Tuesday, July 8, 2014

အတွေးများကို ဧည့်ခံခြင်း

ရေးသားသူ — ခန့်နေသူတိုး



ညက ကျနော် အိမ်မက်မက်သည်။ လူတွေလည်း သိတော့သိနေပါပြီ .. စာတစ်ပုဒ်ကို ယခုလိုမျိုး “ညက ကျနော် အိမ်မက်မက်သည်” .. ဟု စလိုက်ပြီးလျှင်တော့ ရေးချင်တာရေးဖို့ လိုင်စင်ရသွားပြီ ဆိုသည်ကို ။ ဒါပေသိ လူဆို သည်မှာ ရေးချင်ရာရေး ၊ ပြောချင်ရာပြောပြီးလျှင်တော့ ကိုယ်ရေးခဲ့သမျှ ကိုယ်ပြောခဲ့သမျှ အပေါ် တာဝန်တော့ ယူနိုင်ရမည်ပေါ့ ။

ဟုတ်ပါသည် .. ညက ကျနော် အိမ်မက်မက်သည်။ အိမ်မက်ထဲတွင် မတွေ့ရသည်မှာ ကြာပြီဖြစ်သော ဆရာကြီး တော်လ်စတွိုင်းနှင့် ပြန်ဆုံဖြစ်ကြသည်။ နှစ်ယောက်သား လမ်းအတူလျှောက်ရင်း .. တောင်တွေကျော် တောတွေဖြတ် လွင်ပြင်တွေကိုကူးကာ ဟိုရောက် ဒီရောက် ၊ စကားတွေ ပြောကြရင်း .. နောက်ဆုံးတွင် ဆရာကြီးမှ အတွေးနှင့် ပါတ်သက်သော စကားတစ်ခွန်းကို ကျနော့်အား လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီး နှုတ်ဆက်ထွက်ခွာသွားသည်။

“အတွေးဟာ ဧည့်သည်နဲ့ တူတယ်ကွယ့် လူလေးရဲ့ .. အဦးဆုံး အခေါက်ကတော့ ဘာမျှော်လင့်ချက်မှ သိပ်မထားပဲ လူတွေဆီ ဒီလိုပဲ လာလည်တယ် ဆိုပေမယ့် .. သူ့ကို အိမ်ရှင်က ဘယ်လို ဧည့်ဝတ်ပြု ကြိုဆိုနေရာပေးသလဲ ဆိုတဲ့အပေါ် မူတည်ပြီး အဲဒီအိမ်ကို နောက်ထပ် မကြာမကြာ ထပ်လာသင့်သလားဆိုတာကို ဆုံးဖြတ်ကြတယ်” (Lev Nikolaevich Tolstoi 1828~1910)

ကျနော်ကတော့ ကျနော့်ထံ လာလည်တတ်သော အတွေးများကို ကောင်းမွန်စွာ ဧည့်ခံလေ့ရှိတတ်ပါသည်။ ဒါကြောင့် ပင်ထင်သည် .. အတွေးများကလည်း ကျနော့်ဆီမှာ ပျော်တတ်ကြသည်။ တစ်ခါတစ်ခါဆိုလျှင် တစ်လကိုးသီတင်း မပြန်ပဲကို နေတတ်ကြတယ် ။ ယနေ့ မနက်တောင် အိပ်ယာက နိုးတော့ “ငါ ထီများပေါက်ရင်” ဆိုသည့်အတွေး ကျနော့်ဆီ လာလည်သွားခဲ့သေးသည်။ ဒါကြောင့် ထိုအတွေးကို နေရာထိုင်ခင်းပေး ဧည့်ခံဖို့ ပြင်ရတော့သည်။ ကျနော် ထီပေါက်လျှင် ပြိုင်ပွဲတစ်ခုလုပ်မည် ။ ခေါင်းစဉ်ကို “ဆရာကြီး သခင်ကိုယ်တော်နေသူ၏ စွဲဆောင်မှုရှိသော အရာများ အကြောင်း” ဟု ပေးမည်။ လူမျိုးမရွေး ဘာသာမရွေး ဝင်ပြိုင်နိုင်အောင် ခွင့်ပေးထားမည် ။ ဒါဆို တစ်ချက်ခုတ် နှစ်ချက်ပြတ် ကမ္ဘာကလည်း လေးစားလာမည်။ ပြိုင်ပွဲဝင်များအတွက် ကျနော်၏ စွဲဆောင်မှုရှိသော အရာများအကြောင်း ပြောဆိုပြိုင်ကြရာဝယ် မှီငြမ်းစရာ အချက်တစ်ခုလည်း တိုးလာနိုင်မည်။ ပထမဆုကို ဒေါ်လာ တစ်သောင်းသတ်မှတ်မည်။ နဲသလား .. နဲလျှင် တစ်သိန်းပေးမည် ။ ဘာဖြစ်သတုန်း .. ပင်ပင်ပန်းပန်း အလုပ်မလုပ် ရပဲ ထီပေါက်ထားတဲ့ ပိုက်ဆံပဲ။ ဘာနှမြော စရာရှိသတုန်း။ ဒီလိုနှင့် အလည်လာသည့် ထိုအတွေးကို ပြိုင်ပွဲလုပ်ပေး မည်ဟု့ ဧည့်ခံလိုက်ရာ “ငါ ထီများပေါက်ရင်” ဆိုသည့် အတွေးလေး ပျော်သွားသည်။ ဒီလိုနှင့် ပြိုင်ပွဲစတင်လေ တော့သည်။ လူဖြူတွေလည်းပါသည် .. လူမဲတွေလည်းပါသည် .. လူဝါတွေလည်းပါသည်။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ကျနော့်ထံတွင် ရှိသော စွဲဆောင်မှုများကို သေချာသိနားလည်၍ ဝင်ပြိုင်ကြသူများလည်း ရှိသလို ၊ ဆုကြေးငွေ ဒေါ်လာတစ်သိန်းကို လိုချင်၍ ဝင်ရောက် ယှဉ်ပြိုင်ကြသူများလည်း ရှိသည်။ ပြိုင်ပွဲကား .. အကြိတ်အနယ် ရှိလှသည်။ ပြိုင်ပွဲဝင်သူ များလွန်းခြင်းနှင့် အချိန် မလောက်ငခြင်းတို့ကြောင့် ပါတ်လည်စနစ် မဟုတ်ပဲ ရှုံးထွက်စနစ်ဖြင့်သာ ကျင်းပနိုင်သည်။

ပြိုင်ပွဲတွင် အားလုံးသော ပြိုင်ပွဲဝင်များမှာ တစ်ဦးနှင့်တစ်ဦး စကားလုံး ရွေးချယ်မှုနှင့် လေယူလေသိမ်းများသာ ကွဲပြားကြသော်လည်း အဓိပ္ပါယ်အားဖြင့်မူ ဆင်တူရိုးမှားများသာ ဖြစ်ကြသည်။

၁။ ဆရာကြီး၌ ကြီးမားကြံ့ခိုင်သည့် ကိုယ်ခန္ဓာဆိုင်ရာ စွဲဆောင်မှုရှိသည်။
၂။ ဘာသာစကား ၆ မျိုးလောက်ကို ကောင်းစွာပြောနိုင်သည့် အစွမ်းရှိသည်။
၃။ တောက်ပပြီး စူးရှတဲ့ မျက်ဝန်းများဖြင့် တစ်ဖက်သားကို ညှို့ယူနိုင်သည်။
၎။ ကဗျာလင်္ကာ ရတု ရကန် အဲချင်းများကို လက်တန်း စပ်ဆိုနိုင်သည့် အစွမ်းရှိသည်။
၅။ အမည် ကြားရုံမျှဖြင့် ဦးညွှတ် လေးစားမိသွားသည်။
၆။ လောကဓံ တရားကို ကျော်ဖြတ်လာနိုင်သည့် ခြေသလုံး နှစ်ချောင်းက စွဲဆောင်မှုအပြည့် ရှိသည်။

အစရှိသဖြင့် … ပြိုင်ပွဲဝင်တို့၏ စကားလုံးများကို နားထောင်ရင်း .. ကျနော့် ရင်ထဲတွင် တစ်လှပ်လှပ်နှင့် ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်ကာ ပျော်နေမိတယ် ။ “ငါ့ကိုယ်ငါတောင် သတိမထားမိတာတွေ .. သူတို့ ဘယ်လိုများ သိနေကြပါလိမ့် .. ဟိဟိ .. ဟိဟိ” ဟု့ တိတ်တခိုး ရေရွတ်ကာ ဘဝင်က ရင်ကိုလာဟပ်လေတော့သည်။ ထို့သို့ ဘဝင်လေဟပ်နေစဉ် ..“ပြိုင်ပွဲဝင်များသည် အချက် ၆ ချက်အတွင်းမှ ကျော်လွန်မြောက်ကာ ဆွေးနွေးတင်ပြနိုင်ခြင်း မရှိသေး” ဟူသော ဒိုင်လူကြီးများ၏ အားမလိုအားမရ စုတ်တသပ်သပ် အသံများကို ထပ်ဆင့်ကြားသိရာတွင်မတော့ ပျော်ရာမှ ပျော့ကာ ဂွမ်းဆီထိသကဲ့သို့ ကြည်ပြီး နူးလာမိတော့သည်။ ထိုစဉ်အခိုက် ကျနော့်ထံ မကြာခဏ လာနေကျ “သတိ” တည်းဟူသော ဧည့်သည်တော်ကြီးက .. ကျေးလက်ဒေသနေ “ကျနော့်ဘကြီး အကြောင်း” တည်းဟူသော အတွေးကို ပုခုံးဖက်ကာ ကျနော့်ထံ ဧည့်သည်အဖြစ် ထံမံဝင်ရောက်လာလေတော့သည်။

တစ်ခုသော နှစ်သစ်ကူး ရက်ထူးသင်္ကြန်တွင် ကျနော့် ဘကြီး ရဟန်းခံသည်။ ပုဇင်းတက်သည်။ ဆွမ်းကွမ်း ကိစ္စများအတွက် ကျနော့် အမဝမ်းကွဲ (ဘကြီး၏ သမီးများ) ကွမ်းတောင်ကိုင်များက ဘုန်းကြီးကျောင်းတွင် သွားရောက် တာဝန်ယူ ဆောင်ရွက်ကြသည်။ ကုသိုလ်ရေးမို့ မြန်မာမလေးများ လက်မနှေးကြ။ မြန်မာမလေးများ ကုသိုလ်အရေး လက်မနှေးသကဲ့သို့ ရွာထဲမှ ငပေ ၊ ငတေ ၊ ကြက်သမား .. ထန်းရည်သမား သာလှတို့ .. မောင်ထွန်းတို့ .. ဖိုးအေးတို့ကလည်း အမျိုးကို စောင့်ရှောက်ဖို့အရေး နောက်မကျကြချေ။ ရဟန်းဝတ် ကျနော့် ဘကြီးထံ နေ့စဉ်သွားကာ တရားတောင်းကြသည်။ ခြေဆုတ်လက်နယ် ပြုကြသည်။ ဘကြီးဘုန်းကြီးမှာမူ သူ့ကို ဖားလို့ဖားမှန်း မသိ။ ရုတ်တရက် လိုင်းကူး ပြောင်းလဲလာသူများအပေါ် သံသယ စိုးစဉ်းမျှ မဖြစ်။ သူ၏ ဘုန်းကံကြောင့် လူမိုက်များ လိမ္မာယဉ်ကျေးလာကြသည်ဟု သာ ဘဝင်ဖြင့် အထင်ရောက်နေသည်။ သာလှတို့ အုပ်စုက ၄င်းတို့အား ဘကြီးဘုန်းကြီးမှ ခေါင်းကို လက်ဖြင့်ပုတ်ပေးလိုက်သဖြင့် အဆိုပါနေ့ မြွေကိုက်ခံရမည့် ဘေးမှ လွတ်သွားသည်ဟု ရွာထဲတွင် သတင်းလွှင့်သည်။ ရွာသားများ တဖွဲဖွဲဖြင့် ထန်းလျှက်ခဲကို ပုရွက်ဆိတ်အုံသကဲ့သို့ ဘကြီးဘုန်းကြီးထံ ခေါင်းအပုတ်ခံရန် လာကြသည်။ ရွာစားကျော် စိန်ဗိုလ်တင့် ပတ်လုံးတီးသကဲ့သို့ ဘကြီးဘုန်းကြီး လာသမျှ လူတွေခေါင်းကို ပုတ်ပေးနေရသည်။ သို့သော် ပင်ပန်းသည်မထင် .. ဘကြီးဘုန်းကြီး ပျော်နေသည်။ ဆွမ်းခံထွက်ချိန် လမ်းမှာဆုံလျှင် ဟိုးအဝေးမှ ကြေးစည်ထုသံ ကြားရရုံမျှဖြင့် ၊ ဘကြီးဘုန်းကြီး အရိပ်အရောင်ကို လှမ်းမြင်ရုံမျှဖြင့် သာလှတို့အဖွဲ့ မြေပြင်အထက် ဖုတ်တောခဲတောထဲတွင် “ဦးတင်ပါတယ်ဘုရား” ဟု သံပြိုင် ရွတ်ဆိုကာ ဖင်ဘူးတောင်းများကိုလည်း ပြိုင်တူ ထောင်ထားလိုက်ကြတော့သည် ။ ပုဇင်းတက်သက် ၁၀ရက်ခန့် အတွင်းမှာပင် ဘကြီးဘုန်းကြီး ဘုန်းတွေအရမ်းကြီးသလို ခံစားနေရပြီ။ ကျနော့် အမများမှာလည်း မျက်နှာတွေ ပွင့်နေကြသည်။ သာလှတို့ကိုလည်း ကျေးဇူးတင်မိသွားသည်။ အရင်က မျက်နှာကျောမတည့်ခဲ့သမျှ ယခုတော့ ပြည်ဖုံးကားချကာ မောင်နှမရင်းပမာ ချစ်ကြည်ဖြာကြသည်။ တစ်ရွာလုံးကလည်း ကျနော့် အမများအား .. လုံမ .. လုံမ နှင့် ပါးစပ်က မချ ။ ကျောင်းထိုင်ဘုန်းတော်ကြီးပင် ကျနော့်ဘကြီး ဘုန်းကြီးတာကို အလန့်တကြားတွေ ဖြစ်တော်မူရင်း ဆွမ်းဘုန်းပေးစဉ် လက်ထဲမှ ဇွန်းမကြာခဏ ပြုတ်ကျတော်မူရသည်။

နောက်တော့ မိုးလေး တစ်ပြိုက်နှစ်ပြိုက်ကျကာ လယ်တွေပြန်စဖို့ ပျိုးကျဲရာသီရောက်တော့ ဘကြီးဘုန်းကြီး ကျနော့် ဂျီးတော်ကြီး အမိန့်ဖြင့် မထွက်ချင်ထွက်ချင်ဖြင့် လူပြန်ထွက်လိုက်ရသည် ။ လူထွက်ပြီး သိပ်မကြာ ကျနော့်အမ ကွမ်းတောင်ကိုင်တွေလည်း လင်တွေရကုန်တော့သည်။ ဘယ်သူတွေနဲ့ ရသနည်း .. ဘယ်သူတွေ ရှိရမလဲ သာလှတို့ မောင်ထွန်းတို့ ဖိုးအေးတို့နှင့် ဖြစ်သည်။ အိမ်ထောင် အသီးသီးကျကြပြီးနောက် အိမ်ပိုင်ယာပိုင် မရှိကြသော သားမက်တစ်စု ဘကြီးအိမ်ပေါ် ရောက်လာကြသည်။ ကြက်ပြန်တိုက်သည် ၊ ထန်းရည်ပြန်သောက်သည်။ လိုချင်တာ ရသွားကြတော့ ဘကြီးကို ရှိသည်ဟု ပင် မထင်ကြတော့။ တစ်ခါတစ်ရံ ဘကြီးတစ်ယောက် နွားလှည်းမောင်းရင်း ဝင်းတိုင်ကို နဲနဲ တက်ချိတ်သွားမိလျှင် “ဟာ .. ဒီလူကြီးကလည်းဟေ .. မှုန်ဝါးဝါးနဲ့ လုပ်ချလိုက်ပြန်ပြီဟေ .. တပ်တိုင်ကို အလကားရတယ်များ ထင်နေသလားဟေ” ဟု မြည်တွန်တောက်တီး ဟိန်းဟောက်တတ်ပါသေးသည်။ အဲဒီကတည်းက ဘကြီးသည် သူ့အပေါ် မြှောက်ပင့်တတ်သည့် လူများအား အယုံအကြည်မရှိတော့။ ကျနော် ထင်သည် ဘကြီး၏ မျက်စိထဲ၌ ဟိုးတစ်ချိန်က ဆွမ်းခံကြွချိန် မြေပြင်ထက်ဝယ် သူ့အား ပြားပြားဝပ်ကာ ဖင်ဘူးတောင်းထောင် ဦးချခဲ့ကြသည့် သူ့သားမက်များ၏ ပုံရိပ်များကို ပြန်လည်မြင်ယောင်နေချေမည်.. ဟု့ ။

ဒီလိုနှင့် ကျနော်လည်း ပြိုင်ပွဲလုပ်မည့် အစီအစဉ်ကို စိတ်ကူးထဲမှာပင် ပြန်လည်ဖျက်သိမ်းလိုက်ရပါတော့သည်။ အတွေးများကတော့ ကျနော့်အိမ်အတွင်းဝယ် .. ပျော်ရွှင်ကြည်နူးစွာ တည်းခိုနေကြဆဲဖြစ်၏။

No comments: