သူများကလည်း စစ်တပ် လက်နက် တိုက်ကို ဖောက်ပြီး လက်နက်များနဲ့ ပြန်လည် တုံ့ပြန် ပစ်ခတ်ခဲ့ကြပါတယ်။ တိုက်ပွဲဝင် ကျောင်းသား ပြည်သူများကို ဂွာန်ဂျူမြို့ရှိ အမယ်အိုနဲ့ အမျိုးသမီးကြီးများက ကင်းမ် (ကိုရီးယားနိုင်ငံထုတ် ပင်လယ် ရေညှီ)နဲ့ ထမင်းဆုပ်များကို ပြုလုပ်ပြီး ဝေငှ ပေးကြပါတယ်။
မေ ၁၈ အတွင်း ကျဆုံးသွားကြသူများရဲ့ စာရင်းကတော့ အသက် ၁၄နှစ်အောက် ၈ယောက်၊ ၁၅နှစ်မှ ၁၉ နှစ်အထိ ၃၆ယောက်၊ ၂၀နှစ်က ၇၃ ယောက်၊ ၃၀နှစ်က ၃၆ယောက်၊ ၄၀နှစ်က ၉ ယောက်၊ ၅၀နှစ်က ၆ယောက်၊ ၆၀နှစ်က ၄ယောက်၊ စစ်ဆေးလို့ မရတာက ၁ယောက်၊ ကျောင်းသား ၂၇ ယောက်၊ အရပ်သား ၂၁ယောက်၊ ကုမ္ပဏီဝန်ထမ်း ၁၄ ယောက်၊ ၀န်ထမ်း ၂ဦး၊ ကားမောင်းသမား ၁၁ ဦး၊ အလုပ်သမား ၃၄ ယောက်၊ အလုပ်မရှိသူ ၃၄ ယောက်၊ တပ်သား ၂ဦး စုစုပေါင်း ၃၀၈ ယောက် ဖြစ်ကြပါတယ်။ 
မေ ၁၈ ဂွာန်ဂျူ ဒီမိုကရေစီအရေးတော်ပုံကို အကျဉ်းချုပ် ဖော်ပြလိုက်ပါတယ်။ လိုအပ်သည်များကို အချိန်ရရင် ရသလို ပြန်လည် ပြင်ဆင် ဖြည့်စွက် ထည့်သွင်းပေးသွားပါမည်။ 

စာဖတ်သူများကို လေးစားလျက် 

ဇော်မိုးအောင် (ကိုရီးယား) 

1 comment:

Unknown said...

ကူးသွားတယ်ဗျာ