Tuesday, April 1, 2014

တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော် ဘဒ္ဒန္တ ၀ါယာမိန္ဒာဘိဝံသ၏ ထေရုပ္ပတ္တိအကျဉ်း

တိပိဋကမဟာဂန္ထ၀င်နိကာယ်ကျောင်းတိုက်၊ တိပိဋကသန္တာဝါသ ပရိယတ္တိစာသင်တိုက် တို့၏ ပဓာန နာယကဆရာတော် 
တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော် ဘဒ္ဒန္တ ၀ါယာမိန္ဒာဘိဝံသ၏ ထေရုပ္ပတ္တိအကျဉ်း 

နမော တဿ      ဘ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဆရာတော် လောင်းလျာကို မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ရွှေကျောင်းရွာနေ ခမည်းတော် ဦးဘရီ၊ မယ်တော် ဒေါ်အုန်းတို့က ၁၃၁၆ ခုနှစ် တပေါင်း လပြည့်ကျော် ၈ ရက်၊ ဗုဒ္ဓဟူးနေ့ ၁၆ ရက် မတ် ၁၉၅၅ ခုနှစ်တွင် ဖွားမြင်ပါသည်။ 
ဆရာတော်သည် ၁၃၃၆ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် တနင်္ဂနွေနေ့ ၁၉၇၅ ခုနှစ်တွင် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာ ရွာလယ် ကျောင်းတိုက်၌ ဆရာတော် ဘဒ္ဒ န္တ၀ိစာရ ( ၀ိနယပါဠိ ပါရဂူ ) ကို ဥပဇ္ဇျာယ်ပြု၍ ဆားမလောက် ကျေးရွာ ကုန်သည် ဦးဘိုဝ၊ ဒေါ်စိန်တင် မိသားစုတို့၏ ပစ္စယာ နုဂ္ဂဟကို ခံယူကာ ရဟန်းပြုတော်မှုခဲ့ပါသည်။
ရေစကြိုမြို့နယ် ရွှေကျောင်းရွာ မြောက်ကျောင်း ဆရာတော် ဦးနေမိန္ဒ၊ ဦးပရမ၊ ဦးနန္ဒ၊ ရေစကြိုမြို့ သူဋ္ဌေးတိုက်ဝန် မင်းကြီးကျောင်း ဆရာတော် ဘဒ္ဒန္တ၀ိမလ (အဂ္ဂမဟာပဏ္ဍိတ)၊ ဓမ္မမဉ္ဇူကျောင်း ဆရာတော် ဘဒ္ဒန္တ ဓမ္မပါလ၊ ညောင်တုန်းမြို့ ရွှေဟင်္သာ တောရကျောင်း တွဲဘက် ရွှေကျင်သာသနာပိုင် ဆရာတော် ဘဒ္ဒန္တ ၀ိမလ (အဘိဓဇမဟာရဋ္ဌဂုရု)၊ ဘဒ္ဒန္တဥာဏ၀ံသ(အဂ္ဂမဟာပဏ္ဍိတ)၊ ဘဒ္ဒန္တ ဣန္ဒ၀ံသာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)၊ ဘဒ္ဒန္တ ဣန္ဒာဝုဓ ဉာဏာဘိဝံသ၊ ဘဒ္ဒန္တ ကုသလာဘိဝံသ၊ ဓနုဖြူမြို့ မဟာဝိဟာရ တောရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သြဘာသ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကုမာရာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)၊ မင်းကွန်း တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက) စသော ဆရာတော် အရှင်သူမြတ်များတို့သည် ဆရာတော်၏ အာမိသဓမ္မကျေးဇူးရှင် ဆရာများဖြစ်တော် မူကြပါသည်။ 

ဆရာတော်သည် ဉာဏ်ပညာပါရမီ ရင့်သန်ထူးကဲသည့်အလျောက် အောက်ပါ နိုင်ငံတော် အစိုးရဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ထူးထူးကဲကဲ ဆွတ်ခူး ရရှိတော်မူခဲ့ လေသည်။ ယင်းဘွဲ့တံဆိပ်တ်ာများမှာ - 
၁။ ( ၁၃၃၅ ခုနှစ် ) သာသနဓဇ ဓမ္မာစရိယဘွဲ့ 
၂။ ( ၁၃၃၅ ခုနှစ် ) အဂ္ဂမဟာအကျော်ဘွဲ့ (သာမဏေဘ၀ဖြင့်ပင် ဓမ္မာစရိယတန်း စာမေးပွဲ၌ မြန်မာတစ်နိုင်ငံလုံး ပထမ ရရှိ၍ ဆက်ကပ်ခံရသော ဘွဲ့ထူးဖြစ်သည်။) 
၃။ ( ၁၃၃၆ ခုနှစ် ) သာသနာဓဇ သိရီပ၀ရဓမ္မာစရိယဘွဲ့ 
၎။ ( ၁၃၄၂ ခုနှစ် ) ၀ိနယပါဠိပါရဂူဘွဲ့ 
၅။ ( ၁၃၄၇ ခုနှစ် ) အဘိဓမ္မပါဠိပါရဂူဘွဲ့ ၆။ ( ၁၃၄၀ ခုနှစ် ) ၀ိနယဓရဘွဲ့ ၇။ (၁၃၄၂ ခုနှစ် ) ၀ိနယကောဝိဒဘွဲ့ ၈။ ( ၁၃၄၃ ခုနှစ် ) ဒိဃဘာဏကဘွဲ့ 
၉။ ( ၁၃၄၆ ခုနှစ် ) ဒိဃနိကာယကောဝိဒဘွဲ့ 
၁၀။ ( ၁၃၄၈ ခုနှစ် ) အဘိဓမ္မာရှေ့ပိုင်း အာဂုံ ၁၁။ ( ၁၃၅၁ ခုနှစ် ) အဘိဓမ္မာရှေ့ပိုင်း ရေး၊ ဖြေ ၁၂။ ( ၁၃၅၄ ခုနှစ် ) အာဘိဓမ္မိကဘွဲ့ 
၁၃။ ( ၁၃၅၄ ခုနှစ် ) တိပိဋကဓရဘွဲ့ 
၁၄။ ( ၁၃၅၆ ခုနှစ် ) အဘိဓမ္မကောဝိဒဘွဲ့ 
၁၅။ ( ၁၃၅၆ ခုနှစ် ) အဘိဓမ္မကောဝိဒဘွဲ့ 
၁၆။ ( ၁၃၆၀ ခုနှစ် ) အဂ္ဂမဟာပဏ္ဍိတဘွဲ့ 
၁၇။ ( ၁၃၆၂ ခုနှစ် ) တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့ ဆရာတော်သည် အထက်ပါ နိုင်ငံတော် အစိုးရဆိုင်ရာ ဘွဲ့ တံဆိပ်တော်များအပြင် သာသနာပြုအသင်းကြီးများ၏ စာမေးပွဲ များကိုလည်း ၀င်ရောက် ဖြေဆို အောင်မြင်ခဲ့ရာ အသင်းဆိုင်ရာ ဘွဲ့တံဆိပ်တော်များကိုလည်း ဆွတ်ခူး ရရှိခဲ့ပါသည်။ ယင်းဘွဲ့တံဆိပ်တော်များကို ဖော်ပြရလျှင် -
 ညောင်တုန်း ရွှေကျင်နိကာယ သာသနပါလအသင်းကြီး 
၁။ ၁၃၃၅ခုနှစ် ၁၉၇၄ ခုနှစ်၊ သာသနပါလဓမ္မာစရိယ ဘိဝံသ ဘွဲ့၊ ရန်ကုန်မြို့ မင်္ဂလာဂတိ ၀ိသုဒ္ဒိအသင်းကြီး 
၂။ ၁၃၄၂ ခုနှစ် ၁၉၈၁ခုနှစ်၊ ၀ိနယဓရ ဂမ္ဗိရဥာဏိကဘွဲ့ 
၃။ မဟာဝိဘင်္ဂ၀ိနယဓရ ဂမ္ဗိရဥာဏိကဘွဲ့ ရန်ကုန်မြို့၊ နိကာယ်သာသနာထွန်းကားရး အသင်းကြီး၏ 
၎။ ၁၃၄၀ ခုနှစ် နိကာယုဇ္ဇောတက ၀ိနယဓရဘွဲ့ 
၅။ ၁၃၄၂ ခုနှစ် နိကာယုဇ္ဇောတက ၀ိနယဓရ ဓမ္မာစရိယဘွဲ့ 
၆။ ၁၃၄၅ ခုနှစ် နိကာယုဇ္ဇောတက ၀ိနယကာယ ဓမ္မာစရိယဘွဲ့ 
၇။ ၁၃၄၉ ခုနှစ် နိကာယုဇ္ဇောတက အ၀ိတ္ထ၀ိသာရဒ မူလအာဘိဓမ္မကဘွဲ့ 
၈။ ၁၃၅၃ ခုနှစ် နိကာယုဇ္ဇောတက အတ္ထ၀ိသာရဒ မဇ္ဈိမအာဘိဓမ္မိကဘွဲ့ ( ပြည် တိပိဋကဓရ ဆရာတော်ဘုရားကြီး၏ ထူးချွန်ဆု ရရှိသည်။  )
၉။ ၁၃၅၄၊ နိကာယုဇ္ဇောတက အတ္ထ၀ိသာရဒဥပရိအာဘိဓမ္မကဘွဲ့ ( ခြောက်ထပ်ကြီး ဆရာတော်ဘုရားကြီး၏ ထူးချွန်ဆု ရရှိသည်။ )
၁၀။ ၁၃၅၄ ခုနှစ် နိကာယသုဇ္ဇောတက အတ္ထ၀ိသာရဒအာဘိဓမ္မကဘွဲ့ စသည်တို့ ဖြစ်ကြပေသည်။ 
ဆရာတော်သည် ၁၃၅၄ခုနှစ် တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲ ကြီး၌ ပိဋကတ် သုံးပုံ အာဂုံကို အပြီးအစီး အောင်မြင်တော်မှု သဖြင့် တိပိဋကဓရဘွဲ့ တံဆိပ်တော်၊ အောင်လက်မှတ်တော်နှင့် အရိုးဝါ ကနက္ကဒဏ် ထီးဖြူတော် သုံးလက် တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်တို့အပြင် နောက်ပါတပည့် နှစ်ယောက် နှင့်အတူ ကြည်း၊ ရေ၊ လေ ခရီးသွားလာ ခွင့် အခလွတ် အထက်တန်း လက်မှတ်နှင့် လစဉ် ဆွမ်းဆန်တော်၊ န၀ကမ္မ အလှူတော်ငွေ စသည်တို့ကို ဆက်ကပ် လှူဒါန်းခြင်း ခံတော်မှုရ သဖြင့် မြန်မာနိုင်ငံ၏ ဆဌမမြောက် တိပိဋကဓရ၊ တိပိဋက ကောဝိဒ သာသနာ့ အာဇာနည် ဖြစ်ပေသည်။
 ကျေးဇူးတော်ရှင် မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး၏ တိပိဋကဓရ အသျှင်သူမြတ်များ၊ ပေါ်ထွန်းစေရန် မွန်မြတ်သော ဆန္ဒဖြင့် စတင် တည်ထောင် တော်မူခဲ့သည့် မင်းကွန်းတောင်ရိုး မိုးမိတ် ကုန်းမြေ တိပိဋက နိကာယ ကျောင်း တိုက်ကြီးမှ တိပိဋက ဓရ၊ တိပိဋက ကောဝိဒ၊ တိပိဋဓရ ဓမ္မ ဘဏ္ဍာဂါရိက အသျှင်သူမြတ် အဖြစ်ဖြင့် ပထမဦးဆုံး ပေါ်ထွန်းတော်မူခဲ့သော ဆရာတော်သည် အခြား တိပိဋက လောင်းလျာများ အတုယူ အားကျစေရန် တိပိဋကဓရ တိပိဋက ကောဝိဒဘွဲ့ထူးများကို ပထမဦးဆုံး ဆွတ်ခူးပြလိုက်သည့်အပြင် တိပိဋကဓရ ဘွဲ့ရပြီး သည့်နှစ်မှစ၍ ၆ နှစ်တိုင်တိုင် မိုးမိတ်ကုန်းမြေ၌ သီတင်း သုံးတော်မူကာ မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီးအား ဓမ္မဖြင့် ကျေးဇူးဆပ်သော အားဖြင့် တိပိဋကဓရ လောင်းလျာ အသျှင်သူမြတ်များအား အထက်တန်း ပိဋက စာပေကြီးများ ကို အပင်ပန်းခံ ပို့ချ ပေးခဲ့ပါသည်။ 
ဆရာတော်သည် မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး၏ ခန္ဓာဝန် ချတော်မူပြီးနောက် ဆရာတော်ဘုရားကြီး၏ ကိုယ်ပွား အဖြစ်ဖြင့် တိပိဋက နိကာယ သာသနာပြု ဥပဌာက အဖွဲ့ကြီး၏ စီမံ အုပ်ချုပ်မူ မဟာနာယက ဆရာတော်များအဖွဲ့တွင် ကြီးမား လှသည့် အကျိုးတော်ဆောင်ချုပ် တာဝန်၊ တိပိဋက လောင်းလျာ အသျှင်သူမြတ်များ၏ ပစ္စည်းလေးပါး၊ ပြည့်စုံစေရေး တာဝန်များ ကိုလည်း အားသွန်ခွန်စိုက် ဆောင်ရွက်တော်မူခဲ့ပါသေးသည်။ 
ဆရာတော်သည် ပခုက္ကူ စာချနည်းကို စတင် တီထွင် ပို့ချတော် မူခဲ့သော ရေစကြို ဆရာတော်ကြီး ဦးဂန္တသာရကို မော်ကွန်းထိုး ပူဇော်သည့်အနေဖြင့်လည်းကောင်း၊ ကျေးဇူးတော်ရှင် မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး၏ သာသနာပြုတော်မူ သည့် ထုံးကို နှလုံးမှုကာ အားကျအတုယူသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော် အစိုးရက လှူဒါန်းသော ရန်ကုန်တိုင်း၊ဒဂုံမြို့သစ် အရှေ့ ပိုင်း ကျန်စစ်သားလမ်းမကြီး အနီးရှိ မြေနေရာ၌ မိမိ နည်းတူ ပိဋက တစ်ပုံဆောင်၊ နှစ်ပုံဆောင်၊ သုံးပုံဆောင် အသျှင်သူမြတ် များ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန် ရည်သန်လျက် တိပိဋက မဟာ ဂန္တ၀င် နိကာယ်ကျောင်းတိုက်ကို ဖွင့်လှစ်ကာ ပရိယတ္တိ သာသနာတော် ထွန်းကားအောင် ဆောင်ရွက် ကြိုးပမ်းတော်မူလျက် ရှိပါသည်။ 
ဆရာတော်သည် တိပိဋက မဟာဂန္တ၀င် နိကာယ်စာသင်တိုက်က ၂၀၁၁ မှ ၂၀၁၃ ခုနှစ်၊ သက်တမ်းအတွင်း ပိဋက နှစ်ပုံခွဲအောင် အသျှင် ၅ပါး၊ ပိဋက နှစ်ပုံခွဲဆောင် အသျှင် ၄ပါး၊ ပိဋက နှစ်ပုံအောင် အသျှင် ၅ပါး၊ ပိဋက နှစ်ပုံဆောင် အသျှင် ၅ပါး၊ ပိဋက တစ်ပုံအောင် အသျှင် ၆ပါး၊ ပိဋက တစ်ပုံဆောင် အသျှင် ၂၂ပါး၊ ၀ိနည်း အရှေ့ပိုင်း၊ နှစ်ကျမ်းရေးဖြေ အောင် အသျှင် ၁၄ပါး၊ ၀ိနည်း အရှေ့ပိုင်း နှစ်ကျမ်း အာဂုံဆောင် အသျှင် ၅၀ပါးတို့ ပေါ်ထွန်းလာခဲ့ပြီး ဖြစ်ပါသည်။ 
ယခုအခါ တိပိဋကဓရ လောင်းလျာ ၄၈ပါးတို့ သီတင်း သုံး၊ နေထိုင်လျက် ရှိနေပါသည်။ ထို့ပြင် ပထမပြန် စာမေးပွဲနှင့် ဓမ္မာစရိယ စာမေးပွဲဝင် အသျှင် သူမြတ်များအတွက် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုံ ၃၊ ရွှေဥက္ကံရပ်၌ ဆဌတိပိဋက ရွှေဥက္ကံ ပရိယတ္တိ စာသင်တိုက်ကို ဖွင့်လှစ်ခဲ့ပါသည်။ ယခုအခါ သံဃာတော် အပါး ၇၀ကျော်တို့ သီတင်း သုံးလျက် ရှိနေပါသည်။ 
မန္တလေးမြို့ နန်းရှေ့ ၆၂လမ်း၌ အကျင့် သိက္ခာ မြင့်မားပြီး အခြေခံ ပရိယတ္တိ စာပေနှင့် ပြည့်စုံသော ရှင်သာမဏေ အကျော်အမော် များ ပေါ်ထွန်းစေရန် ရည်သန်၍ တိပိဋကသန္တာဝါသ စာသင် တိုက်ကို တည်ထောင် ဖွင့်လှစ်ကာ သာသနာပြု ကုသိုလ်ကို ရယူလျက် ရှိပါသည်။ 
ယခုအခါ ရှင်သာမဏေ အပါး ၁၀၀ ကျော် သီတင်းသုံးလျက် ရှိနေပါသည်။ ဆရာတော်သည် ရှင်၊ လူအများ ဓမ္မအသိ ရရှိကြ၍ ငြိမ်းချမ်းမူ ချမ်းသာ ခံစားနိုင်ကြစေရန် ရည်သန်လျက် မြို့ရွာ ဒေသအနှံသို့ ကြွချီကာ ဓမ္မဒေသနာ တရားတော်များကို ဟောကြားတော် မူလျက် ရှိသည့်အပြင် 
၁။ ရဲဝံ့ကြိုးပမ်း အောင်ဆု လှမ်း 
၂။ လူတို့ဘ၀ သုခ လေးဖြာ 
၃။ လူ့သဘော ( မြန်မာ၊ အင်္ဂလိပ် ) 
၎။ သာသနာ့ သူရဲကောင်းတို့ နှလုံး သွင်း 
၅။ လူ့စွမ်းအား 
၆။ သောက ကင်းဝေး ချမ်းသာစွာ နေနိုင်ရေး 
၇။ အမြတ်ဆုံးကို ရှာဖွေခြင်း 
၈။ မေတ္တသုတ်တော် လင်္ကာနှင့် စကားပြေအဖွင့် ( မြန်မာ၊ အင်္ဂလိပ် ) 
၉။ ဗုဒ္ဓဂယာ ဘုရားဖူးများသို့ 
၁၀။ မြေစာကြားမှ ရတနာ 
၁၁။ ဗုဒ္ဓမြတ်စွာ၏ နည်းသမုဒ္ဒရာ (ပဌာန်း) ( မြန်မာ၊ အင်္ဂလိပ် ) 
 ၁၂။ မဂ်ဥာဏ် ဘက်တော်သားများ 
၁၃။ အဘိဓမ္မာ သဂြိုဟ် မြန်မာပြန် လင်္ကာ 
၁၄။ အနာထပိဏ် သူဌေး မှာတမ်း 
၁၅။ လက်နှစ်ဖက် တရားတော် 
၁၆။ မွေးမေအတွက် အမြိုက်ရေ တရားတော် 
၁၇။ နုပျိုကျန်းမာ သက်ရှည်ပါ ၁၈။ နောင်တတရားဆယ်ပါးနှင့် နောင်အစဉ်လှရမည့် တရားဆယ်ပါး ၁၉။ အဝေးလေးဖြာနှင့် အနီးကပ်ဆုံးအရာ စသော ဟောစဉ် ကျမ်းများကို ရေးသား ပြုစု ထုတ်ဝေတော်မူ ခဲ့ပါသည်။ ပြည်ပ ဓမ္မဒေသနာခရီးစဉ်အဖြစ်ဖြင့် အိန္ဒိယ၊ နီပေါ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ အမေရိကန်၊ ဂျပန်၊ သြစတြေးလျနိုင်ငံများသို့ ကြွချီ၍ မြတ်ဗုဒ္ဓ၏ ဓမ္မ ဒေသနာတော်များကို ဟောကြားမူခဲ့ပါသည်။ 

ယခု ၂၀၁၄ ခုနှစ် ဧပြီ ၅ ရက် စနေနေ့တွင် ဗုဒ္ဓ သာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား) ၏ ပင့်ဖိတ်ချက်အရ ကိုရီးယားပြည်သူ့ သမတ နိုင်ငံတော်သို့ ကြွရောက်ပြီး ကိုရီးယားတွင် သာသနာပြုနေကြသည့် မြန်မာ့ ထေရ၀ါဒ ဆရာတော်များနှင့် အလုပ် လုပ်ကိုင် နေကြသည့် မြန်မာ တိုင်းရင်းသား အလုပ်သမားများနှင့် တွေ့ဆုံ၍ တရား ဓမ္မများ ချီးမြှင့် တော်မူပါသည်။ 
ဝိမုတ္တိဉာဏ် ရင့်သန်ရန်နှင့် အလှူဒါန အကျိုးကြီးမားအောင် ဘယ်လို လုပ်ကြမလဲ ဟောစဉ် ကျမ်းစာတို့ကို ပြုစုဆဲဖြစ်ပါသည်။ တိပိဋကဓရ လောင်းလျာ စာသင်သားများ နှင့် ၀ိနည်း ဥပဒေကို လေ့လာလိုသူများအတွက် ပါရာဇိကဏ် ပါဠိတော်၊ အဋ္ဌကထာ ဋီကာ၊ ပါစိတ်ပါဠိတော်၊ အဌကထာ ဋီကာ ပို့ချစဉ် ကျမ်းများကိုလည်း ရေးသားပြုစုဆဲ ဖြစ်ပါသည်။ 

၁၃၆၀ခုနှစ် ၁၉၉၉ ခုနှစ်၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက အဂ္ဂမဟာ ပဏ္ဍိတဘွဲ့ တံဆိပ်တော်မြတ်ကို လည်းကောင်း၊ ၁၃၆၂ ခုနှစ် ပြာသိုလဆန်း ၁၃ ရက်၊ (၂၀၀၁ခုနှစ် ဇန်န၀ါရီ ၄ ) တွင် သင်ရိုး ပိဋက သုံးပုံကို နုတ်ငုံဆောင်စွမ်းနိုင်သော တိပိဋကဓရဂုဏ် ပိဋကတ် သုံးပုံ၏ ခက်ရာခက်ဆစ် သဘော အဓိပ္ပါယ်တို့ကို ဖြေစွမ်းနိုင်သော တိပိဋက ကောဝိဒ ဂုဏ်တို့နှင့် ပြည့်စုံတော်မူသဖြင့် ပရိယတ္တိ သာသနာရေး လောက၌ အမြင့်ဆုံးဖြစ်သော တိပိဋက ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော် တို့ကို ဆက်ကပ် ပူဇော်ခဲ့ပါသည်။ 

ဗုဒ္ဓသာသနာပြန့်ပွားရေးအဖွဲ့ (ကိုရီးယား)
၂၀၁၄ ခုနှစ် ဧပြီ ၁ ရက် အင်္ဂါနေ့ 

No comments: