Tuesday, June 3, 2014

ရွေးချယ်ခွင့်

ရေးသားသူ — ခန့်နေသူတိုး




ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း ညီအကိုမောင်နှမတွေ အများဆုံး ဝင်ရောက် အသုံးပြုနေကြတဲ့ လူမှုကွန်ယက် တစ်ခုဖြစ်တဲ့ ဟန်းဂုရွာ စာမျက်နှာပေါ်မှာ အခုတလော လူကြီးလူငယ် အရွယ်ရွယ်တို့ တွေးကြ ၊ ရေးကြ ၊ ဆွေးနွေး နေကြသမျှ အကြောင်းအရာ အမျိုးမျိုးတွေထဲက မြန်မာနိုင်ငံမှာ သံဃာတော်တစ်ချို့နဲ့ တပည့်ဒါယကာ ပြည်သူအချို့တို့ ဥပဒေတစ်ရပ်အဖြစ် ဖြစ်ထွန်းပေါ်ပေါက်လာဖို့ လှုပ်ရှား ကြိုးပမ်းနေတဲ့ မျိုးစောင့်ဥပဒေ ဆိုတာနဲ့ ပါတ်သက်လို့ သေချာ ပြန်လည်လေ့လာ သုံးသပ်ကြည့်ရမယ် ဆိုရင် … ။

မျိုးစောင့်ဥပဒေဆိုတာ ဘာသာခြား အိမ်ထောင်ဖက် ဖြစ်သူရဲ့ ပိုင်ဆိုင်မှု ဥစ္စာပစ္စည်းအပေါ် ရလိုမှုနဲ့ အခြေခံထားတဲ့ ဥပဒေများ ဖြစ်နေမလားလို့ပဲ ကောက်ချက်ချမိပါတယ်။ ဘာကြောင့် ဒီလို ကောက်ချချမိသလဲ ဆက်လက်ရှင်းလင်း တင်ပြပါမယ်။ ဗုဒ္ဓဘာသာဝင် သူတော်စင် တစ်ယောက်နဲ့ မွတ်စ်ဘာသာဝင် (အချို့လူတွေ အဆိုအရ အကြမ်းဖက်ဘာသာဝင် ) တစ်ယောက်တို့ လက်ထပ်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင် စည်းကမ်းအရရယ် .. မြန်မာနိုင်ငံ တော်ဆိုင်ရာ အက်ဥပဒေအရရယ် ဆိုရင်တော့ လက်ရှိအနေအထားအရ ဘာသာမတူသူချင်း လက်ထပ်လို့ရပေမယ့် မွတ်စ်ဥပဒေ ( အချို့ဘာသာဝင်တွေ အဆိုအရ မိစ္ဆာအယူဥပဒေ ) အရတော့ ဘာသာတူသူမှ လက်ထပ်လို့ရမှာ ဖြစ်ပါတယ် ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင် သူတော်ကောင်းတွေက မွတ်စ်ကို ပြောင်းချင်ပြောင်း .. ဒါမှမဟုတ် မွတ်စ်က ဗုဒ္ဓဘာသာကို ပြောင်းရပါတယ် .. ။

ဒီလိုပဲ ယခင်ကလည်း ဟိုဘက်ဘာသာဝင် ဒီဖက်ဘာသာဝင်တွေ အင်းစိန်နဲ့ ဆူးလေကို ပြေးဆွဲတဲ့ လိုင်းကားတွေလိုပဲ ဟိုဖက်က ဒီဖက်ကို ဒီဖက်က ဟိုဖက်ကို “အင်းစိန်သွားမယ် .. အင်းစိန်သွားမယ် .. ဆူးလေသွားမယ် ဆူးလေသွားမယ်” ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောင်းခဲ့ကြပါတယ်။ အဲ . ဒါပေမယ့် အဲလို ပြောင်းခဲ့ကြသူ တွေထဲမှာ ဒီလို လိုင်းကားတွေ ပြေးဆွဲသလိုမျိုး ပေါ့ပျက်ပျက်ပုံစံမျိုး ၊ ပုဂ္ဂလိကအရေးတွေကြောင့် မဟုတ်ပဲ တကယ့်ကို စစ်မှန်တဲ့ ဘာသာတရားဆိုင်ရာ ယုံကြည်ချက်ကြောင့် ဗုဒ္ဓဘာသာထဲကနေ မွတ်စ်ထဲကို ပြောင်းသွားသူ တွေလည်း ရှိနိုင်သလို မွတ်စ်ကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းလာကြတာတွေလည်း ရှိခဲ့ကြပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် ဗုဒ္ဓဘာသာတရားဆိုင်ရာ အယူအဆစာပေ လက်ရာမွန်တွေကို မပြတ် ရေးထုတ် ဟောကြားပေး နေတဲ့ ဆရာတော် ဦးဇောတိကတို့ .. ဟိုး .. ရှမ်းပြည်နယ် အင်းလေးနားက မထင်မရှား ဘုန်းတော်ကြီးကျောင်းလေးမှာ အေးဆေးငြိမ်သက်စွာ တရားအားထုတ်ရင်း ပျံလွန်တော်မူသွားတဲ့ “ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ် ဆည်းကပ်လာ သူ တစ်ယောက်အကြောင်း” ဆိုတဲ့ ကျမ်းစာတမ်းကြီး အပါအဝင် စာပေများစွာကို ပြုစုရေးသားခဲ့တဲ့ (ဘွဲ့အမည်မမှတ်မိပါ) လူအမည် ဦးဆန်းလွင်တို့တွေဟာ မွတ်စ်ဘာသာကနေ ကူးပြောင်းလာကြတဲ့ နာမည် ကျော်ကြားတဲ့ အထင်ကရတွေ ဖြစ်ကြပါတယ်။

ဟုတ်ပြီ .. အိမ်ထောင်ပြုခြင်းဆိုင်ရာ ဥပဒေလုပ်ထုံးတွေကို ပြန်ဆက်ပါမယ်။ ဒီလိုမျိုး မွတ်စ်နဲ့ လက်ထပ်မယ်ဆိုရင် လုပ်ကိုင်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် အကြောင်း အကြမ်းမျဉ်းကို သိထားပြီဆိုရင် မြန်မာအမျိုးသမီးတွေ ၊ မြန်မာ အမျိုးသားတွေ အပူမရှာကြပဲ ကိုယ့်မြန်မာ အချင်းချင်းကိုပဲ ယူပေါ့။ ဒါက တစ်အချက် ။ ဟုတ်ပြီ ဘာသာခြားက ကိုယ့်အမျိုးသားထက် ပိုပြီး စွဲမက်စရာကောင်းလို့ .. (ရုပ်ရည်အရ ချောမောလှပလို့ပဲ ဖြစ်ဖြစ် ၊ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေပါလို့ အသဲယားသွားလို့ပဲဖြစ်ဖြစ် ၊ လိင်ပိုင်းဆိုင်ရာ စွဲဆောင်မှုအရပဲ ဖြစ်ဖြစ် ၊ စီးပွားရေးအရပဲ ဖြစ်ဖြစ် .. အစရှိသဖြင့် ) ချစ်မိကြိုက်မိပြီ ဆိုရင်လည်း .. မူလကျီ မာလကျီ လုပ်မနေပဲ သူ့ဘာသာထဲ ဝင်လိုက်ပေါ့ ။ ဒါမှမဟုတ်လို့ ကိုယ်က စွမ်းဆောင်နိုင်ရင်လည်း ကိုယ့်ဘာသာထဲ ဝင်လာအောင် စည်းရုံးယူပေါ့။ ဒါက နှစ်အချက် ။ ကဲ သုံးအချက်ကတော့ ကိုယ်ကလည်း သူ့ဘာသာထဲ မဝင်နိုင်ဘူး .. သူ့ကိုလည်း ကိုယ့်ဘာသာထဲ ဝင်လာအောင် မစည်းရုံးနိင်ဘူး .. ဒါပေမယ့် အသဲပေါက်မတတ် တုန်နေအောင်လည်း ချစ်နေတယ် .. ဆိုရင်တော့ .. ဘာ တရားဝင် လက်ထပ်တာတွေ ဘာတွေ ညာတွေ လုပ်မနေနဲ့ .. ခိုးစားကြပေါ့။ အာဒန်နဲ့ ဧဝတို့လည်း တရားရုံးတက်ပြီး လက်ထပ်ကြတာမှ မဟုတ်တာ .. ဒီလိုပဲ မျက်နှာပြောင်တိုက်ပြီး လက်မထပ်ပဲ အတူနေခဲ့ကြတာပဲ .. သမ္မာကျမ်းစာထဲမှာ အကုန်ပါတယ် ။ ကဲ .. ဒီလိုမျိုးတော့ ကျနော် ကျမတို့က ရှက်တယ် .. လက်မထပ်ပဲတော့ အတူ မနေနိုင်ဘူး .. ယဉ်ကျေးမှုက ရှိသေးတယ် ဆိုရင်လည်း .. ကိုယ့်ကိုမှ မချစ်လို့ ကိုယ့်ဖက် မပါတဲ့လူ .. သံယောဇဉ်ကို ဖြတ်ပြစ်လိုက်ပေါ့။ ဘာလဲ .. သူ့ ပိုင်ဆိုင်မှုတွေ ပြီးတော့ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေကို မက်နေသေးလို့လား ။

လက်ရှိ ဖေ့စ်ဘွတ်စစ်တမ်းတွေအရ ကြည့်မယ်ဆိုရင် ဘာသာခြား (မွတ်စ်) တွေနဲ့ အိမ်ထောက်ကျပြီး ပြသနာတွေ ဖြစ်ကြလို့ (ရုံးရောက် ဂတ်ရောက် မဟုတ်) ဘုန်းကြီးကျောင်း ရောက်ကြရတဲ့ မြန်မာအမျိုးသမီးတွေကို ကြည့်လိုက်ရင် အားလုံးလိုလိုဟာ ဘဝတွေက ပေစုတ်စုတ်ရယ်ပါ။ ပေစုတ်စုတ်ဆိုတာ တမင်နှိမ့်ချပြီး ပြောတာ မဟုတ်ပါ။ အခြေခံအားဖြင့် ဆင်းရဲကြရှာတယ် .. ပညာမတတ်ကြပါဘူး။ လောကမှာ ဆင်းရဲတိုင်း ပညာမတတ်တိုင်း ပေစုတ်စုတ် မဖြစ်ကြသေးပါဘူး .. သူတို့လေးတွေရဲ့ ပြသနာက ဆင်းရဲခြင်းနဲ့ ပညာမတတ်ခြင်းမှာ အတွေးအခေါ် နဲပါးမှုပါ ပေါင်းထည့် ခံလိုက်ရလို့ ဘဝတွေက ပေစုတ်စုတ်ဖြစ်သွားရတာပါ။ မန္တလေး မစိုးရိမ်ကျောင်းတိုက် တိုက်သစ် ဆရာတော်ဘုရားကြီး သံဃာတော် အရှင်သူမြတ် ဦးဝီရသူ ကိုယ်တော်တိုင် ကြီးမှုးပြီး စစ်တမ်း ကောက်ယူတော် မူထားတဲ့ မွတ်စ်ဘာသာဝင်နဲ့ အိမ်ထောင်ပြုပြီးနောက် အမျိုးမျိုးသော နှိပ်စက်မှု ပြသနာများကို ကြုံတွေ့ခဲ့ကြရတဲ့ မြန်မာမိန်းမလေးများတို့ရဲ့ ဗွီဒီယိုဖိုင်များကို လေ့လာကြည့်မိပါတယ်။

ဆရာတော်ဘုရားကြီး ဦးဝီရသူက မေးတော်မူပြီး အဆိုပါ မိန်းမလေးတွေက ဖြေကြားကြတဲ့ အခါမှာ .. ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတစ်ယောက်က ဒီလောက် ကြီးမြတ်တော်မူလှတဲ့ သံဃာတော်အရှင်သူမြတ်ကြီးကို .. ကိုယ့်ကိုယ်ကို “တပည့်တော်မက” လို့ မပြောပဲ .. “ကျမ” တဲ့ ၊ “သာမီး” တဲ့ .. ဘေးက ဆရာတော်ဘုရားကြီးရဲ့ လက်ထောက် အခြားသံဃာတော်အရှင်သူမြတ် တစ်ပါးက ဝင်ထောက်ရတယ် .. ဟဲ့ တပည့်တော်မလို့ ပြောလေ .. တဲ့ ။ ဒီမိန်းမလေး ဗုဒ္ဓဘာသာဝင်ဆိုတာကို ကျနော်တော့ ဘယ်လို ဥာဏ်အဆင့်နဲ့ ယုံကြည်ပေးရမှန်းတောင် မသိတော့ပါ။ ပြီးတော့ မိန်းမလေးက ပြောပါတယ် .. “သာမီးက ဆယ်တန်းတက်တယ် .. ညနေဖက်ကျ ကျုရှင်သွားတော့ . . အဲဒီ ကုလား အောင်သိန်းလင်းက (ရန်ကုန်မြို့တော်ဝန်ဟောင်း မဟုတ်ပါ .. အမည်တူတာပါ) သာမီးကို လိုက်စကား ပြောတယ် .. နောက်တော့ တစ်ရက်ကျတော့ ငှက်ပျောတောထဲ ခေါ်သွားတယ် .. သာမီးလည်း ပါသွားတယ် .. “ဟဲ့ .. နင်က မအော်ဘူးလား” ကျနော်လည်း မနေနိုင်ပဲ ဗွီဒီယိုဖိုင်ကို ကြည့်နေရင်းက အသံထွက်ပြီး မေးမိတယ် .. အံမယ် သာမီးက ကျနော်ဖက်လှည့်ပြီး မျက်စောင်းတစ်ချက် ထိုးရင်း ပြန်ဖြေတယ် .. “အော်မယ်လည်း လုပ်ရော.. ကောင်းနေပြီကော အကိုရယ်” တဲ့ ။

အဲလို အဖြစ်တွေနဲ့ မိန်းမလေးတွေဟာ ဘာသာခြား မွတ်စ်တွေနဲ့ ညားကြတယ်လို့ ဆိုပါတယ် ။ ဟုတ်မဟုတ်တော့ မသိပါ ။ အားလုံးဟာ သူတို့ မှားခဲ့တယ် မိုက်ခဲ့တယ် .. အနိုင်ကျင့် ခံရတယ်လို့ ပြောပါတယ်။ ဘုရားပုံတော်တွေကို ခြေထောက်နဲ့ နင်းခိုင်းတယ် ။ မနင်းရင် ပါးကို ရိုက်တယ် ။ သူတို့ ဘာသာထဲကို အတင်းဝင်ခိုင်းတယ် ။ သက်သေ ဓါတ်ပုံတို့ ဗွီဒီယိုတို့ မရှိတော့ ကျနော်အနေနဲ့တော့ နဲနဲ တွေးရခက်တယ် ။ ဘာလို့ အဲလို အလုပ်ခံရတာကို ရဲသားကြီး ကိုလှရွှေကို သွားမပြောကြတာလဲ ဆိုတာကလည်း မြန်မာနိုင်ငံတော် ပြည်သူ့ရဲ့တပ်ဖွဲ့နဲ့ ဘာသာခြားတို့ရဲ့ အနိုင်ကျင့် အနှိပ်စက်ခံ မြန်မာမိန်းမလေးတို့ရဲ့ ကြားက ယခုတိုင် ဖြေရှင်းလို့ မရနိုင်တဲ့ ဘာမြူဒါ ထရိုင်အန်ဂဲယ် (TRI ANGLE) စမူဆာ ပြသနာပါပဲ ။ ဒါပေမယ့် ဒီလို သက်သေလည်းမရှိပဲ ၊ အများကို ချပြတော့မယ် .. ဖေ့စ်ဘွတ်ပေါ် တင်မယ်ဆိုရင်လည်း သက်သေ ခိုင်လုံမှုရှိအောင် .. တကယ်ဟုတ် မဟုတ်ကို ရဲသားကြီး ကိုလှရွှေတို့နဲ့ အတူပူးပေါင်း အကွက်ဆင် ဖမ်းဆီး အရေးယူခြင်းမျိုး မရှိပဲ .. ဥာဏ်ပညာ ကြီးမြတ်တော် မူလှသော .. မစိုးရိမ်တိုက်သစ် ဆရာတော်ဘုရားကြီး ဦးဝီရသူ သံဃာတော် အရှင်သူမြတ်က လွယ်ကူစွာပဲ ယုံကြည်လက်ခံလိုက်ပြီး ဖေ့စ်ဘွတ်ပေါ် တင်ကာ ဒီလို အဖြစ်တွေ နောင်မဖြစ်ရစေဖို့ .. ကိုယ့်မြန်မာ မိန်းမလေးများကို အမျိုးစောင့် ဥပဒေနဲ့ ပြဌါန်းကာကွယ်ကြဖို့ တိုက်တွန်းလိုက်ပါတော့တယ် ။ အဲလိုနဲ့ အများပြည်သူကလည်း အံတကြိတ်ကြိတ်နဲ့ ၊ မွတ်စ် မုန်းတီးရေး ဝါဒတွေ ပျံ့နှံ့ကာ ( မွတ်စ်ဘာသာဝင် မဟုတ်သော အခြား အသားမဲ လူမျိုးခြားများတောင် အပြင်မထွက်ရဲ့တဲ့ အထိ) ယုံကြည် ထောက်ခံကြပါတော့တယ်။

ကျနော်လည်း အများပြည်သူနဲ့ အတူ လိုက်ထောက်ခံချင်တာနဲ့ ဆရာတော်ဘုရားကြီး တိုက်တွန်းတော်မူထားတဲ့ တရားတော် ဟောကြားခွေများကို လိုက်လံရှာဖွေ နာယူခဲ့မိပါတော့တယ်။ ဆရာတော်ဘုရားကြီး ဦးဝီရသူ သံဃာအရှင်သူမြတ်က မျက်လုံးတော်များကို အတင်း မှိတ်တော်မူရင်း .. ပါးစပ်တော်များကိုလည်း မဲ့တော် ရွဲ့တော်မူကာ တစ်မျိုး .. ဦးခေါင်းတော်များကိုလည်း စောင်းတော်မူ၍ တစ်ဖုံ .. ဈာန်သမ္မာပါ့ဒ် ဝင်စားကာ တစ်သွယ် .. ဟောကြားတော် မူခဲ့သည့် မွတ်စ်ဆန့်ကျင်ရေး တရားများ .. “တပည့်တော်က အချက်ပေးလိုက်ရင် အရှင်ဘုရားတို့ ထွက်လာကြတော့” ဟူသည့် .. အခြားသံဃာတော် အရှင်သူမြတ်များကို တောင်းပန်လျှောက်ထားချက်များ .. ခရိုနီထောက်ခံရေး တရားများ .. အစရှိသည့် တရားတော်များကို အခေါက်ခေါက် အခါခါ နာယူခဲ့သော်လည်း မိမိသည် ဥာဏ်နဲ၍လားမသိ .. ဝိပသနာ တရားတော်များထက် ခက်ခဲနက်နဲပုံရသော ဆရာတော်ဘုရားကြီး၏ အဆိုပါ တရားတော်များကို မည်သို့မျှကို နားမလည်နိုင်ခဲ့။ ဒါကြောင့် ကိုယ်လည်း ကိုယ်နားလည်နိုင်သည့်ဖက်က စဉ်းစားအဖြေရှာတော့သည်။

ဘုရားပုံတော်တွေကို နင်းခိုင်းတယ် ။ ဘာသာထဲ မဝင်ချင်တာကို အတင်းဝင်ခိုင်းတယ် ။ ဒါဆို ပြန်လာခဲ့ပေါ့ ။ ဘာလို့ ပြန်မလာနိုင်သလဲ ။ ပြန်လာပြီးတော့ရော .. ဘာတွေ ကိုကိုမုတ်ဆိတ် အကြောင်းကို စမြုံ့ပြန်ချင်နေသေးသလဲ ။ မကောင်းတာကို သိပြီ .. ပြတ်ပြီပေါ့ ။ အိမ်ထောင်ဖက်ရဲ့ ပိုင်ဆိုင်မှုကို ဘာတွေ လိုချင်နေသေးသလဲ ။ အားလုံးကို ငှက်ပျောတောထဲမှာ ထားခဲ့လိုက် ။ မာန မရှိဘူးလား။ ဆင်းရဲရင် ငှက်ပျောသီးနဲ့ ဆားနဲ့ တို့စားလိုက် .. အဲလောက်ကို မက်မနေနဲ့ ။ ပြီးတော့ ဒီလို မိုက်လို့ မှားလို့ ဖြစ်ကြရတဲ့ အတွေးအခေါ် နဲကြရတဲ့ ပေစုတ်စုတ် တစ်ချို့တစ်လေအတွက် ကျုပ်တို့ မြန်မာတစ်မျိုးသားလုံးက ဥပဒေကြီးထုတ်ပြီး ကာကွယ်ပေးနေရအုံးမှာလား ။ ဒီလောက်ပဲ ကျုပ်တို့ တစ်မျိုးသားလုံးမှာ သောက်လုပ် သောက်ကိုင် မရှိတော့ဘူးလား။ အားအား ယားယား ဖြစ်နေကြသလား ။ လုပ်မယ်ဆိုလည်း ကျူရှင်အပြန် ညမှောင်မှောင် ငှက်ပျောတောထဲ လိုက်သွားတဲ့ မိန်းမလေးတွေ အတွက်မှ မဟုတ်ပဲ .. မိဘကို လုပ်ကျွေးဖို့အတွက် တရုပ်ပြည်ဖက် အလုပ်သွားလုပ်ရင်း .. ဘဝပျက် သွားရတဲ့ မိန်းခလေးတွေ .. ယိုးဒယားဖက်မှာ လူမှောင်ခိုကူး ခံလိုက်ရတဲ့ မိန်းခလေးတွေ .. ပြည်တွင်းမှာကိုပဲ တရုပ်ရဲ့ အငယ်အနှောင်းအဖြစ် မတရား သိမ်းပိုက်ခံ နေရတဲ့ မန္တလေးမြို့ကို လျှော်ဖွတ်ပြစ်ဖို့တွေ .. မလေးရှားမှာ မြန်မာအချင်းချင်းရဲ့ ပါးရိုက်နားရိုက်ခံ ဘဝရောက်နေကြရသူတွေ .. စတာတွေကိုပါ တစ်ပြိုင်နက်ထဲ လုပ်ပါလား ။ ဒါတွေ အတွက်ပါ မစိုးရိမ်တိုက်သစ် ဆရာတော်ဘုရားကြီး ဈာန်သမ္မာပါ့ဒ် ဝင်စားပြီး တရားဟောတော်မူပါလား .. ။ နားမလည်နိုင်တာချင်း အတူတူ အပြောင်းအလဲ အဖြစ် ဒါမျိုးတွေလည်း နာချင်ပါသေးတယ် ။

ကဲ .. တို့ပြည်သူတွေကရော .. အမျိုးသားရေး အတွက် လုပ်စရာ ကိုင်စရာတွေ ဒီလောက်ပဲ ရှားပါးနေသလား။ နိုင်ငံတော်ကြီးက ဒီလောက်ပဲ မိုးပျံနေအောင် အဖက်ဖက်က ပြည့်စုံကုန်လုံ ကမ္ဘာ့အလည် စံချိန်မှီနေလို့ ဒီလောက်အဆင့်အထိ ကိစ္စတွေကို ဆင်းပြီး အမျိုးသားရေး ခေါင်းစဉ်တပ်ကာ အုံးအုံးကြွက်ကြွက်နဲ့ သံဃာလူထု အတူစုလို့ ဆောင်ရွက်နေကြရတာလား။ မေးစမ်းပါရစေ ။ ကျူပ်ပြောပြမယ် ။ ဒီလို ငှက်ပျော်တောထဲ လိုက်သွားတဲ့ ကိစ္စမျိုးကတော့ နမူနာသာ ပေးထားလိုက်စမ်းပါ။ အဲလို မိုက်ရင် အဲလို ခံရမယ်မှတ် .. လို့ ။ မီးကို ကိုင်ရင် ပူမယ်။ ရေကို ထိရင် အေးမယ်။ အရာရာမှာ အားလုံးကို လွတ်လပ်စွာ ရွေးချယ်ခွင့်တွေ ပေးထားတာပဲ။ မီးကို မပူအောင် ၊ ရေကို မအေးအောင် .. လူတွေကို ရွေးချင်တာရွေး အားလုံး ဗဲရီးဂွတ်ကြီး ဖြစ်နေအောင် ကျုပ်တို့ ဘာမှ လိုက်အားထုတ်ပေးနေစရာ မလိုဘူး။ အားထုတ်ပေးလို့လည်း မရဘူး ။ အဲလို လုပ်နိုင်ရင်လည်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ၄၅ ဝါကာလပါတ်လုံး တရားဟောနေတော့မှာ မဟုတ်ဘူး။ “အရက်သောက်တဲ့လူကို လျှာဖြတ်” .. “မုသာဝါဒ ပြောတဲ့လူ ဆဲတဲ့လူကို သွားနှုတ်” .. “သူများအိမ်ထောင် ဖောက်ပြားရင် .. ယောင်္ကျားဆို အဝှာကို ငရုပ်ကျဉ်ပွေ့နဲ့ ထု .. မိန်းမဆို ထောင်း ” အစရှိတဲ့ ငရဲမရောက်ကြောင်း ဥပဒေတွေ .. အားလုံးကို အကာအကွယ်ပေးတဲ့ ဥပဒေတွေကို အဲဒီခေတ် အာဏာပိုင်တွေနဲ့ ပေါင်းပြီး ရေးဆွဲပြဌါန်းတော် မူမှာပေါ့ ။ မြတ်စွာဘုရားဟာ ကံကံ၏ အကျိုးကိုပဲ ရှင်းပြတယ် ။ လွတ်မြောက်နိုင်မယ့် လမ်းတွေ (way) ကို ညွှန်ပြတယ် ။ ရွေးချယ်ခွင့်ကိုလည်း ပေးထားတယ်။ ကြိုက်တာကို ရွေး.. မှားရင် ခံ ။ ဒါကြောင့် မြတ်စွာဘုရားရဲ့ သမိုင်းမှာ ငရဲပြည်ကြွပြီး ကျွတ်အောင်လွတ်အောင် တရားသွားဟောတယ်ဆိုတာ မရှိခဲ့တာပါ။

ညီအကိုတို့ .. ကျုပ်တို့မှာ လုပ်စရာတွေ အများကြီးရယ် .. ငှက်ပျောတောထဲ ဝင်သွားပြီး မှားပါတယ် ပြောသူတိုင်းကို ကယ်ထုတ်တာထက် .. အဲဒီ ငှက်ပျောတောကြီးက ဘာဆိုတာကို သေချာရှင်းပြဖို့ လိုမယ်ထင်ပါတယ်။ ငှက်ပျောတောထဲ ဝင်ချင်ရင် ဝင်ကြ .. ဝင်သွားပြီး အမှားအယွင်း ဖြစ်လည်း ကိုယ့်အမျိုးမို့ အကာအကွယ် ပေးမယ်။ အကာအကွယ်ဖြစ်စေမယ် ဆိုတဲ့ ဥပဒေကို ပြဌါန်းရင် .. ရှေ့လျှောက် ငှက်ပျောတောထဲ ဝင်တဲ့သူတွေ ပိုတောင် များလာအုံးမှာဖြစ်တယ်။ ဟီဟီ ဟီဟီနဲ့ ပိုတောင် အရသာတွေ့ပြီး ပျော်နေကြအုံးမှာပါ။ လုပ်ရမှာက စိတ်ဓါတ်တွေကို မြှင့်ပေးဖို့ ။ ငှက်ပျောတောထဲ ဝင်ချင်စိတ်ကို မရှိတော့အောင် .. ငှက်ပျောတောရဲ့ ရုပ်ထွေးမှုကို မြင်လာအောင် .. အဲဒီကမှ တစ်ဆင့် အဲဒီ ငှက်ပျောတောကြီး အပေါ် ဘာခံစားချက်မှ မရှိတော့အောင် လုပ်ရမှာပါ။ တစ်ချို့က ငှက်ပျောတောကို ရှင်းပြစ်မယ် .. တဲ့ ။ စိတ်ဓါတ်တွေကို မပြင်ပေးလို့ကတော့ ငှက်ပျောတော မရှိတော့လည်း သရက်တောထဲတို့ .. ကင်မွန်းခြုံထဲတို့ .. သွားကြမှာပါပဲ ။ မထူးပါဘူး ။ ဒါကြောင့် အဓိကကျတာကို အရင်လုပ်ပါ။ အဓိကကျတာတွေ အရှေ့မှာ တန်းစီးနေတာပဲ ။ အဲဒါတွေ အရင်လုပ်ကြပါ။ မီးကို ရွေးရင် ပူမယ် .. ရေကို ရွေးရင် အေးမယ် ။ ရွေးချယ်ခွင့်ကတော့ အားလုံးကို ပေးထားရမှာပဲ ဖြစ်တယ်။ ဒါပါပဲ ။

No comments: