Sunday, November 9, 2014

ဓမ္မဒူတ (ကိုရီးယား) စုပေါင်းမဟာဘုံကထိန် အလှူတော် ရေစက်ချ မင်္ဂလာ ဖိတ်ကြားစာ

တောင်ကိုရီးယားနိုင်ငံ၊ အင်ချောန်းမြို့တော် ဘူးဖြောင်းမြို့ရှိ ဓမ္မဒူတကျောင်းတော် (ကိုရီးယား) အဋ္ဌမအကြိမ် စုပေါင်း မဟာဘုံကထိန်အလှူတော် လျာသင်္ကန်းကြီးကို နိုဝင်္ဘာလ ၁ ရက်နေ့က လှူဒါန်းခဲ့ကြပြီး ၊ ကထိန်အာနိသင်ရ ဆရာတော် သံဃာတော် အရှင်သူမြတ်များကလည်း အလှူတော်ကိုလက်ခံတော်မူ၍ ကထိန်ခင်းခြင်းအမှုကိုလည်း ဝိနည်းတော်နှင့်အညီ ဆောင်ရွက်တော်မူခဲ့ကြပြီးဖြစ်ပါသည် ။ မဟာဘုံကထိန် အခြံအရန် ပစ္စည်း ပစ္စယများ ထပ်ဆောင်းလှူဒါန်းခြင်းနှင့် မဟာဘုံကထိန်အလှူတော် ရေစက်ချမင်္ဂလာကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်ကုသိုလ်တော်ယူကြပါရန် လေးစားစွာဖိတ်မန္တကပြုအပ်ပါသည်-

နေရာ -
ဓမ္မဒူတ (ကိုရီးယား)

အလှူတော်နေ့ -
၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ( ၁၀ ) ရက်၊ ( ၁၆ . ၁၁. ၂၀၁၄ ) တနင်္ဂနွေနေ့။

အချိန်-
- နံနက် ( ၇း၀၀ )နာရီမှ နေ့လည် ၁ နာရီ ၃၀ မိနစ် ထိ

အလှူတော် အစီအစဉ် -
- နံနက် (၇း၀၀) အချိန် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပါမည် ။
- နံနက် ( ၁၁း၁၅ ) နာရီ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပါမည် ။
- နံနက် (၁၁း၂၀) နာရီ ဧည့်ပရိသတ်များအား အာဟာရဒါနဖြင့် ဧည့်ခံပါမည် ။
- နေ့လည် ( ၀၁း၃၀ ) နာရီ စုပေါင်း မဟာဘုံကထိန်အလှူတော် အနုမောဒနာ တရားနာကြားပါမည် ။

အာဟာရဒါန နှင့် အလှူရှင်-
အရုဏ်ဆွမ်း အလှူ ၊
- ရှမ်းရိုးရာ ထူးကဲရသာ မြီးရှည် (စစ်ကိုင်းလူငယ်များအလှူတော်)

နေ့ဆွမ်း အလှူ
- မြန်မာ့အကြိုက် ရသာစုံ ထမင်း ဟင်း (စိန်ပန်းပြာ မိသားစုအလှူတော်) ။

စုပေါင်းမဟာ ဘုံကထိန်အလှူတော်တွင် ပါရမီရှင်တို့ အာသီတရှိသည့်အတိုင်း ကထိန် အကျိုး အာနိသင်ရရှိစေမည့် အောက်ဖော်ပြပါ ကထိန် အခြံအရန် အလှူဒါနများကို ပါဝင်လှူဒါန်းနိုင်ကြပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်-
- ပရိက္ခရာအစုံ ဝမ် ၅၀,၀၀၀
- တိစီဝရိတ် ဝမ် ၃၀,၀၀၀
- သင်္ကန်းဒွိစုံ ဝမ် ၂၀,၀၀၀
- ထီး, ဘိနပ်, ယပ် ဝမ် ၅, ၀၀၀ စီ
- သပိတ် ဝမ် ၁၀,၀၀၀

ထို့ပြင် ကျောင်းတွင် သီတင်းသုံးတော်မူကြသည့် သံဃာတော်အရှင်သူမြတ်များ ၁-နှစ်ပတ်လုံး အဆင်ပြေစွာသီတင်းသုံးနိုင်ကြရန်အလို့ငှာ အောက်ဖော်ပြပါ ကထိန်အခြံအရန် အလှူတော်များကိုလည်း တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် လှူဒါန်းနိုင်ကြပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်-
- ၁- နှစ်စာ ရေအလှူ
- ၁-နှစ်စာ မီးအလှူ
- ၁-နှစ်စာ ဆွမ်းဆန်အလှူ
- ၁-နှစ်စာ ဆီအလှူ

ဗုဒ္ဓသာသနံ စီရံ တိဋ္ဌတု-

အကျိုးတော်ဆောင်အဖွဲ့ 
ဓမ္မဒူတ (ကိုရီးယား)
၂၀၁၄ ခုနှစ် နိုဝင်္ဘာလ ၉ ရက်

No comments: