Thursday, April 17, 2014

ရွှေ့ပြောင်းအလုပ်သမားများ ပြည်တော်ပြန်မှပေးမယ့် ထွဲဂျိဂွန်ဥပဒေသစ်နဲ့ ပတ်သက်ပြီး အမေးအဖြေ

ရေးသားသူ — စိုးမိုးသူ

၁။ ရွှေ့ပြောင်းအလုပ်သမားတွေကို ထွဲဂျိဂွန်ပေးတဲ့ ဥပဒေ ဘယ်လို ပြောင်းသွားပါသလဲ?
- ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၃၀ရက်နေ့မှာ ဥပဒေပြောင်းပါတယ်။ ဥပဒေအရ တနှစ်အထက် လုပ်ခဲ့တဲ့ အလုပ်ကနေ အလုပ်ထွက်တဲ့အခါ ထွဲဂျိဂွန်အဖြစ် ရတဲ့ ပြည်ပြန်အာမခံကြေးကို ၃နှစ်(အများဆုံး ၄နှစ်၁၀လ)အထိ ဆမ်းဆောင်မီးအာမခံဌာနမှ ထည့်ထားရမည်ဖြစ်ပြီး ကိုရီးယားက ပြန်တော့မှ လက်ခံရယူနိုင်မယ်လို့ ဆိုပါတယ်။

၂။ကိုရီးယားက ပြန်တော့မှ ထွဲဂျိဂွန်ကို ရမယ်ဆိုတဲ့ သဘောလား?
-  လူဝင်မှုကြီးကြပ်ရေး ပြည်ထွက်စစ်ဆေးရေးဂိတ်ကို ဖြတ်ပြီးနောက် လေယာဉ်စီးဖို့ စောင့်ရမယ့်နေရာမှာ ထွဲဂျိဂွန်ကို လက်ခံရယူနိုင်မှာဖြစ်သလို၊ မိမိတိုင်းပြည်ကို ပြန်သွားပြီး ကိုယ်ပိုင်ဘဏ်အကောင့်ဖြင့်လည်း လက်ခံရယူနိုင်ပါတယ်။

၃။ ကိုရီးယားမှာ အလုပ်လုပ်စဉ် အလုပ်ရုံပြောင်းတဲ့အခါမျိုး ကျရင်ကော?
- အလုပ်ရုံပြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအနေနဲ့ အလုပ်ရှင်က လစဉ် ပေးသွင်းပေးနေတဲ့ ဆမ်းဆောင်းက ပြည်ပြန်အာမခံကြေးကို ယူလို့မရပါ။ကိုရီးယားကနေ ပြန်တော့မှသာ ယူလို့ရပါမယ်။

၎။ ဒါဆို ဒီဥပဒေဟာ ကိုရီးယားနိုင်ငံရဲ့ အခြေခံအလုပ်သမားဥပဒေနဲ့ ညီညွတ်ပါသလား?
- လုံးဝ မညီညွတ်ပါဘူး။ ဒီ ဥပဒေဟာ ကိုရီးယားရဲ့ အခြေခံအလုပ်သမားဥပဒေ ပုဒ်မ ၃၆ပါ ထွဲဂျိဂွန်ကို အလုပ်ထွက်ပြီး ၁၄ရက်အတွင်း ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ဆန့်ကျင်ထားပါတယ်။

၅။ ရွှေ့ပြောင်းအလုပ်သမားတွေကိုပဲ ဒီလို ဥပဒေသတ်မှတ်တာ မတရားဘူးလို့မြင်ပါတယ်။ဒါဟာ ခွဲခြားမှုဖြစ်ပါသလား?
- မှန်ပါတယ်။ လုပ်သက် ၁နှစ်အထက် ရှိသူတိုင်း အလုပ်သမားဥပဒေအရ ထွဲဂျိဂွန်ကို တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ဒီဥပဒေသစ်ကတော့ ဒီအခွင့်အရေးကို ပိတ်ပင်ထားပါတယ်။ ပြီးတော့ ဒါဟာ အီးနိုင်း ရွှေ့ပြောင်းအလုပ်သမားတွေကိုသာ သီးသန့်သတ်မှတ်ထားတာမို့ ခွဲခြားမှုပဲဖြစ်ပါတယ်။

၆။ ပြည်ပြန်အာမခံကြေးဟာ အမြဲပဲ ထွဲဂျိဂွန်ထက် နည်းလေ့ရှိပါတယ်။ ဥပဒေပြောင်းရင် ခြားနားငွေကို ဘယ်လိုတောင်းယူရမလဲ?
- ထွဲဂျိဂွန် ခြားနားငွေကို အရင်လိုပဲ အလုပ်ရှင်ကနေ တောင်းယူရပါမယ်။ လုပ်သက်၁နှစ်ပြည့်လို့ အလုပ်ကထွက်ရင် ရမည့် ထွဲဂျိဂွန်ထဲက ဆမ်းဆောင်းက အာမခံကြေးကိုတော့ တိုင်းပြည်က ပြန်မှ ရမှာဖြစ်ပြီး၊ ခြားနားငွေကိုတော့ အလုပ်ရှင်ဆီကနေ အခုလိုပဲ ပေးဖို့ တောင်းယူရပါမယ်။

၇။ အကယ်၍ ကိုရီးယားက ပြန်တဲ့အထိ အလုပ်ရှင်က ထွဲဂျိဂွန်ခြားနားငွေကို မပေးတဲ့အခါ ဘယ်လိုလုပ်ရမလဲ?
- ပြန်တဲ့အချိန်အထိ အလုပ်ရှင်ဆီကို ငွေပေးဖို့ ဆက်တောင်းနေရပါမယ်။လေယာဉ်စီးရမယ့် အချိန်ထိ ငွေမရသေးဘူးဆိုရင်တော့ ရွေးခြယ်စရာကတော့
-တိုင်းပြည်ပြန်ပြီး အလုပ်ရှင်ဆီကနေ ငွေဆက်တောင်းခံမလား
-လေယာဉ် မစီးပဲနေမလား
-ငွေယူဖို့ လက်လျော့ပြီးပြန်မလား ပဲရှိပါတယ်။

၈။ တခါတလေ ဆမ်းဆောင်းမီးအာမခံဘက်က မှားယွင်းမှုကြောင့် လေယာဉ်စီးရမယ့်အချိန်အထိ ငွေဝင်မလာသေးတာမျိုးရှိသလို ကာယကံရှင်ရဲ့ ဘဏ်အကောင့်မဟုတ် သူများဘဏ်အကောင့်ထဲ ထည့်ပေးလိုက်တာမျိုးတွေလည်း ရှိပါတယ်။အဲ့ဒီ အခါမျိုး ဘယ်လိုလုပ်မလဲ?
- မိမိအမှားမဟုတ်ပေမယ့်လည်း ဒီလို ကိစ္စမျိုးဖြစ်လာတဲ့အခါ လေယာဉ်မစီးမီ ဖြေရှင်းနိုင်တဲ့ ပြသနာမျိုး၊ ငွေပြောင်းထည့်ပေးနိုင်တဲ့ အနေအထားမျိုး မဟုတ်တာမို့ ပြသနာက ပိုမို ရှုပ်ထွေးလာစေပါတယ်။ တကယ့်ဖြစ်ရပ်ရှိခဲ့ပါတယ်။ မွန်ဂိုအလုပ်သမားက ပေးတဲ့ ဘဏ်အကောင့်ကို မပို့ပေးပဲ တခြားလူ ဘဏ်အကောင့်ထဲ မှားထည့်ပေးခဲ့တာမို့ ဒါကို ပြန်ထည့်ပေးဖို့တောင်းဆိုတဲ့အခါ မွန်ဂိုအလုပ်သမားထံမှ အထောက်အထားစာရွက်တွေ တပြုံချည်းတောင်းခဲ့တာမို့ တော်တော် စိတ်ရှုပ်စရာကောင်းစွာ ဖြေရှင်းခဲ့ပေးဖူးပါတယ်။ဘာသာစကား မကျွမ်းကျင်တဲ့ ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ ဒီလိုကိစ္စမျိုးကို လက်ရှိမှာ စင်တာတွေ အကူအညီဖြင့် ဖြေရှင်းနိုင်ပေမယ့် လေဆိပ်ထဲမှာတော့ မိမိဖာသာဖြေရှင်းဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စပါ။
ဒါဟာ ဆမ်းဆောင်းဘက်ကမှားတာမို့ ဆမ်းဆောင်းက တာဝန်ယူဖြေရှင်းပေးရပါမယ်။ဒါပေမယ့် ဒီလို အချိန်မျိုးမှာလည်း ရွှေ့ပြောင်းအလုပ်သမားအနေနဲ့ ရွေးခြယ်စရာက ပြည်တော်ပြန်ပြီးနောက် ဆမ်းဆောင်းဘက်ကို ဖြေရှင်းပေးဖို့တောင်းဆိုမလား၊ လေယာဉ်စီးဖို့ လက်လျော့မလား၊ဒါမှမဟုတ် ငွေတောင်းဖို့ လက်လျော့မလားပါပဲ။

၉။ ကျနော်တို့ နိုင်ငံက ကိုရီးယားနဲ့မတူတာမို့ ဘဏ်တွေကနေ ငွေထုတ်ဖို့သွားတဲ့အခါ စနစ်တွေကရှုပ်၊ ၀န်ဆောင်မှုက နှေး၊ ၀န်ဆောင်ခက ဈေးကြီးပြီး ဘဏ်ကလည်း ဝေးတော့ မြို့ထဲထိသွားရတာမို့ ကားခလည်း အများကြီးကုန်ကျပါတယ်။ ဒီလို နစ်နာမှုတွေ အဆင်မပြေမှုတွေ များတာမို့ ဒါတွေကို ဖြေရှင်းပေးမယ့် နည်းလမ်းမရှိဘူးလား?
- ဒီ ဥပဒေသစ်ဟာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နိုင်ငံတွေက ဘဏ်စနစ်တွေဟာ ကိုရီးယားနဲ့ မတူဘူးဆိုတာတွေကို စဉ်းစားပြီး ရေးဆွဲထားတာမဟုတ်ပါ။ဒါကြောင့် မိမိတိုင်းပြည်ဘက်က ပြသနာကို မိမိဖာသာ ဖြေရှင်းဖို့ကလွဲပြီး အခြားနည်းမရှိပါ။

 ၁၀။ ပြည်ပြန်အာမခံကြေးမို့လို့ ပြည်ပြန်မှ ရမယ်ဆိုပြီးပြောနေသူရှိပါတယ်။မှန်ပါသလား?
- အမည်ကြောင့်ေ၀၀ါးတတ်ပါတယ်။ဒါပေမယ့် အဲ့ဒါမမှန်ပါ။ ဒီ စနစ်ဟာ ကိုရီးယားမှာ ထွဲဂျိဂွန်မရကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ များတာကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ ထွဲဂျိဂွန်ရရှိစေဖို့အတွက် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် အီးပီအက်စ်စနစ် ကျင့်သုံးလာခဲ့တဲ့ ၁၀နှစ်သက်တန်းမှာ အလုပ်ပြောင်းတဲ့အခါတိုင်း ထွဲဂျိဂွန်အဖြစ်ဖြင့် လက်ခံရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီ အာမခံစနစ်ဟာ ထွဲဂျိဂွန်ကို ပေးဖို့အတွက် ရည်ရွယ်ပြုလုပ်ထားတဲ့ စနစ်ဖြစ်ပါတယ်။

No comments: