Friday, October 31, 2014

“ လူသတ်လိုင်စင် ”

ရေးသားသူ — မင်းကောင်းချစ်


အလွတ်သတင်းထောက်ကိုပါကြီး(ခ)ကိုအောင်နိုင်ကို မြန်မာစစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သတင်းဟာ…မြန်မာပြည်သူပြည်သားတွေအတွက် ကျယ်လောင်တဲ့အချက်ပေး ခေါင်းလောင်းသံ နောက်တခုပါ။ ကိုပါကြီးဘဲဖြစ်ဖြစ် ဘယ်သူဘဲဖြစ်..မြန်မာနိုင်ငံသားယောက် အခုလို ကြက်ကလေး ငှက်ကလေးလို..လွယ်လင့်တကူ ဥပဒေမဲ့သတ်ဖြတ်တာခံရတယ်ဆိုတာ..ဘာကိုညွှန်ပြနေပါသလဲ။

ရှင်းရှင်းလေးပါ တရားဥပဒေစိုးမိုးမှု့လုံးဝမရှိဘူးဆိုတာပါဘဲ။ ဥပဒေအထက်မှာ..စစ်တပ်နဲ့ အာဏာပိုင် အသိုင်းအ၀ိုင်းတွေကျကျနနထိုင်နေတယ်ဆိုတာ..လယ်ပြင်မှာဆင်သွားသလိုထင်ရှားလွန်းပါတယ်။ လက်ရှိဦးသိန်းစိန်အစိုးရနဲ့ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ..အဲ့ဒီ လူသတ်လိုင်စင်ကို…စစ်တပ် ရဲ စွမ်းအားရှင် စတဲ့ အာဏာပါးကွက်သားအဖွဲ့ အစည်းတွေကိုပေးအပ်ထားတာပါ။ နိုင်ငံရဲ့အိမ်ဦးခန်းမှာ သူခိုးဂျပိုး လူသတ်ကောင်တွေကို လုပ်ခြင်သလိုလုပ်ပိုင်ခွင့်ပေးထားတာပါ။

ဒါဟာ စစ်အာဏာရှင်စနစ်ရဲ့ လူကိုခွေးကိုက်အသတ်ခံရတဲ့အမှု့တွေထဲက နောက်ထပ်အမှု့ကြီးတခုပါ။ တကယ်တော့ ကိုပါကြီးလို မြန်မာနိုင်ငံသားတယောက် ရက်ရက်စက်စက် တရားလက်လွတ် ဥပဒေမဲ့ အသတ်ခံရတယ်ဆိုတာ…အခုမှမဟုတ်ပါဘူး။ စစ်အာရှင်သမိုင်းခေတ်အဆက်ဆက်ကနေ ဒီနေ့ အချိန်ထိပါဘဲ။ အစုလိုက်အပြုံလိုက်အသတ်ခံရတာ…တဦးချင်းသတ်ဖြတ်ခံရတာ…လူသိရှင်ကြားသတ်ခံရတာ…လူမသိသူမသိ အသတ်ခံရတဲ့ အဖြစ်အပျက်တွေ.. စာရင်းပြုစုမယ်ဆိုရင်.. ထိတ်လန့် တုန်လှုပ်စရာ အရေအတွက်ရောက်နေပါပြီ။ ဒါကြောင့်လည်း… တိုင်းရင်းသားအဖွဲ့ စည်းတချို့ရဲ့ ကုလသမဂ္ဂကိုတင်တဲ့ အထောက်အထားတွေပါတဲ့ အစီရင်ခံစာတွေမှာ..လူမျိုးတုံးသတ်ဖြတ်မှု့ ( Genocide) ထိ စနစ်တကျ ကျူးလွန်နေ တယ်လို့ မြန်မာစစ်တပ် ကို စွတ်စွဲထားတာပါ။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု့တွေထဲက ထင်ရှားတဲ့ အဖြစ်အပျက်တွေကတော့ ၁၉၆၂ခုနှစ်၊ ဇူလှိုင်(၇)ရက်နေ့ ရန်ကုန် တက္ကသိုလ်မှာဖြစ်ပွားခဲ့တဲ့ ဆဲဗင်းဂျူလှိုင်လူသတ်ပွဲ၊ ၁၉၇၄ ခုနှစ် မေလမှာ စတင်ဖြစ်ပွားခဲ့တဲ့ အလုပ်သမားသပိတ် ၊ ၁၉၇၄ နှစ်ကုန်ပိုင်းမှာ ဦးသန့်အရေးအခင်း၊ ၁၉၇၅ မှာ အလုပ်သမားလှုပ်ရှားမှုနဲ့ ၁၉၇၆ မှာဖြစ်ပွားခဲ့တဲ့ မှိုင်းရာပြည့်လှုပ်ရှားမှုတွေမှာ ကျောင်းသားနဲ့  မိဘလုပ်သားပြည်သူတွေကို အင်အားသုံးဖြိုခွင်း သတ်ဖြတ်မှု့၊ ၁၉၈၇ ခုနှစ် ငွေစက္ကူ အရေးအခင်း၊ ၁၉၈၈ မတ်လ (၁၃),(၁၆) ရက် စက်မှု့တက္ကသိုလ်ကျောင်းသားအရေးအခင်းနှင့် အင်းယားကန်ဘောင်ဘေး တံတားနီကျောင်းသားလှုပ်ရှားမှု့ နှိမ်နှင်းလူသတ်ပွဲ၊ ၁၉၈၈ ဇွန်လ မြေနီကုန်း အရေးအခင်းနှိမ်နှင်းလူသတ်ပွဲ၊ စစ်ကိုင်းလူသတ်ပွဲ ၊ ၁၉၈၈ခုနှစ် သြဂတ်စ် (၈) ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ကိုဖြိုခွင်းခဲ့တဲ့ စက်တင်ဘာအာဏာသိမ်းလူသတ်ပွဲများ၊ ၂၀၀၃ခုနှစ် ဒီပဲရင်းလူသတ်ပွဲ၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဖြိုခွင်းသတ်ဖြတ်မှု့တွေဟာ… မြန်မာနိုင်ငံရဲ့သမိုင်းမှာ ရုပ်ဆိုးအကျဉ်းတန်စွာ ကမ္ဗည်းထိုးခဲ့တာပါ။

လူထုအုံကြွမှု့နှိမ်နင်းပွဲတွေ၊ စစ်ထောက်လှမ်းရေး၊ အချုပ်ထောင်၊ စစ်ကြောရေးနဲ့ ညှင်းပမ်းနှိပ်စက်ရေး စခန်းတွေမှာ.. တဦးချင်းရက်ရက်စက်စက် ညှင်းပမ်းနှိပ်စက် ပစ်ခပ်သတ်ဖြတ် ကြိုးပေးသတ်ခံရသူတွေ အမြောင်အများရှိတဲ့အထဲ ထင်ရှားသူတွေကို ရေးရရင် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၊ ကိုဖုန်းမော်၊ ကိုစိုးနိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က ဦးမောင်ကို ၊ ဦးညိုဝင်း၊ စာရေးဆရာမောင်သော်က၊ တကသကျောင်းသား ခေါင်းဆောင် ကိုသက်အောင်၊ နိုင်ငံတော် ပုန်ကန်မှုနဲ့ ဗိုလ်ကြီးဟောင်း အုန်းကျော်မြင့် အခု ကိုပါကြီးတို့ ဖြစ်တယ်။

ABSDF ကပြန်လာတဲ့ ကိုပြာလောင်ကို စမ်းချောင်းမှာ ကြံ့ဖွံ့ အသိုင်းအ၀ိုင်းက ၀ိုင်းသတ်လိုက်တဲ့ လူမသိတသိအဖြစ်အပျက်မျိုးနဲ့ “ခဏလေးပါ ဗိုလ်ကြီးကမေးစရာရှိလို့ ပါ ” ဆိုပြီး ညအချိန်မတော် လာခေါ်ခံရပြီး အိမ်ပြန်မရောက်တော့တဲ့ မထင်ရှားတဲ့ နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေ..ဘယ်လောက် များအသတ်ခံခဲ့ရပြီလည်းဆိုတာ..လက်တွေ့ စာရင်းပြုစုတော့မှာ့သာသိနိုင်မှာပါ။

နိုင်ငံရေးနဲ့ မပတ်သက်ဘဲ ရိုးရိုးသာမာန်ပြည်သူပြည်သားတွေထဲမှာလည်း၊ အာဏာပိုင်တွေ၊ စစ်တပ် ရဲ စသုံးလုံး စတဲ့ အကျင့်ပျက် အဖွဲ့ အစည်းတွေရဲ့ နိုင့်ထက်စီးနင်း ဥပဒေမဲ့ မုဒိန်းကျင့် နှိပ်စက်သတ်ဖြတ်မှု့တွေ…ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေ၊ ရဲအချုပ်ထဲမှာ၊ ရဲကင်းတွေမှာ..လက်လွန်ခြေလွန်ဖြစ်တာတွေ၊ နှိပ်စက်တာမခံနိုင်လို့ ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ သတင်းတွေ..အမြဲတမ်းကြားနေခဲ့ရတယ်။

စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ်မှုလို လက်သည်မပေါ်သေးတဲ့ လူသတ်မှု့တွေ၊ အဲ့ဒီလို လူသတ်ပွဲတွေကို သွေးအေးအေးနဲ့ ကျူးလွန်ခဲ့တဲ့ လူသတ်သမားတွေဟာ ထိုက်တန်တဲ့အပြစ်တွေမကျခံရတဲ့အပြင် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး စီးပွားရေး လူမှု့ရေး နိုင်ငံရေး အိမ်ဦးခန်းတွေမှာ… ရာထူးစည်းစိမ်ဥစ္စာတွေနဲ့ ခုချိန်ထိဇိမ်ကျကြီးပွားနေတာပါ။

လူမဆန်တဲ့အပြစ်ကျူးလွန်သူတွေကို အရေးမယူဘဲ လွှတ်ပေးထားခြင်းနဲ့  အလိုတူအလိုပါအားပေး အားမြှောက်ပြုနေတာ၊ အကာအကွယ်ပေးနေတာ…ဦးသိန်းစိန်တို့ ရဲ့ အရပ်သားအမည်ခံ စစ်အစိုးရပါ။

ပြုပြင်ပြောင်းလဲရေးသမားတွေလို့ မြန်မာပြည်သူတချို့ ထင်ယောင်ထင်မှားဖြစ်နေတဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်း တို့ တဖွဲ့ လုံးဟာ တကယ်တော့ ပြည်သူ့ ဆန္ဒဖြစ်တဲ့ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ ရလာဒ်ကို..ဗြောင်ငြင်း ဆိုခဲ့ကြသူတွေပါ။ မဲလိမ်မဲညစ်တွေနဲ့ ပြိုင်ဘက်မပါတဲ့၂၀၁၀ ရွေးကောက်ပွဲနဲ့ လက်ရှိသမ္မတနေရာယူထားတဲ့ ဦးသိန်းစိန်ဟာ.. မြန်မာ့တပ်မတော်ကို လူသတ်လိုင်စင်အပ်နှင်းထားပေးတဲ့ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့ ကော်မရှင်ဥက္ကဌ အမျိုးသားညီလာခံသဘာပတိ တာဝန်ယူခဲ့သူပါ။

ဘုစုခရုပြစ်မူတွေကစလို့ ပဥ္စာနန္တိယကံကြီးတွေ လူသတ်မှု့တွေအထိ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မူကုဋေကုဋာနဲ့  မတရားသဖြင့်ရယူထားတဲ့သူတို့ ရဲ့စည်းစိမ်ဥစ္စာအာဏာနဲ့ ဘ၀တွေက ကာကွယ်စောင့်ရှောက်ဖို့  နိုင်ငံတော် အာဏာကို ရာသက်ပန်သိမ်းပိုက်ထားဖို့ရည်ရွယ်ချက်တွေနဲ့  ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ်ကို ၁၉၉၀ခုနစ်ကျော် ကစတင်ပြီးသူတို့ စိတ်ကြိုက်ရေးဆွဲခဲ့ကြတယ်။

အနှစ်(၂၀)နီးပါးကြာအောင် စိမ်ပြေနပြေ အချိန်ယူစိတ်ကြိုက်ရေးဆွဲပြီးတဲ့နောက် (၂၀၀၈)ခုနှစ်မှာ နာဂစ် မုန်တိုင်းနဲ့ အတူတို့ ပြည်သူတွေရဲ့အနာဂါတ်ကိုဖျက်ဆီးသိမ်းပိုက်ဖို့ အဲ့ဒီဖွဲ့ စည်ပုံအခြေခံဥပဒေကိုအကောက် ဥာဏ်တွေသုံးပြီး အများသဘောဆန္ဒအတုအယောင်တွေနဲ့ ဇွတ်အတည်ပြုခဲ့တာ ဘယ်သူမှငြင်းနိုင်လိမ့် မယ်မထင်ဘူး။

နိုင်ငံတော်အဆင့် ရာဇ၀ါတ်မှု့ကြီးတွေ ကျူးလွန်ခဲ့သူတွေ ခေတ်အဆက်ဆက် လူသတ်မှု့ ကျူးလွန်ခဲ့တဲ့ သူတွေသာမက အခုရော နှောင်ရော လူသတ်မှု့ ရာဇ၀တ်မှု့ မတရားမှု့ ကျူးလွန်မဲ့သူတွေကို စိတ်ချလက်ချ အကာအကွယ်ပေးဖို့ (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ ပုဒ်မ (၄၃) မှာ…မည်သည့် ပြစ်မှု့ဆိုင်ရာ ဥပဒေမှ နောက်ကြောင်းပြန်သက်စေရန် ပြဌာန်းခွင့်မရှိစေရ လို့ အတိအလင်းပါရှိပါတယ်။ ဒီပုဒ်မဟာ လူသတ်အားပေးပုဒ်မဖြစ်တယ်။ ငရဲခွေးကြီးတွေကို ဘေးမဲ့ပေးလွှတ်ထားတဲ့ပုဒ်မဖြစ်တယ်။ ရာဇ၀တ်သား တွေပုန်းကွယ်ကွန်းခိုရာ ပုဒ်မဆိုးကြီးတခုဖြစ်တယ်။

ဒါကြောင့် မြန်မာ့တပ်မတော်ကို လူသတ်လိုင်စင်အပ်နှင်းထားပေးတဲ့ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေကို ထိထိရောက်ရောက်မပြင်နိုင်သရွေ့ ကိုပါကြီးအသတ်ခံရသလို အရုပ်ဆိုးအကျဉ်းတန်တဲ့ အဖြစ်အပျက်တွေ ဆက်ဖြစ်နေအုံးမှာဘဲ။ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ (၄၃၆) နဲ့  ပုဒ်မ (၄၃) စတဲ့ ပုဒ်မဆိုးတွေ ကိုမပြင်ခြင်တဲ့သူတွေဟာ…လူသတ်သမား ( သို့ ) လူသတ်သမားအားပေး တွေဘဲဆိုတာ… မြန်မာပြည်သူတွေရှင်းလင်းကွဲပြားအောင် မီးမောင်းထိုးပြခြင်းနဲ့ ဒီဆောင်းပါးကို နိဂုံးချုပ်ပါရစေ။

No comments: