Friday, May 15, 2015

သွားလေသူ ကိုအောင်ဝင်းကို အကြောင်းပြု၍ ဘာသင်ခန်းစာတွေယူကြမလဲ

သွားလေသူ ကိုအောင်ဝင်းကို အကြောင်းပြု၍ ဘာသင်ခန်းစာတွေယူကြမလဲ
မြန်မာအလုပ်သမားတစ်ယောက် ဆုံးပါးသွားပါပြီ ။ လာမည့် တနင်္ဂနွေမှာ သင်္ဂြိုဟ်ကြမှာပါ ။ ကျန်ခဲ့တဲ့ သူတွေအတွက် ဘာသင်ခန်းစာတွေများရနိုင်မလဲလို့ အတွေး လေကြမ်းတိုက် ကြည့်တာပါ ။
အချိန် = မေ ၉ စနေ ည ၁၀ နာရီ ၁၀ မိနစ် ခန့်
နေရာ = ကယောင်းကီဒို ၊ ဖိုချောန်းမြို့ ၊ ဖိုချောန်း အမှတ် ၁၁၆၀ လမ်း ၊ အမှတ် ၁၁၁ (ဂွန်နေးရွာ ၊ ဂျွာအွိရီ) လမ်းမပေါ်
ဖြစ်စဉ် (အကျဉ်း) = ဆိုင်ကယ် တိမ်းမှောက် ၊ ဒဏ်ရာရရှိရာ ၊ ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ၊ ဆေးဝါးကုသမှုခံယူနေစဉ် မေ ၁၂ နေ့လည် ၁၀ နာရီ ၃၀ တွင် ဦးဏှောက် အလုပ် မလုပ်သဖြင့် သေဆုံး

သူငယ်ချင်းတစ်စု ၊ အခြားသူငယ်ချင်းအခန်းမှာ ဂီတာတီးပြီး အပမ်းဖြေကြဖို့ စက်ရုံတစ်ရုံကနေပြီး ဆိုင်ကယ် ၂ စီးနှင့် ထွက်လာကြတာပါ ။ ၁စီး၂ ယောက်နှုန်း ၊ သွားလေသူက ဆိုင်ကယ်မောင်းပြီး အခြားတစ်ယောက် ကနောက်ကစီးတာပါ ။ ဆိုင်ကယ်ဦးထုပ်ဆောင်းထားပါတယ် ။ နောက်ပြီး သွားလေသူဟာ လမ်းမသိပါဘူး ၊ စီစီတီဗီအရ လမ်းမှားပြီး စက်ရုံကိုကျော်သွားတာ ရှိခဲ့လို့ ပါ ။ (သူငယ်ချင်း) စက်ရုံက ထွက်လျင်ထွက်ခြင်း နောက်က ဖြစ်ပေမယ့် မီတာ ၄၀၀ လောက်အရောက်မှာ ရှေ့က ဆိုင်ကယ်ကိုကျော်အတက် လမ်းကွေ့၊ ကုန်းဆင်းနေရာမှာ အရှိန်လွန်ပြီး လမ်းဘေးက ရေနှုတ်မြောင်း (အဖုံးရှိ) အပေါ် ကျွံ ၊ အထွက် ဘေးက ကွန်ကရစ်တုံးကို တိုက်ပြီး ဆိုင်ကယ်မှောက်သွားတာပါ ။ နောက်စီးတဲ့သူက ဒဏ်ရာ အနည်းအကျဉ်းသာရပေမယ့် ၊ သွား လေသူကတော့ အဲသည်ထဲက သတိမရတော့ပါဘူး ။

ကျန်ခဲ့တဲ့ သူငယ်ချင်းများက ၊ သည်လိုဖြစ်သွားတဲ့အကြောင်း ၊ စက်ရုံမှာ ကျန်ခဲ့တဲ့ မြန်မာသူငယ်ချင်းများကို အကြောင်းကြားကြပါတယ် ။ နောက် စက်ရုံမှူးဆီ ဖုန်းဆက်ပါတယ် ။ စက်ရုံမှူး ရောက်လာတော့ အခြေအနေကို ကြည့်ပြီး ၊ ၁၁၉ (အရေးပေါ်ကယ်ဆယ်ရေးကား) ခေါ်ပါတယ် ။ အရေးပေါ်ကယ်ဆယ်ရေးကားရောက်လာတော့ ၊ ဆေးရုံကြီး တစ်ခုဆီခေါ်သွားပါတယ် ။ အရေးပေါ်ခမ်းမှာ ထားပေးပါတယ် ။ ပြည့်စုံတဲ့ ခွဲစိတ်ကုသမှုလုပ်ဖို့ အကုန်အကျများရှိနိုင်တာမို့ ၊ သွားလေသူရဲ့ သူဌေးက ၊ လက်မှတ်မထိုး(တာဝန်မယူ)ပါဘူး ။ မြန်မာသံရုံးက တာဝန်ရှိသူလာဖို့ တောင်းဆိုချက်အရ ၊ တာဝန်ရှိသူက သွားပါတယ် ။ ဆေးရုံရောက်တော့ တနင်္လာနေ့ (မေ၁၁) နေ့လည် ၁၁နာရီလောက်ရှိနေပါပြီ ။ သွားလေသူရဲ့ သူဌေးနှင့် စကားပြောကြည့်ပါတယ် ။ သူအကြောင်းပြချက်က အလုပ်လုပ်ရင်းထိခိုက်တာမဟုတ်လို့ ၊ အာမခံကြေးမရနိုင်ဘူး ၊ သူ့မှာလည်း စိုက်ဖို့ ငွေမရှိဘူး ။ ပြန်ကောင်းလာလို့ အလုပ်ပြန်လုပ်နိုင်မယ်ဆိုရင် ၊ စိုက်ထားတာတွေ ပြန်ရနိုင်ပေမယ့် ၊ သူအလုပ် ပြန်မလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲတဲ့ ။ ဒါကြောင့် လက်မှတ်ထိုးမပေးတာပါ ။

သူ့ဗီဇာကြည့်လိုက်တော့ မေ ၂၈ ထိ ရှိပါတယ် ။
ဟာ သူဌေး သူ အလုပ်ခွင်ပြင်ပ ထိခိုက်မှုအာမခံ (ဆန်ဟဲဘိုဟောမ်) ရှိတယ်လေလို့ ဆိုတော့ ၊ အာမခံ ကြေးသွင်းမထားဘူးလို့ ဆိုတယ် ။ ဘာအာမံကြေးသွင်းမထားဘဲ ရှိမလဲ ၊ ကိုရီးယားရောက်ရောက်ချင်း အလုပ်သမားတိုင်းမထားမနေရ ထားရပါတယ် ။ သူအာမခံရှိတယ် ၊ ဆန်ဟဲ ဘိုဟောမ်လို့ခေါ်တယ်လို့ ၊ အလုပ်ခွင်ပြင်ပ ထိခိုက်မှုအတွက် အဲဒီအာမခံ ခံစားခွင့်ရှိပါတယ် လို့ ကျနော် ဖောကြည့်တော့ ၊ သူဌေးက ဟုတ်လား ၊ ဆရာဝန်ကို ပြောကြည့်မယ် ဆိုပြီး တာဝန်ခံ ဆရာဝန်ဆီသွားပါတယ် ။ ဆရာဝန်ကလည်း သူ ဆေးကုတာပဲ တတ်ပြီး ၊ အာမခံအကြောင်းမသိကြောင်း ၊ တာဝန်မှူး ရုံးခန်းသွားပြောဖို့ ၊ ညွှန်ကြားပါတယ် ။ တာဝန်မှူးရုံးခန်းရောက်တော့ ၊ တာဝန်မှူးကလည်း အာမခံနံပတ်ပြောဖို့ပြောပါတယ် ။ ဆမ်ဆောင်းမီးအာမခံဆီမေးကြည့်ပါလို့ ကျနော် ပြောတော့ ၊ သူဌေးကိုယ်တိုင်မေးပါတယ် ။ဆေးရုံတက်နေစဉ် ဆေးရုံစရိတ်တွေမရနိုင်ပေမယ့် ၊ ဆုံးပါးတာတို့ မသန်စွမ်းတာတို့ဖြစ်ရင် လျှောက်ထားနိုင်ပါကြောင်း တစ်ဖက်က ပြန်ပြောတာတွေ ကြားနေရပါတယ် ။

သည်တော့ သူဌေးမင်းက လေသံ နည်းနည်းပြောင်းသါားပါတယ် ။ ယနေ့ထိ ကျသင့်ငွေကို သူစိုက်ထားပေးမယ့်အကြောင်း နှင့် နောက်ပိုင်း ကျသင့်ငွေများကိုတော့ သံရုံးမှ တာဝန်ယူစေလိုကြောင်း ၊ သံရုံးအနေဖြင့်လည်း ဆင်းရဲသဖြင့် ဝန်ထမ်းတောင် တစ်ယောက်တည်းသာထားရှိနိုင်ကြောင်း ၊ ထို့ ကြောင့် ဘာညာဘာညာ ညှိနှိုင်းချက်အရ ၊ အခြား ဆေးရုံတစ်ခုသို့ ပြောင်းရွှေ့ပြီး ၊ ဆေးဝါးကုသမှုခံယူဖို့ သဘောတူလိုက်ကြပါတယ် ။

သွားလေသူဟာ ဆေးရုံတင်ဆေးဝါးကုသမှုခံယူနေစဉ် ၊ မေ ၁၂ အင်္ဂါနေ့ နေ့လည် ၁၀ နာရီ ၃၀ မိနစ် အချိန်မှာ ဘဝတစ်ပါးသို့ တရားဝင်ကူးပြောင်းသွားပါတော့တယ် ။

ဆေးရုံက ဘာပြုလို့ အလွယ်တကူ ဆေးဝါးကုသမပေးသလဲလို့ ၊ စောကြောမိပါတယ် ။ ရှေ့မီ နောက်မီ သူတွေရဲ့ ပြောပြချက်အရ ၊ အရင် ဖိုချောန်းဒေသက ဆေးရုံတွေဟာ အလွယ်တကူပဲ ဆေးရုံတက်တာကို လက်ခံပေးခဲ့ကြောင်း ၊ နောက် တစ်ဦးသော မြန်မာ လူနာ (ဆိုင်ကယ်မတော်တဆမှုပါပဲ) က အကြီးစားခွဲစိတ်မှုတွေခံယူပြီး ၊ ဒဏ်ရာတွေ သက်သာတော့ ဆေးရုံစရိတ်တွေ မရှင်းဘဲ ဆေးရုံက ဆင်းပြေးခဲ့တယ် လို့ဆိုပါတယ် ။အဲသည်နောက် မှာတော့ ခုလို ဖြစ်လာတယ်လို့ ဆိုပါတယ် ။

တာဝန်ခံရဲအရာရှိရဲ့ မှတ်ချက်နှင့် သဘောထားကတော့ ၊ သေဆုံးကြောင်းဆေးရုံက အကြောင်းကြားမှ သိရပါတယ် ။ အမှုကို ခက်ခက်ခဲခဲပြန်တည်ဆောက်ခဲ့ရပါတယ် ။ စီစီတီဗီမှတ်တမ်းတွေက အများကြီးအထောက်အကူဖြစ်ပါတယ် ။ လူစားထိုးထားသလား ၊ အမှန်တကယ်ပဲ ဆိုင်ကယ်မှောက်သလား ၊ ဆိုင်ကယ်အတိုက်ခံရတာ(သူတစ်ပါးကြောင့်သေတာ)ဟုတ်မဟုတ် အဓိကထားစစ်ပါတယ် ။ ဆိုင်ကယ်ဦးထုပ်ဆောင်းထားပေမယ့် ၊ မေးသိုင်းကြိုးစည်းမထားတာ အဓိပ္ပါယ် မရှိဘူး ။ ဖြစ်ဖြစ်ချင်း အရေးပေါ်ကယ်ဆယ်ရေးခေါ်ဖို့ လုပ်သင့်တယ် ။ လမ်းပန်းဆက်သွယ်ရေးအခြေအနေ အရ ဆိုင်ကယ်တွေစီးတာကိုတော့ ဘာမှမပြောလိုပါ ။ ဆိုင်ကယ်တွေလိုင်စင်မရှိဘူး ။ ဆိုင်ကယ်စီး လိုင်စင်မရှိဘူး ။ (ယာဉ်)မတော်တဆထိုခိုက်မှုအာမခံ မထားကြဘူး ။ ဖြစ်ဖြစ်ချင်း ကျနော်တို့မသိရတော့ ၊ ကျနော်တို့ ကူညီလို့ရတာတွေ မကူညီနိုင်ဘူး ။

ကျနော်ရဲ့ သဘောထားအမြင်ကတော့ -
- ဘာတွေဆက်ရေးရရင်ကောင်းမလဲလို့ တွေးနေဆဲပါဗျာ ။

အားလုံးကို လေးစားပါတယ် ။
ကိုဝိုင်း(မိုးညှင်း)
၂၀၁၅ မေ ၁၅

No comments: